ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို လေ့လာ ခဲ့ကြသော ကျွမ်းကျင်သူများက သူတို့၏ အမြင်ကို တစ်ယောက် တစ်မျိုးစီ ဖော်ပြ ပေးခဲ့ကြသည်။
ဘားနက်ကမ်းပါးစ် (Bernet Kempers)က ''ဘောရော ဗုဒ္ဓေါဟာ ဘောရော ဗုဒ္ဓေါပါပဲ'' ဟု ဆိုသည်။ အဓိပ္ပာယ်မှာ သူ့နည်းလမ်း နှင့်သူ အလွန် ထူးခြား နေကြောင်း၊ နောက်တစ်ဦးက ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို အလွန်ကြီးမားသည့် ကြာပဒုမ္မာသည် ပွင့်အန်လာတော့မည့် အခြေအနေ အဆင့်ရှိနေပြီး ရေကန် တစ်ကန်ထဲမှာ ပေါလော မျောနေဟန် ဖြစ်ကြောင်း နီအူဝင်ကမ့် (Nieuwenkamp) က အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ၎င်း၏ စိတ်ကူးကို ၁၉၈၇ ခုနှစ်တွင် အင်ရန်ကူတီ (N Rangkuti)က ထောက်ခံ ခဲ့သည်။ ကောင်းကင်ထဲမှ ကြည့်လျှင် ဘောရောဗုဒ္ဓေါ သည် ပေါလော မျောနေ ဟန် တွေ့ရသည်ဟု ဆိုသည်။ ဘူမိဗေဒဆိုင်ရာ လေ့လာမှုများ အရ ဘော ရောဗုဒ္ဓေါ ရှိနေသည့် နေရာသည် တစ်ချိန်တုန်းက ဧရာမ ရေကန်ကြီး တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သက်သေ ပြုပေးနိုင်ခဲ့သည်။ ဘောရောဗုဒ္ဓေါ၏ ပတ်ဝန်းကျင် ရွာအများဆုံးသည် ပင်လယ်ရေ မျက်နှာပြင်၏ အထက် အမြင့်တူတွင် ရှိနေကြပေသည်။ အဆိုပါ ကုန်းမြင့်ပေါ် တွင် ပေါဝမ် (Pawon) နှင့် မန်ဒွတ်ဘုရားကျောင်း (Mendut) များ လည်း တည်ရှိ နေခဲ့ကြသည်။ ဤသို့အား ဖြင့် အဆိုပါ ဧရိယာသည် ရေကန်၏ မျက်နှာပြင်ညီ အမြင့် ၂၃၅ မီတာ၏ အောက်တွင် ရှိနေခဲ့ကြပေသည်။
အေဒီ ၈၄၂ ခုနှစ်က ရေးထိုးခဲ့သည့် ကျောက်စာကို အခြေခံ၍ ဘောရော ဗုဒ္ဓေါ ကျောင်းတော်ကြီးသည် တစ်ချိန်တုန်းက ဝတ်ပြုဆုတောင်းရာ နေရာတစ်ခု ဖြစ်ကြောင်း ကာ့ပါရစ် (Casparis) က အကြံပြုထားသည်။ ကျောက်စာတွင် ''Kawulani Bhumi Sambhara'' ''ကောဝုလန်နီ ဘူမိသမ္ဘာရ'' ဟု ရေးထိုး ထားသဖြင့် ကောဝုလန် (Kawulan) ၏ မူလ အဓိပ္ပာယ်မှာ မြင့်မြတ်ခြင်း၊ အထွတ်အမြတ် ဖြစ်ခြင်းဟု ဆိုလိုပေသည်။ ''Bhumi Sambhara'' ''ဘူမိသမ္ဘာရ'' သည် ဘောရောဗုဒ္ဓေါ ဒေသမှ တစ်နေရာ၏ အမည်ဖြစ်သည်။ အားလုံးကို ခြုံ၍ သုံးသပ်ရသော် ဘောရောဗုဒ္ဓေါ ဘုရားကျောင်းသည် မြေညီကွင်းပြင်မှ ထူပါရုံဘုရား ဖြစ်သည်။ အခြား တစ်ဖက်တွင်လည်း ဘုရားကျောင်းသည် သံသရာ လွတ်မြောက်ရေး