Wednesday, December 4, 2013

B.Tech,BE ၀င်ခွင့်စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ရရန် နည်းပညာကျောင်းသား ၁၀၀၀ ကျော်ခန့် လက်မှတ်ရေးထိုးကာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ တောင်းဆိုသွားမည်

Wednesday, 04 December 2013


နည်းပညာ ကျောင်းသားများမှ ရှင်းလင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အေးသော်တာလှိုင်)

B-Tech နှင့် BE တန်းသို့ ဆက်လက်တက်ရောက်ခွင့် ရရန် A.G.T.I နှင့် B-Tech ဖြင့် အောင်မြင်သူများကို ၀င်ခွင့်စာမေးပွဲများ ပြန်လည်ဖြေဆို ခွင့်ပြုရန် တစ်နိုင်ငံလုံးရှိ ကျောင်းသားများက ဒီဇင်ဘာ ပထမပတ်အတွင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ ကျောင်းသားများက လက်မှတ်ထိုး တောင်းဆိုရာတွင် B-Tech နှင့် BE ၀င်ခွင့်စာမေးပွဲ ပြန်လည်ဖြေဆို ခွင့်ပြုရန်၊ ၀င်ခွင့်စာမေးပွဲ ဖြေဆိုရန် ထုတ်ပြန်သည့် အချိန်ကာလနှင့် မျှတသည့် မေးခွန်းအား ကိုက်ညီစွာ စစ်ဆေးပေးရန် စသည့်အချက်များကိုပါ ပူးတွဲတင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်က အမျိုးသား ဒီမိုကရေစီ ပါတီသစ်ရုံး၌ ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲမှ သိရသည်။

"ကျွန်တော်တို့ကို ၀င်ခွင့်ပြန်ဖြေခိုင်းရင် တာဝန်ကျေ ကျင်းပပေးတဲ့ ပုံစံမျိုးတော့ မလိုချင်ပါဘူး။ အင်ဂျင်နီယာကျောင်း တက်ခွင့်ရပြီ ဆိုရင်တော့ အင်ဂျင်နီယာပဲ ဖြစ်ချင်ပါတယ်။ ပညာရေး စနစ်တွေ စတင်ပြောင်းလဲနေတဲ့ နေရာမှာ လက်တွေ့ပိုင်းကို မြှင့်တင်သင့်ပါတယ်။ အခု ကျွန်တော်တို့ အပြင်မှာ လုပ်ငန်းခွင် ၀င်တဲ့အခါမှာ အင်ဂျင်နီယာ ကျောင်းသားဆို အလုပ်ကြမ်း သမားတွေကတောင် အထင်မကြီးဘူး ဖြစ်နေတယ်" ဟု သန်လျင်နည်းပညာ တက္ကသိုလ် B-Tech ဖြင့် ကျောင်းပြီးထားသည့် ကိုတင်ကိုကိုက ဆိုသည်။

နည်းပညာ တက္ကသိုလ် (မှော်ဘီ) မှ ကထိက ဆရာတစ်ဦးက "အခု ကျွန်တော်တို့ သိသလောက်ကတော့ ၀င်ခွင့်စာမေးပွဲကို လာမယ့်ဧပြီလမှာ ကျင်းပပေးမယ်လို့တော့ ကြားနေတယ်။ ဒါပေမဲ့ ၀င်ခွင့်စာမေးပွဲကို အောင်ဖို့ဆိုရင်တော့ အမှန်တကယ် အရည်အချင်းပြည့်မှ အအောင်ပေးမှာပါ" ဟု ပြောကြားသည်။

B-Tech နှင့် BE ပေါင်းကူးတန်းတွင် သတ်မှတ်ထားသည့် အရည်အချင်း မပြည့်မီဘဲ ရိုးရိုးအောင်သည့် သူများမှာ နောက်တစ်နှစ် ဖြေဆိုခွင့် မရှိဘဲ အဝေးသင် တက္ကသိုလ်သို့ ပြောင်းလဲတက်ရောက်ကြရသည့် စနစ်ဖြစ်ကြောင်းနှင့် ၀င်ခွင့်စာမေးပွဲ ပြန်လည်ဖြေဆိုသည့် ကျောင်းသား ၃၀၀ ဦးဖြေဆိုလျှင် နှစ်ဦးခန့်သာ အောင်မြင်ကြောင်း ကိုတင်ကိုကိုက ပြောပြသည်။

၎င်းက "ကျောင်းသားလူငယ်တွေ ဒီလိုဖြစ်နေတယ် ဆိုတာကို လာမယ့်လွှတ်တော်မှာ ကျွန်တော်မေးခွန်း မေးသွားမှာ ဖြစ်တယ်။ အရင်ပညာရေး ၀န်ကြီးဌာန အနေနဲ့ ဒီဖြစ်ရပ်ကို သိပါသလား။ သိတယ်ဆိုရင် သူတို့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်း ဆောင်ရွက်ပေးမလဲ။ ခုသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတဲ့ အချက်တွေနဲ့ ကျွန်တော်မေးခွန်း မူကြမ်းကို သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ အရင်ဆုံး ဆွေးနွေးပြီး လွှတ်တော်ကို တင်ပြသွားမယ်" ဟု ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...