Sunday, October 27, 2013

လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများ အပါအ၀င် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား တရုတ်၊ စင်ကာပူနှင့် သြစတြေးလျ လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြု

Sunday, 27 October 2013 00:52



လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေသည့် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ တစ်ရုံအား တွေ့ရစဉ်

လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများ အပါအ၀င် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခြောက်ခုအား တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ British Virgin Islands နှင့် သြစတြေးလျ လုပ်ငန်းရှင်၊ ကုမ္ပဏီများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်း၊ လက်ခစားစနစ်ဖြင့် အမျိုးသမီးဝတ် အင်္ကျီအမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ တိရစ္ဆာန် မွေးမြူရေးနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်း လုပ်ငန်း၊ လက်ခစားစနစ်ဖြင့် ဆွယ်တာအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် လက်ခစားစနစ်ဖြင့် ဖိနပ်ချုပ်လုပ်ခြင်း လုပ်ငန်းများဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး (၂၇/၂၀၁၃) တွင် အဆိုပါ လုပ်ငန်းများအား လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းတစ်ခုကို သြစတြေးလျနှင့် မြန်မာလုပ်ငန်းရှင်တို့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း အခြားတစ်ခုအား ဟောင်ကောင်ကုမ္ပဏီ တစ်ခုက လှိုင်သာယာမြို့နယ်၊ ရွှေသံလွင် စက်မှုဇုန်တွင် ဆောင်ရွက်ရန် ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။

လက်ခစားစနစ်ဖြင့် ဖိနပ်ချုပ်လုပ်ခြင်း လုပ်ငန်းကို တရုတ်ကုမ္ပဏီ Yi Mei Foot wear Products Factory Co.,Ltd က ရရှိခဲ့ ပြီး ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ခစားစနစ်ဖြင့် အမျိုးသမီးဝတ် အင်္ကျီအမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို British Virgin Islands မှ ကုမ္ပဏီတစ်ခုက ရရှိခဲ့ခြင်းဖြစ်ပြီး ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

တိရစ္ဆာန် မွေးမြူရေးနှင့် တိရစ္ဆာန် မွေးမြူရေး အစာထုတ်လုပ်ရေး လုပ်ငန်းကို မြန်မာကုမ္ပဏီ တစ်ခုနှင့် စင်ကာပူ ကုမ္ပဏီတစ်ခုတို့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံအဖြစ် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုန်တွင် လက်ခစားစနစ်ဖြင့် ဆွယ်တာအမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းအား တရုတ်ကုမ္ပဏီ တစ်ခုက ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...