Wednesday, December 25, 2013

အစိုးရ၊ RCSS နှင့် UNODC တို့၏ သုံးပွင့်ဆိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်များ စာရွက်ပေါ်၌သာရှိပြီး လက်တွေ့အကောင်အထည် မပေါ်ကြောင်း RCSS က သုံးသပ်


 Wednesday, 25 December 2013


မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သုံးပွင့်ဆိုင် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီထားသည့် ဧရိယာပြမြေပုံ

အစိုးရ၊ RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ)နှင့် UNODC (ကုလသမဂ္ဂ မူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး)တို့၏ သုံးပွင့်ဆိုင် စံပြရှေ့ပြေး အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းနှင့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် သဘောတူညီချက်များသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့အကောင်အထည် မပေါ်ကြောင်း RCSS က ဒီဇင်ဘာ ၂၃ ရက် နေ့စွဲဖြင့် သုံးသပ်ချက်စာတမ်း ထုတ်ပြန်ပြီး ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း UNODC က ဒီဇင်ဘာ ၁၈ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ငါးရက်အကြာတွင် RCSS က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားသော်လည်း မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ စိုးရိမ်ဖွယ် အနေအထားအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံမှ ဘိန်းထွက်ရှိမှု အားလုံး၏ ရာခိုင်နှုန်း ၉၀ သည် ရှမ်းပြည်နယ်မှ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

RCSS ၏ သုံးသပ်ချက်စာတမ်းတွင် ဖော်ပြထားချက်အရ ၂၀၁၂ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်အတွင်းက အစိုးရ၊ RCSS နှင့် UNODC တို့သည် တာချီလိတ်မြို့၌ တွေ့ဆုံခဲ့ပြီး သဘောတူညီချက် ကိုးချက်အား ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသဘောတူညီချက် ကိုးချက်အနက် ပထမဆုံးအချက်မှာ ရှမ်းပြည်နယ် မိုးနဲနှင့် မိုင်းပန်မြို့နယ်တို့တွင် ခန့်မှန်းလေ့လာမှုများအား သုံးပွင့်ဆိုင် ပူးပေါင်းပြုလုပ်ရန် အချက်ဖြစ်သည်။ ထို့နောက် ရှေ့ပြေးအစားထိုး စီမံကိန်းနေရာများတွင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီအမံများကို နည်းပညာပံ့ပိုးမှုများ၊ ပညာပေးစည်းရုံးမှုများ၊ သတင်းဖလှယ်မှုများ ပြုလုပ်သွားရန် ကျန်ရှိသော အချက်များဖြင့် သဘောတူညီခဲ့ကြသည်။ ထို့အပြင် အစိုးရ၏ မူးယစ်ဗဟို (CCDAC) နှင့် UNODC တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် RCSS မှ ဗိုလ်မှူးကြီးဝမ်းဆိုင်းကို တောင်ကြီးဆက်ဆံရေးရုံးတွင် တာဝန်ခန့်အပ်ခဲ့သည်ဟု သုံးသပ်ချက်၌ ဖော်ပြခဲ့သည်။

ထိုသဘောတူညီချက်များအရ သုံးပွင့်ဆိုင် ပူးပေါင်းပြီး ၂၀၁၃ ခုနှစ် မတ်လတွင် မိုင်းပန်နှင့် မိုးနဲဒေသများ၌ ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့ကြောင်း၊ မိုင်းပန်မြို့နယ်တွင် ကျေးရွာပေါင်းကိုးရွာ၊ မိုးနဲမြို့နယ်တွင် ကျေးရွာပေါင်း ၁၁ ရွာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းလေ့လာမှုအရ ထိုမြို့နယ်နှစ်ခုမှ ကျေးလက်နေ ပြည်သူများသည် စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်နေရပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘ၀ မြှင့်တင်ရေးအတွက် စာသင်ကျောင်းနှင့် ဆေးခန်းများ မရှိကြောင်း၊ ဘိန်းမဟုတ်သော အခြားသီးနှံ စိုက်ပျိုးရေးအတွက် မြေဆီမြေနှစ် နည်းပါးသည့်အပြင် သောက်သုံးရေရှားပါးမှု ပြဿနာအား ရင်ဆိုင်နေရသည်ကို တွေ့ရှိရကြောင်း သုံးသပ်ချက်တွင် ရေးသားခဲ့သည်။

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း UNODC က ဒီဇင်ဘာ ၁၈ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ငါးရက်အကြာတွင် RCSS က ယခုကဲ့သို့ . . . . .


