Thursday, November 21, 2013

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မြန်နှုန်းမြှင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်အခေါက်ရေကိုပါ လျှော့ချသွားမည်

Thursday, 21 November 2013


ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အထူးရထားတွဲအား တွေ့ရစဉ်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မြန်နှုန်းမြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်အခေါက်ရေကိုပါ လျော့ချသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်-မန္တလေး အစုန်-အဆန် ပြေးဆွဲနေသော ရထားကြာမြင့်ချိန် ၁၅ နာရီတွင် တစ်နာရီခွဲအထိ လျှော့ချမည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော် ရထားကြာမြင့်ချိန်ကိုမူ တစ်နာရီထိ လျှော့ချသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်ပနိုင်ငံများနှင့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေသော ရထားကဏ္ဍတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ အဓိက ပါဝင်နေပြီး လက်ရှိတွင်လည်း ရထားလမ်းပိုင်းအချို့ ပြင်ဆင်မှု ပြီးစီးခဲ့ပြီးဖြစ်၍ ယခုကဲ့သို့ မြန်နှုန်းမြှင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြေးဆွဲမှုကို နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ပြုလုပ်သွားမည်ဖြစ်ပြီး ခရီးစဉ် လျှော့ချမှုကြောင့် ပြောင်းလဲသွားသော ရထားအချိန်ကိုမူ သက်ဆိုင်ရာ ဘူတာများတွင် အသိပေးသွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်-နေပြည်တော်-မန္တလေးသို့ အစုန်ငါးစင်း၊ အဆန်ငါးစင်း၊ စာပို့အစုန်နှစ်စင်း၊ အဆန်နှစ်စင်းဖြင့် ပြေးဆွဲမှု ပြုလုပ်နေကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်-မန္တလေးရထား လမ်းပိုင်းကို ဂျပန်နိုင်ငံနှင့် ပူးပေါင်းကာ မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် ယခုနှစ် အောက်တိုဘာမှစတင်၍ လူမှုဘ၀ ထိခိုက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့ကို ဆန်းစစ်မှုများ ပြုလုပ်နေပြီး ရထားလမ်းပိုင်းတစ်ခုလုံး ပြင်ဆင်မှုကို ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

၃၈၅ မိုင်ရှိသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း စီမံကိန်းကို အဆင့်သုံးခုဖြင့် လုပ်ဆောင်သွားမည် ဖြစ်ပြီး ရန်ကုန်-တောင်ငူ၊ တောင်ငူ-ရမည်းသင်း၊ ရမည်းသင်း-မန္တလေးတို့ဖြစ်ပြီး လုပ်ငန်း ပြီးစီးသွားပါက မိုင် ၆၀ (ကီလိုမီတာ ၁၀၀)ထိ ပြေးဆွဲနိုင်မည်ဖြစ်ပြီး ကြာမြင့်ချိန်မှာလည်း ရှစ်နာရီသာ ရှိတော့မည် ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ဂျပန်နိုင်ငံမှ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဒေါ်လာသန်း ၅၀၀ ခန့် ချေးယူထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

EMG

ရန်ကုန်မြို့တော်အတွင်း ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်ရန် လျာထားမှု နိုင်ငံတော်သမ္မတရုံး၏ အကြမ်းဖျင်း သဘောတူညီမှု ရရှိ

Thursday, 21 November 2013


ဆိတ်ငြိမ်ရပ်ကွက် သတ်မှတ်ရန် လျာထားသည့် ရွှေတောင်ကြား ရပ်ကွက်အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်) ရန်ကုန်မြို့တော်အတွင်း ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်သွားရန် လျာထားမှုအား နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ရာ အကြမ်းဖျင်း သဘောတူညီမှု ရရှိခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယခုနှစ် ဇွန်လ တတိယပတ်အတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ရန်ကုန်မြို့ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အခြားဌာနဆိုင်ရာအချို့ ပါဝင်သော ရန်ကုန်မြို့တော်အား ရေရှည်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ရာတွင် ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်ရန် လျာထားစီစဉ်ခဲ့သည်ဟု သိရသည်။

ဆိတ်ငြိမ် ရပ်ကွက်များအဖြစ် ရွှေတောင်ကြား၊ အင်းလျားမြိုင်၊ ဒဂုံမြို့နယ်ရှိ သံတမန်အိမ်ရာ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပါရမီလမ်းနှင့် ပြည်လမ်းထောင့်စသည့် နေရာများအား သတ်မှတ်ရန် လျာထားခဲ့ပြီး ယင်းလျာထားမှုများ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့ကာ ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်ပြီးပါက ယင်းနေရာများတွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ကန့်သတ်သွားမည်ဖြစ်ပြီး အထပ်နိမ့် သုံးထပ်ခွဲအထိသာ ဆောက်လုပ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