လောကုတ္တရာသို့ မျှော်မှန်းရာ ဖြစ်ပေသည်။ ထို့ကြောင့် ကန်တော့ပုံ တည်ဆောက်ထားသည့် အဆောက်အအုံ သည် နှစ်မျိုးဖော်ပြ ထားခြင်း ဖြစ်ကြောင်း ပေါလ်မာ့စ် (Paul Mus) က ပြောကြားခဲ့သည်။ တစ်စုံတစ်ဦးသည် ကျောင်းတော် အတွင်း ရောက်ရှိနေလျှင် ပိတ်ထားသော ကမ္ဘာ ''Closed World'' အဖြစ် ခံစား ရပေမည်။ ထို့နောက် အတွင်းနံရံများ ပေါ်တွင် မျက်နှာပြင် အညီမှ ရုပ်ကြွ ထုလုပ် ပုံသွန်းရုပ်များကို မြင်တွေ့ရမည်။ ထို့ ပြင် ဝရန်တာများသည် အမြဲတမ်း စတု ရန်းပုံ ဆောင်နေကြ၍ ဘုရားကျောင်း၏ အခြားတစ်ဖက်သို့ အထပ်အလွှာ တစ်နေရာထဲတွင် ရှိနေစေကာမူ မြင်တွေ့ နိုင်ခြင်း မရှိပေ။ ဝိုင်းပတ်နေသော စင်္ကြံပေါ်တွင် ရောက်ရှိနေသူသည် အဆိုပါ အထပ်အလွှာ၏ ရှုခင်းကို ကျယ်ကျယ်ပြန့်ပြန့် မြင်ရမည် ဖြစ်သော်လည်း အောက်အဆင့်နှင့် အပေါ် အဆင့်သို့ မြင်နိုင်မည် မဟုတ်ပေ။ ပိန်းပိတ် နေသည့် အသွင်သဏ္ဌာန် ဆောင်ထားခြင်းသည် နည်းပညာ ဆိုင်ရာ ရည်ညွှန်းမှု မဟုတ်ဘဲ ဘာသာရေး ဆိုင်ရာ အယူအဆအရ တည်ဆောက် ထားခြင်း ဖြစ်ကြောင်း အခြား ကျွမ်းကျင်သူများက အကြံပြုထားသည်။
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးကို ရှစ်ရာစုနှစ်က စန်မာရတ်တန်ဂါ့ (Sanmaratungga) က တည်ဆောက်ထားပြီး ၎င်းသည် ဗုဒ္ဓဘာသာ မဟာယ နဂိုဏ်းဝင် ဖြစ်သည်။ ၁၈၁၄ ခုနှစ်တွင် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း အကြောင်းကို ဆာသောမတ်စ် စတင်ဖို့ ရာဖေးလ်စ် (Sir Thomas Stanford Raffles)က ဖော်ထုတ် ပေးခဲ့သည်။ ကျောင်းတော်ကြီးသည် ထိုစဉ်က ပျက်စီး ယိုယွင်းလျက် ရှိနေပြီး မြေကြီးထဲတွင် မြုပ်နေသည်ဟု ဆိုသည်။
အဆောက်အအုံကြီး၏ အလုံးစုံ အမြင့်သည် ၄၂ မီတာရှိသည်။ သို့သော်လည်း ပြန်လည် ပြုပြင်လိုက်သော အခါ ၃၄ ဒသမ ၅ မီတာသာ ရှိတော့သည်။ ၎င်း၏ အတိုင်းအတာသည် ၁၂၃ x ၁၂၃ မီတာ (စတုရန်းမီတာ ၁၅၁၂၉) ရှိသည်။ ၁ဝ ထပ်ရှိကာ ပထမထပ်မှ ခြောက်လွှာအထိ စတုရန်းပုံ တည်ဆောက် ထား၍ ခုနစ်လွှာမှ ၁ဝ လွှာအထိ အ ဝိုင်းပုံစံ ရှိနေပေသည်။
