Thursday, August 22, 2013

တယ်လီနော ကုမ္ပဏီခွဲဖွင့်ရန် မှတ်ပုံတင်



ရန်ကုန်၊ သြဂုတ် ၂၁

ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော တယ်လီနော မြန်မာကုမ္ပဏီက ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများစတင်ရန် တရားဝင်ကုမ္ပဏီခွဲ ဖွင့်လှစ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံတွင် မှတ်ပုံတင်ခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ဆက်သွယ်ရေးလုပ်ငန်း တင်ဒါအောင်မြင်ထားပြီး လိုင်စင်ရရှိရန် စောင့်ဆိုင်းနေသော တယ်လီနော မြန်မာကုမ္ပဏီသည် လက်ရှိအချိန်အထိ တရားဝင်ရုံးခန်း ဖွင့်လှစ်ရခြင်း မရှိသေးဘဲ မကြာမီ ရုံးစတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ မီဒီယာတာဝန်ခံက ပြောကြားသည်။

လိုင်စင်ရရှိပြီးပါက ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ပြီး လက်ရှိတွင် အုပ်ချုပ်မှုဝန်ထမ်း ခေါ်ယူမှုများ စတင်နေပြီဖြစ်ကာ ယခုနှစ်ကုန်အထိ ကာလအတွင်း ဝန်ထမ်းအရေအတွက် သုံးထောင်ခန့် ခေါ်ယူမည် ဖြစ်ကြောင်း တယ်လီနောမြန်မာ ထံမှ သိရသည်။

အဆိုပါကုမ္ပဏီသည် ဆက်သွယ်ရေးလိုင်စင် လက်ခံရရှိပြီး ရှစ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်မည်ဟု ကြေညာထားပြီး အခြားပြိုင်ဘက်ကုမ္ပဏီ အော်ရီဒူးကမူ လိုင်စင်ရရှိပြီး ခြောက်လအတွင်း ဝန်ဆောင်မှုများ စတင်မည်ဟု ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းတွင် အော်ပရေတာ ပြုလုပ်မည့် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုအတွက် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ခွင့် ရရှိထားသည်ဟု သတင်းထွက်ပေါ်နေသော အင်ဒိုနီးရှားမှ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေးကုမ္ပဏီ PT Telekomunikasi Indonesia International ကုမ္ပဏီကလည်း ယခုလအတွင်းမှာပင် ရုံးခွဲဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...