"ဆိတ်ငြိမ်ရပ်ကွက်ဆိုတာ လုံးချင်းအိမ်ရာတွေ များတဲ့နေရာကို ပြောတာ။ ဒါကြောင့် အဲဒီမှာ အထပ်မြင့် ပေးမဆောက်ချင်ဘူး။ ဒါကြောင့် ဒီလိုဆိတ်ငြိမ်ရပ်ကွက် သတ်မှတ်ဖို့ လျာထား တင်ပြခဲ့တာ။ အခု နိုင်ငံတော် သမ္မတရုံးက အကြမ်းဖျင်း သဘောတူတယ်။ အဲဒီလျာထားချက်က ဥပဒေလိုမျိုး ကန့်သတ်ချက် တစ်ခုပါပဲ။ ဒီကန့်သတ်ချက်သာ အတည်ထွက်လာမယ်ဆိုရင် ဆိတ်ငြိမ်ရပ်ကွက်တွေထဲမှာ သုံးထပ်ခွဲအထိပဲ ခွင့်ပြုမယ်။ ဒါကလည်း အများပိုင်နေတဲ့ တိုက်ဆိုရင် မရဘူး။ မိသားစု တစ်စုတည်းက လိုအပ်လို့ သုံးထပ်ခွဲအထိ ဆောက်တဲ့ပုံစံမျိုးမှ ခွင့်ပြုမှာ"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကန့်သတ်ချက် ထွက်ရှိလာပါက ယင်းပုံစံအတိုင်းသာ လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောက်လုပ်ခွင့်ပါမစ် ပေးမည် မဟုတ်ကြောင်းနှင့် ပါမစ်မရှိဘဲ ဆောက်လုပ်ပါက တရားစွဲဆိုခံရမည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ငါးအများဆုံး ဖမ်းသည့်နိုင်ငံမှာ မြန်မာဖြစ်ပြီး တစ်နှစ် ပင်လယ်ငါးဖမ်းဆီးမှု တန်ချိန် ၁ ဒသမ ၃ သန်းမှ ၁ ဒသမ ၈ သန်းအတွင်းရှိဟု ခန့်မှန်း

 Thursday, 21 November 2013


သံတွဲခရိုင်အတွင်းရှိ ငါးဖမ်းစက်လှေများကို အောက်တိုဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

မြန်မာနိုင်ငံသည် ဘင်္ဂလား ပင်လယ်အော် ဒေသတွင် ငါးအများဆုံးဖမ်းသည့် နိုင်ငံဖြစ်ကြောင်း သိရပြီး တစ်နှစ်အတွင်း ပင်လယ်ငါးဖမ်းဆီး ထုတ်လုပ်မှု တန်ချိန်မှာ ၁ ဒသမ ၃ သန်းမှ ၁ ဒသမ ၈ သန်းအတွင်း ရှိမည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့ပင်လယ်ပြင်၏ ငါးသယံဇာတ တည်ရှိမှုကို သုတေသန ပြုလုပ်လျှက်ရှိသည့် ငါးသုတေသန ရေယာဉ် R/V Dr Fridtjof Nansen ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါ ငါးသုတေသန ရေယာဉ်သည် ရခိုင်ကမ်းရိုးတန်းတွင် ငါးသယံဇာတ တည်ရှိမှုကို သုတေသန ပြုလုပ်လျှက်ရှိကြောင်း သိရပြီး နောက်ထပ် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီ ကမ်းရိုးတန်းတို့တွင်လည်း ငါးသယံဇာတ တည်ရှိမှုအား သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် ၎င်းတို့ပိုင်ဆိုင်သည့် ပင်လယ်ပြင်၌ ငါးပုစွန် သယံဇာတများကို အပြည့်အ၀ ဖမ်းဆီးသည့်အပြင် နှစ်စဉ်အများဆုံး ဖမ်းဆီးသင့်သည့် တန်ချိန်MSY (Maximum Sustainable Yield)ထက် ကျော်လွန်ကာ ဖမ်းဆီးနေကြကြောင်း သိရပြီး လက်ရှိတွင် ပင်လယ်ပြင်၌ ကျန်ရှိသည့် ငါးပုစွန် သယံဇာတများကို အကျိုးကျေးဇူးအများဆုံး ရရှိရန်အတွက် ယုံကြည်စိတ်ချရသည့် ငါးထုထည်ပဏာမ ခန့်မှန်းချက်နှင့် ငါးပုစွန် မျိုးမပြုန်းတီးစေရန်အတွက် တင်းကျပ်ပြီး စည်းစနစ်ကျသည့် စီမံခန့်ခွဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ငါးသုတေသနရေယာဉ် R/V Dr Fridtjof Nansen ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ငါးဖမ်းဆီးနေတဲ့ မြန်မာ့ပင်လယ်ပြင် အခြေအနေမှာ ငါးအထိအမိတွေက နည်းလာတယ်။ ပြီးတော့ ဖမ်းဆီးရမိတဲ့ ငါးအရွယ်အစားတွေက သေးလာတယ်။ ပြည်ပဈေးကွက်ကို တင်ပို့တဲ့အခါမှာ ငါးပုစွန် အရွယ်အစားကသေးတော့ ဈေးကွက်ကို တင်ပို့နိုင်မှုက နည်းလာတယ်။ ဒီပင်လယ်ပြင်မှာရှိတဲ့ ငါးပုစွန် သယံဇာတတွေကို တာဝန်သိစိတ် ရှိရှိနဲ့ မဖမ်းဆီးဘဲ ငါးရဖို့သာ အဓိကအဖြစ်နဲ့ ဖမ်းနေကြတော့ သယံဇာတတွေက မလိုအပ်ဘဲ ပျက်စီးနေတာတွေ ရှိပါတယ်"ဟု ပင်လယ် ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ငါးသုတေသနရေယာဉ် R/V Dr Fridtjof Nansen သည် မြန်မာ့ပင်လယ်ပြင်တွင် ယခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစပြီး ငါးသယံဇာတ တည်ရှိမှုအား သုတေသန ပြုလုပ်လျှက်ရှိပြီး ဒီဇင်ဘာ ၁၉ ရက်အထိ သုတေသနပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