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးသည် အရှေ့ဘက်သို့ မျက်နှာမူ ထားပြီး နှစ်မီတာ အကျယ်စီ ရှိသော အကွက်အကန့် ၁၄၆ဝ ခုရှိသည်။ နံရံများ အားလုံး၏ အရွယ်အစားသည် စတုရန်း မီတာ ၂၅ဝဝရှိကာ ရုပ်ကြွ ပုံသွန်းရုပ်များကို အပြည့် ထုလုပ်ထားကြောင်း တွေ့ရ သည်။ အဆိုပါရုပ်ကြွ ပါသော အကွက်များမှာ ၁၂၁၂ ခုရှိသည်။ စစ်ဆေး ရေတွက်ကြည့်ပြီး ဗုဒ္ဓရုပ်တုတော် ၅ဝ၄ ဆူ ရှိနေရာ အကောင်းပကတိနှင့် အပျက်အစီးများ အပါအဝင်ဖြစ်ကြ
သည်။ အဆိုပါ ကျောင်းတော်ကြီးကို ၁၉ဝ၅ ခုနှစ်မှ ၁၉၁ဝ ပြည့်နှစ်အထိ ပထမဆုံး အကြိမ် ပြုပြင်ခဲ့ပြီး နောက်ဆုံးအကြိမ် အဖြစ် ၁၉၇၃ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ထပ်မံပြုပြင် မွမ်းမံခဲ့ကြောင်း သိရသည်။
ဘောရောဗုဒ္ဓေါ အကြောင်း သိကောင်းစရာ
အဆောက်အအုံကြီးကို တောင်ကုန်း တစ်ခုပေါ်တွင် စတုရန်း ၅၅ဝဝဝ မီ တာ၊ မီးတောင်ချော်မှ ဖြစ်သော ကျောက်တုံးများကို ဆင့်ထားသည့် ပုံစံဖြင့် စတုဂံပုံ ခြောက်ထပ်၊ အဝိုင်းပုံ လှေကားထစ် သုံးခု၊ အလယ်တွင် စေတီပုံကို ထိပ်အထိ တည်ထားသည်။ အားလုံးခြုံငုံ၍ ကြည့်လျှင် ဗုဒ္ဓ၏ အထွတ်အမြတ် ကြာပဒုမ္မာ တစ်ပွင့်ပုံစံ ဆောက်ထား သည့် အဆောက်အအုံကြီး ဖြစ်ပေသည်။
ပတ်လည်သို့ လှည့်ပတ်၍ မျက်နှာမူ ထားသည့် တင်ပလ္လင်ခွေ ဗုဒ္ဓရုပ်တုတော် ၉၂ ဆူနှင့် ရုပ်ကြွ ရုပ်တုတော် အဆူ ၁၄၆ဝ ရှိသည်။ အောက်ဆုံး အဆင့်တွင် ရုပ်ကြွ ၁၆ဝ ဆူရှိသည်။ အလယ်အဆင့်တွင် ဗုဒ္ဓ၏ဖြစ်စဉ် ဇာတ်နိပါတ်တော် များကို ပုံဖော် ပေးထားသည်။ အမြင့်ဆုံး နေရာတွင် ရုပ်ကြွများသော် လည်းကောင်း၊ အလှဆင်ထား ခြင်းသော် လည်းကောင်း မရှိဘဲ လသာ ဆောင်တစ်ခုရှိပြီး စတုရန်းပုံနှင့်နံရံများ စသည့် အဝိုင်းပုံ ဖြစ် သည်။ စက်ဝိုင်းသည် အစမရှိ၊ အဆုံးလည်း မရှိပေ။ ဤနေရာတွင် စေတီပေါင်း ၉၂ ဆူ၊ အတွင်းစေတီ တစ်ဆူချင်းစီတွင် တင်ပလ္လင်ခွေ ဗုဒ္ဓ ဆင်းတုတော် တစ်ဆူစီ ထည့်သွင်း ပေးထားသည်။
ဗုဒ္ဓဆင်းတုတော်များ အားလုံးသည် ဘူမိဖဿမုဒြာ ဟန်များဖြင့် မဟာပထဝီ မြေကြီးကို သက်သေ ပြုနေဟန်၊ မြတ်စွာ ဘုရား၏ တရားဟောနေ ဟန်ဖြစ်သည်။ ဘောရောဗုဒ္ဓေါ စေတီတော်ကြီးသည် ဗုဒ္ဓဘာသာဝင် တို့၏ အမြင့်မြတ် ဆုံးသော သင်္ကေတ လက္ခဏာ ဆောင်ထားသည့် အပြင် စကြဝဠာ တစ်တိုက်လုံး ၏ ကိုယ်ပွားလည်း ဖြစ်သည်။ ဗောဓိ သတ္တ ဘုရားလောင်း ဘဝဖြစ်စဉ် ဇာတ်ကြီး ၁ဝ ဘွဲ့ကို ဖော်ပြထားပြီး မြတ်စွာ ဘုရား၏ သဗ္ဗညုတ ဉာဏ်အလင်း ဆောင်ခဲ့ပုံကို ဖော်ညွှန်းထားခြင်း ဖြစ်ပေ သည်။
0 comments:
Post a Comment