Wednesday, December 4, 2013

SMEs များ၏ ရင်းနှီးမြှုပ်နှံထားမှု၊ လုပ်ငန်းလည်ပတ် နေမှုများနှင့် ပတ်သက်၍ သတင်းအချက်အလက် မှန်ကန်စွာ ရရှိရေး OECD၊ UNESCAP နှင့် UMFCCI တို့ ပူးပေါင်းကာ ဒီဇင်ဘာလလယ်တွင် စစ်တမ်းကောက်ယူမည်

Wednesday, 04 December 2013



အသေးစား စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရန် လှုပ်ရှားမှုတစ်ခု ပြုလုပ်နေစဉ်

SMEs များ၏ ရင်းနှီးမြှုပ်နှံထားမှု၊ လုပ်ငန်းများ လည်ပတ်နေမှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရရှိစေရန် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်း (OECD) နှင့် ကုလသမဂ္ဂ၊ အာရှပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကော်မရှင် (UNESCAP) တို့ ပူးပေါင်းကာ ဒီဇင်ဘာလလယ်တွင် မြန်မာ့စီးပွားရေး စစ်တမ်းကောက်ယူရေး စီမံကိန်းအဖွဲ့ ဖွဲ့ကာ စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ ရင်နှီးမြှုပ်နှံမှုများ ပြုလုပ်သော စီးပွားရေး လုပ်ငန်းများက ၎င်းတို့၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ပေးရန် အခက်အခဲများ ရှိနေကြောင်း မှန်ကန်သော သတင်းအချက်အလက်များ မပေးနိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရရှိသင့်သလောက် မရကြကြောင်း သိရသည်။ ထို့ကြောင့် စစ်တမ်းများ ကောက်ယူရာတွင် သတင်းအချက်အလက်များ မှန်ကန်စွာ ရရှိရေးသည် များစွာလိုအပ်ကြောင်း UMFCCI ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အဆိုပါ စစ်တမ်းကောက်ယူခြင်းအား မြို့နယ်ပေါင်း ၂၅ ခုတွင် စတင်ကောက်ယူမည်ဖြစ်ပြီး အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းများကို အဓိကထား ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံ အနှံ့ကို အထက်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ မြို့နယ်ပေါင်း ၂၄၊ ၂၅ မြို့လောက် ရှိတယ်။ စက်မှုဇုန်တွေရှိတဲ့ မြို့တွေကိုလည်း ရွေးထားတယ်။ စက်မှုဇုန်တွေကြီးပဲလည်း ပါလို့က မရဘူး။ စစ်တမ်းကောက်တဲ့ နေရာမှာ ဘက်လိုက်မှုတွေ မဖြစ်အောင်လို့ ဇုန်ထဲမှာ မရှိတဲ့ သူတွေရဲ့ အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းတွေကိုပါ စစ်တမ်းကောက်ယူသွားမယ်။ တတ်နိုင်သမျှ စီးပွားရေး လုပ်ငန်းရှင်တွေ အကုန်လုံး ပါလာအောင် လုပ်ဆောင်သွားမယ်" ဟု UMFCCI အလုပ်အမှုဆောင် ဒါရိုက်တာ ဦးအောင်ခင်မြင့်က ပြောကြားသည်။

ထိုကဲ့သို့ စစ်တမ်းများအား အချိန်သုံးလကြာ စစ်တမ်းကောက်ယူ သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံ အစိုးရ၊ ကိုရီးယားနိုင်ငံ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အင်စတီကျု့၊ Deutsche Gesellschaftfu`r Internationale Zusammenarbeit (GIZ)၊ ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အေဂျင်စီနှင့် အာဆီယံ ဖောင်ဒေးရှင်းတို့က ပူးပေါင်းကူညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် ငွေကြေးလည်ပတ်မှု အခြေအနေများနှင့် လုပ်ငန်းအောင်မြင်မှု အခြေအနေများကို သိရှိခြင်း၊ မရှိခြင်းများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ချဲ့ထွင်ပြီး တိုးတက်မှုများကို လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်းနှင့် စစ်တမ်းများ ကောက်ယူပြီးပါက အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...