EMG

ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ မြန်မာအစိုးရအပေါ် တိုက်တွန်းချက်ကို အစိုးရနှင့် ပြည်သူလူထုက လက်မခံနိုင်ကြောင်း တုံ့ပြန်၊ တည်ဆဲ ဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆုံးဖြတ်မည်

Thursday, 21 November 2013


ရခိုင်ပြည်နယ် စစ်ကဲပြင်ကျေးရွာနှင့် ဆင်တက်မော်ကျေးရွာတို့တွင် သက်ဆိုင်ရာက လူဦးရေစာရင်း ကောက်ခံမှုအတွက် လိုအပ်သော လုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်

ရိုဟင်ဂျာများကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရအား တိုက်တွန်းခဲ့သည့်အဆိုကို လက်မခံကြောင်းနှင့် တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆုံးဖြတ်မည်ဟု အစိုးရနှင့် ပြည်သူလူထုက တုံ့ပြန်ပြောကြားခဲ့သည်။

ရိုဟင်ဂျာ လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာ ၁၉ ရက်က အတည်ပြုခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်တွန်းခဲ့ခြင်းကို အစိုးရ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထုက လက်မခံဘဲ ကန့်ကွက်ခဲ့ကြသည်။

အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံးဝမရှိကြောင်း ပြောဆိုထားပြီးဖြစ်ချိန်တွင် ကုလသမဂ္ဂက ရိုဟင်ဂျာဆိုသော အသုံးအနှုန်းအား အသုံးပြုပြီး ပြောဆိုခဲ့ခြင်းကို ကန့်ကွက်ကြောင်းနှင့် ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆောင်ရွက်မည်ဟု သမ္မတရုံး အဆင့်မြင့် အရာရှိတစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင် တုံ့ပြန် ပြောကြားခဲ့သည်။

"ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသား ကျွန်တော်တို့နိုင်ငံမှာ မရှိဘူးဆိုတာ ကျွန်တော်တို့ လူကြီးတွေကလည်း ပြောထားတယ်။ အဲဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသည် ဒီမှာလည်း မရှိဘူး။ လ၀က(လူဝင်မှုကြီးကြပ်ရေး) ဥပဒေနဲ့လည်း မညီဘူး။ အဲဒါကို ကန့်ကွက်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေးကို အစိုးရက ငြင်းဆိုနေတာ၊ ကန့်ကွက်နေတာ မဟုတ်ဘူး။ ဒီမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဒီအတိုင်းတော့ မပေးဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး ညီတဲ့သူကို ပေးမယ်" ဟု သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ နိုင်ငံသားအခွင့်အရေးကို အစိုးရက ငြင်းဆိုနေတာ ၊ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဒီမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဒီအတိုင်းတော့ မပေးဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး . . .


မြန်မာနိုင်ငံ၌ တရားဝင် ထုတ်ပြန်ထားသည့် လူမျိုးစု ၁၃၅ မျိုးတွင် ရိုဟင်ဂျာဆိုသည်မှာ လုံးဝမပါဝင်ကြောင်းနှင့် ဘင်္ဂါလီများ တောင်းဆိုနေသော နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ လုပ်ဆောင်မည် ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာ ၂၀ ရက်ထုတ် 7 Day သတင်းဂျာနယ် အင်တာဗျူးတွင် ပြောကြားခဲ့သည်။



စစ်ကဲပြင်ကျေးရွာတွင် လူဦးရေစာရင်း ကောက်ခံမှုများအတွက် လိုအပ်သော လုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ်

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ တိုက်တွန်းချက်သည် ကုလသမဂ္ဂကိုယ်တိုင်က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

"လူသားတစ်ယောက်အနေနဲ့ ဥပဒေအတိုင်း နိုင်ငံသား ဖြစ်ခွင့်ရတာကို နားလည်တယ်။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတာကို ကျွန်တော်တို့ လက်မခံဘူး။ ရိုဟင်ဂျာဆိုတာ ရှိတာမဟုတ်ဘူး။ ဗမာ့သမိုင်းမှာလည်း မရှိဘူး။ အဲဒီနာမည် တပ်ပြောရင်တော့ ကျွန်တော်လက်မခံဘူး" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ တိုက်တွန်းချက်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်း ဖြစ်သည်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

"ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်။ စော်ကားတယ်လို့ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ သူ့ရဲ့ တည်ဆဲဥပဒေတွေ ရှိတယ်။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် တည်ဆဲ ဥပဒေအရပဲ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုဆိုတာကို အတည်ပြုလို့ ရတယ်။ ခွင့်ပြုလို့ရတယ်။ နိုင်ငံတော်မှာ ဘယ်သူ၊ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ် ဘယ်လူမျိုးကိုပဲ ဖြစ်ဖြစ် အလိုအလျောက် နိုင်ငံသားပေးရမယ်ဆိုတာ မဖြစ်သင့်ဘူး။ တည်ဆဲဥပဒေအရသာ လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဆိုတာ တည်ဆဲဥပဒေ ဖြစ်တယ်။ ဥပဒေအရပဲ။ ဘယ်လို ဘယ်ပုဂ္ဂိုလ်မဆို နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ဘယ်အဖွဲ့အစည်း ကုလသမဂ္ဂဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဘယ်ပုဂ္ဂိုလ် ဘယ်လူမျိုးကို နိုင်ငံသားပေးရမယ်လို့ တိုက် တွန်း၍သော် လည်းကောင်း၊ အတင်းအကျပ်သော် လည်းကောင်း ပြောခွင့်မရှိဘူးလို့ ထင်ပါတယ်" ဟု ဦးအေးသာအောင်က ပြောကြားသည်။

"ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချတိုင်း တရားမျှတပါတယ်လို့ ပြောလို့မရဘူး။ တရားမျှတပါတယ်လို့လည်း လက်မခံဘူး။ အမှားအယွင်းတွေလည်း ဆုံးဖြတ်ခဲ့တာ ရှိတယ်။ အင်အားကြီး နိုင်ငံဘက်ကိုလည်း ဘက်လိုက်ပြီး ဆုံးဖြတ်ခဲ့တာတွေ ရှိတယ်။ အခုကိစ္စမှာလည်း လက်ရှိနိုင်ငံက လက်ခံ-မခံဆိုတာကိုပဲ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရမှာ ဖြစ်တယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

"နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုက ဥပဒေအရ သွားရပါမယ်။ တရုတ်၊ ဟိန္ဒူ၊ ဘင်္ဂါလီ၊ ပါကစ္စတန်ပဲဖြစ်ဖြစ် ဖြစ်သင့် ဖြစ်ထိုက်တဲ့သူ ဖြစ်ရမယ်။ ပေးသင့်ပေးထိုက်တဲ့သူကို ပေးဖို့ကို ကျွန်တော်တို့ဘက်က ဘာမှအနှောင်အဖွဲ့ မရှိပါဘူး။ နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်တဲ့သူကို နိုင်ငံသားဖြစ်ခွင့် ပေးရမယ်။ မည်သည့်ပုဂ္ဂိုလ်ကို မဆိုပါ။ ကျွန်တော်တို့ လက်ခံတယ်။ သူတို့အနေနဲ့လည်း ဒီနိုင်ငံမှာနေချင်ရင် ဒီနိုင်ငံရဲ့ ကျင့်ထုံးတွေကို လက်ခံရမယ်။ ယဉ်ကျေးမှုကို လက်ခံရမယ်။ ဒီနိုင်ငံမှာနေပြီး ဘင်္ဂါလားဒေ့ရှ်ကို လွမ်းတာမျိုး မလိုလားဘူး။ ပါကစ္စတန်ကို လွမ်းတာမျိုးမရဘူး။ ဒီနိုင်ငံရဲ့ ကျေးဇူးသစ္စာကို တကယ်စောင့်သိနိုင်မလား။ ဒီနိုင်ငံရဲ့ နိုင်ငံတော်သီချင်းတို့၊ နိုင်ငံတော်အလံတို့ကို တကယ်ပဲ အလေးအမြတ်ထားပြီး ဂါရ၀ပြုနိုင်မလား။ နိုင်ငံရေး ယဉ်ကျေးမှုအရ ကျွန်တော်တို့တွေရဲ့ ကြားထဲမှာ တကယ်နေနိုင်မလား။ သီးသန့် လူမျိုးအဖြစ်၊ သီးသန့်ဝတ်စုံတွေဝတ်ပြီး နေတာမျိုး ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။

ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့်အတွက် အစိုးရက အထောက်အထား စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ပြီး ဦးဆုံးတွင် အဆင်ပြေသော်လည်း နောက်ပိုင်းတွင် ရိုဟင်ဂျာဆိုသည်ကို ခွင့်ပြုမှ စစ်ဆေးမှုကို လက်ခံမည်ဟု ပြောလာသောကြောင့် အဆင်မပြေမှုများ ရှိခဲ့ကြောင်း သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။

"နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်သူတွေက ညီတယ်၊ ဘယ်သူတွေက မညီဘူး၊ စိစစ်ဖို့အတွက် Identification လုပ်ဖို့လိုတယ်။ လိုတဲ့ဟာကို ကျွန်တော်တို့ဆီက လ၀ကက လုပ်တယ်။ ပထမပိုင်းမှာ အဆင်ပြေတယ်။ နောက်ပိုင်းမှာ အဆင်မပြေဘူး။ အနှောင့်အယှက်တွေ ဖြစ်လာတယ်။ သူတို့က ရိုဟင်ဂျာဆိုတဲ့ဟာကို ခွင့်ပြုမှ လက်ခံမယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတယ်။ ဖြစ်လာတော့ နိုင်ငံရဲ့တည်ဆဲ ဥပဒေအရ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိတဲ့အတွက် လက်မခံနိုင်တဲ့အခါမှာ ဆန့်ကျင်တာတွေ၊ နှောင့်ယှက်တာတွေ၊ ဆန္ဒပြတာတွေ၊ လုံခြုံရေးအဖွဲ့တွေကို ရန်ရှာတာတွေ ဖြစ်လာတယ်။ အဲဒီတော့ ပွင့်လင်းမြင်သာမှုရှိအောင် အစိုးရက ရခိုင်ပြည်နယ် အစိုးရရယ်၊ လ၀ကရယ် ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါမှာ အဲဒီလို ပြဿနာတွေဖြစ်တယ်။ ဖြစ်တော့ ဆက်မလုပ်နိုင်ဘူး။ ရပ်ဆိုင်းထားရတယ်" ဟု သမ္မတရုံး အဆင့်မြင့် အရာရှိက ပြောကြားသည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေ အများကြီးရှိနေတယ်။ သူတို့တွေနဲ့ ဒေသခံ တိုင်းရင်းသားတွေ မကြာခဏ ပဋိပက္ခတွေ ဖြစ်နေတယ်။ အဲဒီလိုတွေ ဖြစ်နေတာကိုက သူတို့ ဘင်္ဂါလီတွေအနေနဲ့ ဧည့်သည်က ဧည့်သည်လိုမနေလို့ ဖြစ်နေတာ။ အဲဒီလို ဧည့်သည်မျိုးတွေကို ဘယ်နိုင်ငံကမှ အိမ်ရှင်အဖြစ် လက်ခံနိုင်မှာ မဟုတ်ဘူး"ဟု စစ်တွေဒေသခံ ဦးသာဘန်းက ပြောကြားသည်။

