Thursday, October 31, 2013

ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များစွာ ရေးဆွဲဖန်တီးခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်

 Thursday, 31 October 2013


ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များစွာ ရေးဆွဲဖန်တီးခဲ့သည့် ကာတွန်း ဦးအောင်ရှိန်သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၃၀ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

ကာတွန်း ဦးအောင်ရှိန်သည် ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ် ရှိပြီဖြစ်သည်။ ကွယ်လွန်သူ ကာတွန်းဦးအောင်ရှိန်၏ ရုပ်အလောင်းကို နိုဝင်ဘာ ၁ ရက်နေ့တွင် ရေးဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။ "ဆရာကြီးက မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကွယ်လွန်တာလို့ သိရတယ်။ အသက်ကြီးနေပြီဖြစ်တော့ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားတာပါ။ ကာတွန်းဇာတ်ကောင်တွေ အများကြီးကို မွေးထုတ် ဖန်တီးပေးခဲ့တဲ့ ကာတွန်းဆရာကြီး ကွယ်လွန်သွားတာ ဖြစ်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရူံးမှုတစ်ခုပါပဲ"ဟု ကာတွန်း မောင်မောင်အောင်က ကာတွန်း ဦးအောင်ရှိန် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

ထို့ပြင် ကာတွန်းဦးအောင်ရှိန်၏ တပည့်အရင်းဖြစ်သူ ကာတွန်း ရွှေမင်းသားကလည်း "ကျွန်တော်နဲ့က ဆရာရင်း တပည့်ရင်းတွေပါ။ ၁၉၅၈ လောက်ကတည်းက ဆရာကြီးဆီမှာ ကာတွန်း ရေးဆွဲနည်းပညာကို သွားရောက် သင်ယူခဲ့ရပါတယ်။ ဆရာကြီးရဲ့မတူကွဲပြားတဲ့ ဇာတ်ကောင်တွေ အားလုံးက ပရိသတ်ရင်ထဲကို ရောက်ခဲ့တာချည်းပါပဲ။ ဆရာကြီး ကွယ်လွန်သွားတဲ့အတွက် အရမ်းနှမြောမိပါတယ်"ဟု ရှင်းပြခဲ့သည်။ ကာတွန်း ဦးအောင်ရှိန်သည် ဦးကပ်စေး၊ တိုက်ဂါး၊ ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တိုနှင့် မျောက်ညို၊ ဦးစံရှားနှင့် ဒိန်းဒေါင် စသည့် နာမည်ကျော် ကာတွန်းဇာတ်ကောင်များကို ဖန်တီးရေးဆွဲခဲ့သည့် ကာတွန်းဆရာကြီး တစ်ဦးဖြစ်သည်။

ကာတွန်းဦးအောင်ရှိန်ကို ၁၉၂၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဦးလူပေါ ဇာတ်ရုပ်နှင့် ၎င်း၏ ကာတွန်းလောကကို စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...