Wednesday, December 25, 2013

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနှင့် လူမှုဘ၀မြှင့်တင်ရေးအတွက် သမ၀ါယမ၀န်ကြီးဌာနမှ ကျပ်သန်းပေါင်း ၈၁၀၀ ကျော် ချေးငွေပေးအပ်ပွဲကျင်းပ


Wednesday, 25 December 2013


ကျေးလက်ဒေသနှင့် လူမှုဘ၀မြှင့်တင်ရေးအတွက်သမ၀ါယမအသင်းသားများအား ချေးငွေပေးအပ်ပွဲတွင် သမ္မတ ဦးသိန်းစိန်အား တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကျေးလက်ဒေသနှင့် လူမှုဘ၀မြှင့်တင်ရေးအတွက် ငွေကျပ်သန်းပေါင်း ၈၁၀၀ ကျော်အား သမ၀ါယမ၀န်ကြီးဌာနမှ တိုင်းအတွင်းရှိ သမ၀ါယမအသင်းသားများအား ချေးငွေပေးအပ်ပွဲ ကျင်းပခဲ့ပြီး၊ ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ချီးမြှင့်ခဲ့သည်။

"လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမားရိုးကျအတိုင်း စိုက်ပျိုးထုတ်လုပ်ရာမှ၊ ခေတ်မှီနည်းစနစ်များနဲ့ ပြောင်းလဲစိုက်ပျိုးထုတ်လုပ်မှသာ တောင်သူလယ်သမားများအတွက် ၀မ်းစာဖူလုံရုံသာမက၀င်ငွေလည်း တိုးပွားလာမှာဖြစ်ပါတယ်၊ စိုက်ပျိုးခြင်းကြိတ်ခွဲခြင်း၊ ဈေးကွက်သို့တင်ပို့ရောင်းချခြင်း စသည်အားဖြင့် Supply Chain တစ်ခုလုံး အချိတ်အဆက်မိမိ ဆောင်ရွက်မှသာ တစ်ဦးတစ်ယောက်တည်းအားထက်၊ သမ၀ါယမအသင်းများ ဖွဲ့စည်းပြီး ဆောင်ရွက်သွားလို့ရှိရင် အောင်မြင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် သမ၀ါယမအသင်းများက တောင်သူလယ်သမားတွေကို ငွေထုတ်ချေးရုံသက်သက်မဟုတ်ဘဲ ကြိတ်ခွဲရောင်းချတဲ့အဆင့်ထိ စီမံဆောင်ရွက်ပေးသွားဖို့ လိုအပ် ပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

ထို့ပြင် "ကျေးလက်ဒေသများသာမက မြို့ပေါ်ရပ်ကွက်များမှာပါ အောက်ခြေ၀န်ထမ်းများအပါအ၀င် ဆင်းရဲနွမ်းပါးသူတစ်ချို့ဟာ ငွေကြေးအရင်းအနှီးမရှိတဲ့အတွက် ဆိုက္ကား၊ မော်တော်ဆိုင်ကယ် အငှားနင်းသူတွေ၊ အပ်ချုပ်စက်ငှားပြီး အငှားချုပ်နေရတဲ့သူတွေ ရှိနေကြပါတယ်၊ တစ်နေ့စာတစ်နေ့ ရှာဖွေစားနေရပြီး မိမိတို့ပင်ပန်းကြီးစွာ ရှာဖွေရရှိတဲ့ ငွေကြေးတစ်ချို့တစ်ဝက်ကို ပိုင်ရှင်များကို နေ့စဉ်ပေးနေရတဲ့အတွက်၊ ငွေပိုငွေလျှံ မကျန်တော့ဘဲ သားသမီးများကျောင်းထားရေးကိစ္စ၊ နေထိုင်မကောင်းတဲ့အခါ ဆေးဝါးကုသဖို့ပင် အခက်ကြုံနေကြရသူများ ရှိနေပါတယ်၊ သမ၀ါယမ၀န်ကြီးဌာနအနေနဲ့ လိုအပ်နေတဲ့ ငွေကြေးအရင်းအနှီးကို စိုက်ထုတ်ပေးပြီး အချိန်တိုအတွင်းမှ ဆိုင်ကယ်ပိုင်၊ ဆိုက္ကားပိုင်၊ အပ်ချုပ်စက်ပိုင်ရှင်များ ဖြစ်လာအောင် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးခြင်းဘဲ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတကြီးမှ ဆက်လက်ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံသမ၀ါယမအသင်း ၈၇၉ သင်းရှိ အသင်းသားပေါင်း ၇၆၄၄၇ ဦးအတွက် ပံ့ပိုးထုတ်ချေးငွေ ကျပ်သိန်း ၇၆၂၁၁ ဒသမ ၅၀ ထုတ်ချေးပေးခဲ့ပြီး၊ စက်ပစ္စည်းအမျိုးမျိုးအား တိုင်းအတွင်းရှိ အသင်းပေါင်း ၃၁၄ သင်းသို့ ကျပ်သိန်း ၆၅၇၄ ဒသမ ၅၃ အား ပံ့ပိုးနိုင်ခဲ့ပြီး၊ စုစုပေါင်းအားဖြင့် တန်ဘိုးငွေကျပ်သိန်း ၈၂ရ၈၆ ဒသမ ၀၃ အား ပံ့ပိုးနိုင်ခဲ့သည်ဟု သိရသည်။ သမ၀ါယမ၀န်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးယူ၍ ပထမအရစ်ရရှိသည့် ဒေါ်လာသန်း ၁၀၀ ဖြင့် ယခုကဲ့သို့ ချေးငွေများ ဆက်လက်ထုတ်ပေးနေခြင်းဖြစ်သည်။ ကျန်ဒေါ်လာ သန်း ၆၀၀ ကိုလည်း ဆက်လက် ရယူဆောင်ရွက်သွားမည်ဟု သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...