ဘင်္ဂါလီများကို နိုင်ငံသား ဖြစ်ခွင့်ပြုခြင်းသည် ၁၉၈၂ ခုနှစ် ဥပဒေနှင့်သာ သက်ဆိုင်ပြီး မြန်မာနိုင်ငံ၌ ခွင့်ပြုပေးထားသော ဘာသာရေး လွတ်လပ်ခွင့်သည် ဒီမိုကရေစီ အင်အားကြီး နိုင်ငံများထက်ပင် သာလွန်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

"သူတို့တိုက်တွန်းချက်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ပဲ သက်ဆိုင်တယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ပေးထားတဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ အမေရိကန်၊ အင်္ဂလန်နဲ့ ဂျပန်နိုင်ငံတွေမှာ ပေးထားတာထက် သာတယ်။ ဘာသာရေး အထိမ်းအမှတ် နေ့တွေကိုလည်း သတ်မှတ်ပေးထားတာပဲ။ ဒီလိုလွတ်လပ်ခွင့်ပေးထားတဲ့ နိုင်ငံက ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ ရပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံ ပါတယ်"ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွင် (က) နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဂ) နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-(၁) နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသား သို့မဟုတ် (၃) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (င) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-(၁)နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသား သို့မဟုတ် (၃) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (စ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-(၁) နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသားသို့ မဟုတ် (၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ ဟူ၍ သတ်မှတ်ထားသည်။

"ဥပဒေက ဒီအတိုင်း ပြဋ္ဌာန်းထားတယ်။ ကျွန်တော်တို့က အဲဒီဥပဒေကို ဘောင်ကျော်ပြီးတော့ လုပ်လို့မရဘူး။ ဥပဒေကို ပြင်ဆင်ပေးပါ ဆိုတာလည်း လက်ရှိလွှတ်တော်ဆိုတာ သီးခြားမဏ္ဍိုင် ဖြစ်နေပြီ။ လွှတ်တော်က ဒီဥပဒေကို ပြင်မယ်ဆိုရင် အစိုးရက ဒီအတိုင်းလုပ်မယ်။ လွှတ်တော်က မပြင်ဘူးဆိုရင်တော့ ဒီအတိုင်းပဲ သွားရမှာပဲ" ဟု သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဘင်္ဂါလီဦးရေ ၁ ဒသမ ၃၃ သန်းရှိနေပြီး ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ၁ ဒသမ ၀၈ သန်းရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်း များအရ သိရသည်။

EMG

မြန်မာအမျိုးသမီးများကို အဓိကထားပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်အစိုးရ အဖွဲ့ထံ အကြောင်းကြားစာ ပေးပို့

Thursday, 21 November 2013


ရွှေလီဘက်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေး မိတ်ဆက် လက်ကမ်းစာစောင်အား တွေ့ရစဉ်

မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော မိတ်ဆက် လက်ကမ်းစာစောင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရုတ်အစိုးရထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ယင်းမြန်မာအမျိုးသမီးများကို အဓိကထား လုပ်ဆောင်နေသည့် မိတ်ဆက် လက်ကမ်းစာစောင်များမှာ ယခုလပိုင်းအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး တရုတ်နယ်စပ်တွင် ကျယ်ကျယ်ပြန်ပြန့် ဖြစ်ပေါ်နေကြောင်းလည်း မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"အဓိကကတော့ မြန်မာဘက်ခြမ်းကိုတော့ အဲဒီလက်ကမ်း ကြေညာစာစောင်တွေ မ၀င်လာရဲဘူး။ ဒါပေမဲ့ ရွှေလီဘက်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်။ သူတို့တွေက အဓိကဖြန့်နေတာ ဈေးတွေထဲမှာလို့တော့ သိရတယ်။ အဲဒီအတွက်လည်း တရုတ်အစိုးရကို အကြောင်းကြားစာ ပို့ထားပြီးပြီ။ အဲဒါကိုလည်း သူတို့ရဲတပ်ဖွဲ့ကလည်း ကျွန်တော်တို့နဲ့ ပူပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါပြီ"ဟု မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် ယင်းအိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်များကို ဖြန့်ဝေသူများအား ဖမ်းဆီးသတိပေးရန် လုပ်ဆောင်ရာ မှုအပိုင်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"အခု ဒီမြန်မာ မိန်းကလေးတစ်ယောက်ကို ဘယ်လောက်ပေးမယ်တို့။ ကြားပွဲစားကို ဘယ်လောက်ပေးမယ်တို့ပါရှိတဲ့ လက်ကမ်းစာစောင်ထဲက ဖုန်းနံပါတ်ကိုဆက်ပြီး လိုက်နေတယ်။ ဒါပေမဲ့ ဖုန်းက ဘယ်လိုမှ ဆက်သွယ်မရဘူး။ အဲဒီအတွက် ဖြစ်စဉ်ဖြစ်နိုင်မယ့် နေရာတွေမှာ တရုတ်နယ်ထိန်းတွေက စောင့်ကြည့်နေ စုံစမ်းနေပါတယ်" ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

