Wednesday, October 30, 2013

ဥရောပ မြောက်ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံး

Wednesday, October 30, 2013


လန်ဒန်တွင် မုန်တိုင်းကြောင့် သစ်ပင်များ ပြိုလဲပြီးနောက် အောက်တိုဘာ ၂၈ ရက်က အပျက်အစီးများ ရှင်းလင်းနေစဉ် (Photo:AFP)

ဥရောပ မြောက်ပိုင်းတွင် အင်အားပြင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာ ၂၈ ရက်တွင် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကာ ပို့ဆောင်ရေး ၀န်ဆောင်မှုများ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဗြိတိန်တွင် လေးဦး၊ ဂျာမနီတွင် သုံးဦး၊ နယ်သာလန်တွင် နှစ်ဦး၊ ပြင်သစ်တွင် တစ်ဦးနှင့် ဒိန်းမတ်တွင် တစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူ ၁၁ ဦးသည် သစ်ပင်ပိမိခြင်း၊ ဓာတ်ငွေ့ပိုက် ပေါက်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားကာ နေအိမ်ပြိုလဲမှုအတွင်း ပိမိခြင်း၊ ရေနစ်ခြင်း၊ အုတ်ခဲထိမှန်ခြင်း စသည်တို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်တွင် အင်္ဂလန်တောင်ပိုင်း ကမ်းခြေတစ်ခုတွင် ရေလွှာလျှော စီးနေစဉ် ပျောက်ဆုံးသွားသော အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ကယ်ဆယ်ရေး ၀န်ထမ်းများက ရှာဖွေရာတွင် ပင်လယ်ပြင်တွင် ဆိုးရွားသော ရာသီဥတု အခြေအနေများက အတားအဆီး ဖြစ်နေသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ယင်းမုန်တိုင်းကြောင့် သေဆုံးမှုများကို အလွန်ဝမ်းနည်းဖွယ်အဖြစ် ပြောကြားခဲ့သည်။

အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်း တောင်ပိုင်းအနီးဝိုက်ကျွန်းတွင် တစ်နာရီ ၉၉ မိုင်နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ကြောင်း ဗြိတိန်မိုးလေ၀သ ဌာနက ထုတ်ပြန်ခဲ့သည်။ လေပြင်းများကြောင့် ဗြိတိန်နှင့် ပြင်သစ်တွင် နေအိမ် ၅၀၀၀၀၀ ကျော် လျှပ်စစ်ဓာတ်အား မရရှိဘဲ နေထိုင်နေခဲ့ရကြောင်း သိရသည်။

တစ်နာရီ မိုင် ၈၀ နှုန်းဖြင့် တိုက်ခတ်သော လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ထောင်ပေါင်းများစွာ လဲပြိုပြီး ကိုပင်ဟေဂင်လေဆိပ်တွင် ခရီးသည် ထောင်ပေါင်းများစွာ သောင်တင်ခဲ့သည်။ အင်္ဂလန်တောင်ပိုင်း၊ ဒိန်းမတ်၊ နယ်သာလန်နှင့် ဂျာမနီတို့တွင် ရထားပို့ဆောင်ရေး ၀န်ဆောင်မှုများစွာ ဖျက်သိမ်းခဲ့ရသည်။ အင်္ဂလန် အရှေ့တောင်ပိုင်းရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ခုတွင်လည်း ဓာတ်ပေါင်းဖိုနှစ်ခုစလုံး အလိုအလျောက် ပိတ်သွားခဲ့ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...