ထို့အတွက်ကြောင့် ဒေသခံ ကျေးလက်ပြည်သူများ အဆင်ပြေရန်နှင့် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးနိုင်ရေးကို ပြုလုပ်နိုင်ရန်၊ ဒေသခံများ၏ တောင်းဆိုချက်များကို အကောင်အထည်ဖော်နိုင်ရန် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လိုသော်လည်း အစိုးရ၏ မူးယစ်ဗဟို (CCDAC) ဘက်မှ UNODC ကို မေးမြန်းရဦးမည် သို့မဟုတ် အထက်က မည်သည့်ညွှန်ကြားချက် တစ်စုံတစ်ရာမျှ ပြန်ကြားပေးခြင်း မရှိသေးကြောင်း တုံ့ပြန်ချက်များဖြင့်သာ ရင်ဆိုင်ခဲ့ရသည်ဟု RCSS ၏ သုံးသပ်ချက်စာတမ်းတွင် ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လတွင် သုံးပွင့်ဆိုင် ပူးပေါင်းပြီး မိုးနဲနှင့် မိုင်းပန်ဒေသ၌ Needs Assessment များကို ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်နေစဉ် ဇူလိုင် ၂၅ ရက်တွင် မူးယစ်ဗဟို (CCDAC) မှ ရဲမှူးကျော်ဆန်းက Needs Assessment ဆောင်ရွက်ခြင်း လုပ်ငန်းတွင် RCSS မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ပါဝင်ဆောင်ရွက်နေခြင်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က မသိရှိကြောင်းပြောကာ ထိုလုပ်ငန်းစဉ်တွင် မပါဝင်ရန် တားမြစ်ခဲ့သည်ဟု သုံးသပ်ချက်တွင်ဆိုသည်။ ထိုတားမြစ်ချက်နှင့် ပတ်သက်ပြီး (CCDAC) မှ ရဲမှူးကြီးမြင့်သိန်းထံ စာဖြင့်မေးမြန်းသော်လည်း မည်သည့်တုံ့ပြန်ချက်မျှ မရခဲ့ကြောင်း သိရသည်။

သုံးပွင့်ဆိုင် သဘောတူညီချက်များအနက် ပထမအဆင့် လုပ်ဆောင်မှုမှာပင် အခက်အခဲများ ရှိနေပြီး စီမံကိန်းဒေသတွင်း နိုင်ငံခြားသံတမန်များ လာရောက်ခြင်း ကိစ္စတွင်လည်း UNODC က တွေ့ဆုံရန် အကြောင်းကြားသော်လည်း CCDAC နှင့် ရှမ်းပြည်နယ်အစိုးရက RCSS ကို ဖိတ်ကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

သုံးသပ်ချက်စာတမ်း နိဂုံးပိုင်း၌ သုံးပွင့်ဆိုင်ပူးပေါင်းပြီး စံပြရှေ့ပြေးအစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သဘောတူညီခဲ့သော်လည်း ထိုသဘောတူညီချက်များသည် စာရွက်ပေါ်တွင်သာရှိပြီး အကောင်အထည် မပေါ်ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင်လည်း အစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိကြောင်းနှင့် တောင်ကြီးမြို့တွင် RCSS ကိုယ်စားလှယ် ထားရှိပေးသော်လည်း အစိုးရဘက်မှ တစ်နှစ်ကျော်လာသည်အထိ တရားဝင်ဆက်သွယ်မှု လုံးဝမရှိခဲ့ကြောင်းနှင့် ဤဖြစ်ရပ်သည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကို ထိခိုက်စေသည့် အကြောင်းအရာ တစ်ရပ်ဖြစ်ကြောင်း RCSS က ပြောကြားခဲ့သည်။

RCSS ၏ သုံးသပ်ချက်စာတမ်းပါ အချက်အလက်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရနှင့် CCDAC ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဒီဇင်ဘာ ၂၄ ရက် ညပိုင်းအချိန်အထိ ဆက်သွယ်မှု မရရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးလေ့ရှိသော နယ်မြေများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ ဖြစ်ကြပြီး ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံး ရှိနေသည်။

ရှမ်းပြည်နယ်အတွင်းရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ခန့်ရှိနေပြီး ‘၀’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် (PNO) နှင့် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA/PSLF) အပြင် အခြားအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များစွာ ရှိနေသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...