လတ်တလော ထွက်ပေါ်နေသော အဆိုပါ လက်ကမ်းစာစောင်များမှာ တရုတ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားချက်အရ "အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း" တရုတ်ပြည်မကြီးတွင် အိမ်ထောင်ပြုလျှင်သာလွန်မှု-အဖေ၊ မိဘ၊ ညီအစ်ကိုမောင်နှမတို့ တရုတ်ပြည်မကြီး အတွင်းသို့ ဆွေမျိုးသားချင်းများ တွေ့ဆုံနိုင်ခြင်း၊ အလုပ်လုပ်နိုင်ခြင်း၊ တရုတ်ပြည်မကြီးတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း၊ စက်ရုံများပြားသည်။ အမျိုးသမီ လစာငွေသည် ယွမ် ၂၅၀၀၊ ယောက်ျားလေး လစာငွေသည် ယွမ် ၄၅၀၀ရှိသည်။ အကယ်၍ သင့်တွင် ဆွေမျိုးပေါက်ဖော် မိတ်ဆွေသူငယ်ချင်းများ တရုတ်ပြည်တွင် အိမ်ထောင်ပြုချင်လျှင် ကျွန်တော်နှင့် ဆက်သွယ်ပါ။ အောင်မြင်လျှင် ကျေးဇူးတင်ငွေ ယွမ် ၃၀၀၀ ပေးမည်။တရုတ်ပြည်တရားဝင် မှတ်ပုံတင်၍ အိမ်ထောင်ပြု လက်မှတ်ရယူနိုင်သည်ဟု ပါရှိသည်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေးကပ် ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံရခြင်းတို့မှာ လူကုန်းကူးခံရမှု ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းအရာဖြစ်ပြီး လူကုန်းကူမှု အမှုအရေအတွက်အရ နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါး အထိ ရှိနေကြောင်း၊ လူကုန်ကူး ခံရသူများမှာလည်း အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။

EMG

ခုနစ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ်ထက် ဒေါ်လာ ၂၂၃၇ သန်းကျော်ဖိုး ပိုမိုကုန်သွယ်


Thursday, 21 November 2013



ရန်ကုန်ဆိပ်ကမ်းရှိ ကွန်တိန်နာ သိုလှောင်ဝင်းအတွင်း ကွန်တိန်နာများအား တွေ့ရစဉ်(ဓာတ်ပုံ-ရွှန်းလဲ့ဝင်း) ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ခုနစ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ်ကထက် ဒေါ်လာ ၂၂၃၇ သန်းကျော်ဖိုး ပိုမိုကုန်သွယ်မှု ပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အိမ်နီးချင်း နိုင်ငံများနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ကုန်သွယ်ရာတွင် ပို့ကုန် အမေရိကန် ဒေါ်လာ ၄၄၃၁ သန်းကျော်၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၆၃၄၆ သန်းကျော် ကုန်သွယ်ထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၈၅၄၀ သန်းကျော် ရှိခြင်းကြောင့် ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ ပိုခဲ့ခြင်း ဖြစ်သည်။

ယခု ခုနစ်လအတွင်း ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု တန်ဖိုးထက် ပိုမိုခဲ့သော်လည်း ပို့ကုန်နှင့် သွင်းကုန်တန်ဖိုး နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၉၁၅ သန်းကျော် ပိုမိုနေပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ကုန်သွယ်ရာတွင် ကုန်သွယ်မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ နီးပါးကို ကုန်သွယ်နေခြင်းဖြစ်ရာ အဆိုပါ ကုန်သွယ်မှု လမ်းကြောင်းမှ တစ်ဆင့် မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ တရားဝင် ကုန်စည်များ ၀င်ရောက်ပြီး တရားဝင် ကုန်သွယ်မှုပမာဏ မြင့်တက်လာစေရန် ရည်ရွယ်၍ တရားမ၀င် ကုန်သွယ်မှုများကို စစ်ဆေး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။





EMG

ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် ခိုး၊ ဆိုး၊ နှိုက် ပြစ်ချက်ဟောင်း ရှိသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်မည်

