Wednesday, December 25, 2013

အီဂျစ်ရဲဌာနချုပ်တွင် ကားဗုံးဖောက်ခွဲမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

Wednesday, 25 December 2013



ဒီဇင်ဘာ ၂၄ ရက်တွင် ကိုင်ရိုမြောက်ဘက် မန်ဆူရာမြို့၌ ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အပျက်အစီးများကို စစ်ဆေးနေသော အီဂျစ်အမျိုးသားများ (Photo:AFP)

အီဂျစ်ရဲဌာနချုပ် တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက်၌ အားပြင်းသော ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရာ ယင်းတိုက်ခိုက်မှုသည် ဒီမိုကရေစီစနစ် ကူးပြောင်းမှုကို လမ်းချော်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အီဂျစ်စစ်တပ်ကျောထောက် နောက်ခံပြု အစိုးရက ထုတ်ပြန်ခဲ့သည်။

မြို့တော်ကိုင်ရိုမြောက်ဘက် မန်ဆူရာမြို့တွင် ဖြစ်ပွားခဲ့သော ယင်းကားဗုံးဖောက်ခွဲမှုအပြီး နာရီပိုင်းအကြာတွင် ၀န်ကြီးချုပ် ဟာဇင်ဘီဘလာဝီက ပိတ်ပင်ထားသော မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ကို “အကြမ်းဖက် အဖွဲ့အစည်း” တစ်ခုအဖြစ် တံဆိပ်ကပ်ခဲ့သော်လည်း ယင်းကားဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး အဆိုပါအဖွဲ့ကို တိုက်ရိုက်စွပ်စွဲမှု မပြုလုပ်ခဲ့ပေ။ ဇူလိုင်လတွင် အစ္စလာမ္မစ် သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ရာထူးမှ ဖြုတ်ချပြီးနောက်ပိုင်း သေဆုံးထိခိုက်မှု အများဆုံးဖြစ်သော ယင်းတိုက်ခိုက်မှုကို မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ကလည်း ကန့်ကွက်ရှုတ်ချကြောင်း ကြေညာခဲ့သည်။

မော်စီ ဖြုတ်ချခံရမှုအပြီး ကျင်းပရန် စီစဉ်ထားသော အခြေခံဥပဒေသစ် လူထုဆန္ဒခံယူပွဲ မတိုင်မီ သီတင်းပတ်ခန့်သာ လိုတော့ချိန်တွင် ယခုကဲ့သို့ ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မန်ဆူရာမြို့တွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ နာရီဝန်းကျင်က အထပ်များစွာရှိ ရဲဌာနချုပ်တွင် ကားဗုံးခွဲမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဆေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဗုံးပေါက်ကွဲမှုမှာ အလွန်အားပြင်းသောကြောင့် ကီလိုမီတာ ၂၀ (၂၁ မိုင်) အကွာအထိ သက်ရောက်မှု ရှိခဲ့ကြောင်း၊ ပေါက်ကွဲရှိန်ကြောင့် အနီးရှိ ရဲကားတစ်စီးနှင့် အရပ်သားကား ၁၀ စီး ထက်မနည်း ပျက်စီးခဲ့ကာ အနီးရှိ အဆောက်အအုံ တစ်ခုမှာလည်း လုံးဝပြိုကျ ပျက်စီးသွားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံတစ်ဝန်း လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်နေသော အစ္စလာမ္မစ် စစ်သွေးကြွများနှင့် မွတ်စလင်ဘရားသားဟုဒ်သည် အချိတ်အဆက်ရှိကြောင်း အစိုးရရှေ့နေများနှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယခုတိုက်ခိုက်မှုအတွက် ဒေသခံများကလည်း မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ကို အပြစ်တင်ခဲ့ကြသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...