Sunday, October 27, 2013

နေပြည်တော်၊ သီရိရတနာအဆင့်မြင့်ဈေးအတွင်းရှိ ဧရာဝတီဘဏ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

 Created on Sunday, 27 October 2013


မီးလောင်ကျွမ်းခဲ့သည့် ဆိုင်းဘုတ်ကို မီးငြှိမ်းသတ်ပြီးနောက် တွေ့ရစဉ်

အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သီရိရတနာအဆင့်မြင့် ဈေးအတွင်းရှိ အကွက်အမှတ် (၁၁၁ ) တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ်၌ မီး လောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က ဘဏ်ဆိုင်းဘုတ်တွင် တပ်ဆင်ထားသည့် အလှမီးလုံးများ အပူရှိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ည ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

နေပြည်တော် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မီးလောင်ကျွမ်းရတာက ဘဏ်ဆိုင်းဘုတ်မှာ ထွန်းထားတဲ့ မီးလုံးတွေ အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့တာပါ။ တခြားနေရာတွေတော့ မလောင်ကျွမ်း ခဲ့ပါဘူး”ဟု အောက်တိုဘာ ၂၆ ရက် ည ၁၀ နာရီခွဲကပြောကြားသည်။

ယင်းမီးလောင်ကျွမ်းမှုနေရာသို့ နေပြည်တော်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၂၆ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၃၉ ဦးရောက်ရှိ ငြိမ်းသတ်ခဲ့ကြ ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘဏ်ဆိုင်းဘုတ်မှာ လောင်ကျွမ်းပျက်စီးသွားခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၃၀ ခန့်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မ ရဲစခန်း မှူး ရဲမှူးညီညီဝင်းက “ဆိုင်းဘုတ်ကိုပဲ မီးလောင်ကျွမ်းသွားခဲ့တာပါ။ အခြားငွေကြေးနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ဘာတစ်ခုမှ လောင်ကျွမ်းဆုံးရှုံးမှု မရှိခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဘဏ်လုံခြုံရေးတာဝန်ရှိသူအား ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်းမှ (ပ) ၁၁၀/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...