 Thursday, 21 November 2013


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂက အောက်တိုဘာလအတွင်းက လေ့ကျင့် သင်ကြားပေးနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် မှုခင်းများ ကျူးလွန်နိုင်သည်ဟု ထင်မြင်ယူဆရသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထိုသို့ ခြေချုပ်ပြုလုပ်သွားမည့် သူများမှာ ခိုး၊ ဆိုး၊ နှိုက် ဖြစ်စဉ်များဖြင့် ကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက ခိုးမှု၊ နှိုက်မှု၊ ဆိုးမှု ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကို ခြေချုပ်ခံဝန် ပြုလုပ်သွားမယ်။ ဒါ့အပြင် ညပိုင်းအချိန်တွေနဲ့ ညဥ့်နက်ပိုင်းတွေမှာ မသင်္ကာလို့ စစ်ဆေးမိတဲ့ သူတွေထဲက ပြစ်မှုကျူးလွန်နိုင်တယ်လို့ ယူဆနိုင်တဲ့သူတွေကိုလည်း ခြေချုပ် ပြုလုပ်သွားမယ်။ ခြေချုပ်ခံဝန် ပြုလုပ်သွားမယ့် သူတွေအားလုံးကို တရားရုံးပေါ်တင်ပြီးတော့ တရားသူကြီးရှေ့မှာပဲ ခံဝန်လုပ်သွားမှာပါ။ အရင်တုန်းက ခိုးမှုနဲ့ ပြစ်ဒဏ်ကျပြီး ပြန်ထွက်လာမယ့် သူတွေကလည်း ပြန်ခိုးဖို့ ရာခိုင်နှုန်း များပါတယ်။ အဓိကကတော့ ဒီကာလအတွင်းမှာ ကောင်းမွန်စွာ နေထိုင်မယ်ဆိုတာကို ၀န်ခံခိုင်းခြင်း ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားသည်။

ယင်းသို့ ဆီးဂိမ်းစ်ပြိုင်ပွဲကာလ၌ လုံခြုံရေးအရ ပြစ်ချက်ဟောင်း ရှိသူများကို ဥပဒေပုဒ်မ ၅ (၁) (စ) (ဆ) ဖြင့် ခြေချုပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာအတွင်း၌ ခိုးမှု ၇၉ မှု၊ အောက်တိုဘာ၌ ခိုးမှု ၈၄ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့အပြင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲကာလ၌ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန် ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားကွင်းနေရာ အနီးတစ်ဝိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားကို တိုးချဲ့ချထားသွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

EMG

မြန်မာ့ရှေ့ဆောင်ဘဏ်က Visa ကတ်ဖြင့် ပူးပေါင်း၍ နိုင်ငံခြား ငွေကြေးသုံးမျိုး အသုံးပြုနိုင်သော Multicurrency Visa Travel Prepaid Card ၀န်ဆောင်မှုစနစ် စတင်ရန် စီစဉ်

Thursday, 21 November 2013

Multicurrency Visa Travel Prepaid Card ကို တွေ့ရစဉ်

မြန်မာ့ရှေ့ဆောင်ဘဏ်က Visa ကတ်ဖြင့် ပူးပေါင်း၍ နိုင်ငံခြားငွေကြေး သုံးမျိုးဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အသုံးပြုနိုင်သော Multicurrency Visa Travel Prepaid Card ၀န်ဆောင်မှုစနစ် စတင်ရန် စီစဉ်နေကြောင်း မြန်မာ့အရှေ့ဆောင်ဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမင်းခိုင်၏ ပြောကြားချက်အရ သိရသည်။

"အခု Visa နဲ့ ပူးပေါင်းပြီး ထုတ်ဝေတဲ့ကတ်က မြန်မာနိုင်ငံမှာ ပထမဦးဆုံး နိုင်ငံခြားငွေကြေးသုံးမျိုး ထည့်သွင်းအသုံးပြုနိုင်တဲ့ ကတ်ဖြစ်ပါတယ်။ ကတ်အတွင်းမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀ ကနေ အများဆုံး အမေရိကန် ဒေါ်လာ ၅၀၀၀ အထိ ထည့်သွင်း အသုံးပြုနိုင်ပါတယ်"ဟု ဆက်လက် ပြောကြားသည်။

Multicurrency Visa Travel Prepaid Card ကတ်သည် ပြန်လည် ငွေဖြည့်တင်းနိုင်သော ငွေပေးချေမှု ကတ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသားများ ပြည်ပသို့ ခရီးထွက်ခွာသည့်အခါတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ကတ်သည် အီလက်ထရောနစ် ငွေပေးချေမှုများကို ပြုလုပ်နိုင်သည့် ကတ်တစ်ခုဖြစ်သည်။

အသုံးပြုလိုသူများအနေဖြင့် ကတ်လျှောက်ထားရန် လိုအပ်သည့် လျှောက်လွှာပုံစံများကို နိုဝင်ဘာ ၂၈ ရက်မှစ၍ မြန်မာ့ရှေ့ဆောင်ဘဏ်၏ ရုံးချုပ်နှင့် ဘဏ်ခွဲများတွင် ရယူနိုင်ကြောင်း သိရသည်။

Visa ကတ်ကုမ္ပဏီသည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါ ကုမ္ပဏီသည် စားသုံးသူများ၊ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ အရောင်းကုန်သည်များ၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းကြီးများဖြင့် ဆက်သွယ် လုပ်ကိုင်လျှက်ရှိပြီး ကမ္ဘာတစ်ဝန်းတွင် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အသုံးပြုလျှက် ရှိကြောင်းနှင့် သုံးစွဲသူပေါင်း ၁ ဒသမ ၈ ဘီလျံခန့်ရှိကြောင်းနှင့် Visa ကတ်၏ ကွန်ရက်ဖြစ်သော VisaNet သည် တစ်စက္ကန့်လျှင် ငွေပေးချေ၊ ငွေသွင်းငွေထုတ် ၀န်ဆောင်မှုပေါင်း ၂၄၀၀၀ ကျော် ပြုလုပ်နိုင်ပြီး လိမ်လည်မှု ကာကွယ်သောစနစ်၊ သေချာသော ငွေပေးချေမှုစနစ်တို့ ပါဝင်ကြောင်း သိရသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်သည် ၂၀၁၀ ပြည့်နှစ်တွင် ဘဏ်လုပ်ငန်း လိုင်စင်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂလိက ဘဏ်လေးဘဏ်တွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ပြည်တွင်းဘဏ် ၀န်ဆောင်မှုလုပ်ငန်း၊ နိုင်ငံခြားဘဏ် ၀န်ဆောင်မှုဖြစ်သော သွင်းကုန် L/C ၀န်ဆောင်မှု၊ ဘဏ်အာမခံပေးခြင်း၊ SWIFT နှင့် Western Union တို့နှင့် နိုင်ငံခြား ငွေလွှဲအ၀င်လက်ခံခြင်း လုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

EMG

ကြောက်စရာ ကောင်းတဲ့ pacu ငါး



ကြောက်စရာ ကောင်းတဲ့ pacu ငါးမျိုးစိတ်ဟာ piranha ငါးမျိုးစိတ် နဲ့ဆင်တူပြီး ယောကျာင်္း တွေရဲ့ ဝှေးစေ့ ကို သူတို့ ရဲ့ အစာ ဖြစ်တဲ့အသီး တစ်မျိုးနဲ့ မှားပြီး ကိုက်ဖြတ် စားသောက် တတ်ပါတယ်။


Jim DePersia ဆိုတဲ့ ငါးဖမ်းသမား ဟာ Cedar Lake, Illinois မှာ သူဖမ်း မိတဲ့ ငါးဟာ piranha ငါး အမျိုး အစားလို့ ထင်ခဲ့ ပေမယ့် အမှန်တော့ ကြောက် စရာ ငါး အမျိုး အစား တစ်ခု ဖြစ်နေတာ ကိုတွေ့ခဲ့ ရပါတယ်။ ဒီ ငါးအမျိုး အစား ကိုတော့ pacu လို့ခေါ်ပြီး သူဟာ ယောကျာ်း တွေရဲ့ ဝှေးစေ့ကို ကိုက်ဖြတ် စားသောက် တတ်တဲ့ ငါးမျိုးပဲ ဖြစ်ပါတယ်။ DePersia ဟာ ဒီငါးကို သူ့ အိမ်နား မှာရှိတဲ့ ရေကန် ထဲကနေ ဖမ်းမိ ခဲ့တာ ဖြစ်ပြီး ဒီငါးရဲ့ ချွန်ထက် တဲ့ သွား တွေကို ကြည့်ပြီးတော့ သူဟာ ကြောက်စရာ ကောင်းတဲ့ အမေဇုန် မျိုးစိတ် ငါးကို ဖမ်းမိ တာလို့ သိရှိခဲ့ ပါတယ်။ သူဖမ်းမိ တဲ့ ငါးဟာ ၇ ပေါင်ခန့် လေးပြီး ၂၀ လက်မခန့် အရှည် ရှိပါတယ်။ ဒီကြောက် စရာ ကောင်းတဲ့ pacu ငါးမျိုး စိတ်ဟာ piranha ငါးမျိုး စိတ်နဲ့ ဆင်တူပြီး ဒီငါး တွေဟာ သူတို့ရဲ့အစာ တစ်မျိုးဖြစ်တဲ့ အသီး တစ်မျိုးနဲ့ မှားပြီး ယောကျာ်း တွေရဲ့ ဝှေးစေ့ကို ကိုက်ဖြတ် စား သောက်တာ ဖြစ်ပါတယ်။



2011 ခုနှစ်မှာ New Guinea ရှိ ယောကျာ်း နှစ်ယောက် ဟာ pacu ငါး သူတို့ရဲ့ တန်ဖိုး ထားရတဲ့ အရာ ကို ကိုက်ဖြတ် သွားတဲ့ အတွက် သွေးထွက် လွန်ပြီး သေဆုံး ခဲ့ရ ပါတယ်။ ဒီ pacu ငါးတွေကို Illinois မှာ တွေ့ရှိတာ ဒါ ပထမဆုံး အကြိမ် မဟုတ် ပါဘူး။ 2012 July မှာ Lake Lou Yaeger မှာ တစ်ကောင် တွေ့ခဲ့ပြီး မျက်မြင သက်သေ တွေ ပြော ကြားချက် အရ နောက် တစ်ကောင် ဟာလဲ လွတ်နေ သေးတယ်လို့ ယူဆ ရပါတယ်။ Pacu ငါးမျိုး စိတ်ကို US အနှံ့ တွေ့ရှိရပြီး 2013 September တုန်းကလဲ Tom Boylan ဆိုတဲ့ ငါးဖမ်း သမားဟာ Passaic County, New Jersy က ရေကန် တစ်ခုမှာ တစ်ကောင်ဖမ်းမိ ခဲ့ပါ သေးတယ်။ Pacu ငါးတွေ နယ်ချဲ့လာမှုဟာ Europe မှာလဲ တွေ့ရှိ ရပြီး Paris မှာ September တုန်းက တစ်ကောင် တွေ့ရှိပြီး Sweden မှာ August တုန်းက တစ်ကောင် တွေ့ခဲ့ ရပါတယ်။


Related Posts Plugin for WordPress, Blogger...