Sunday, December 29, 2013

သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အတိုက်အခံ NLD ပါတီ ရွေးကောက်ပွဲဝင်မည်

Sunday, 29 December 2013



ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် NLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းက မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ်

သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူများက ဒီဇင်ဘာ ၂၈ ရက် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြောကြားချက်နှင့် ပတ်သက်၍ မီဒီယာအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက NLD ပါတီ ရွေးကောက်ပွဲမ၀င်ဟု ဖော်ပြခဲ့မှုများအပေါ် ပြောရေးဆိုခွင့်ရှိသူများက ပြန်လည်ငြင်းဆိုခဲ့ပြီး ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီထက်ပိုပြီး တိကျအောင်ပြောရရင် ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်။ NLD က ၀င်ပြိုင်မယ်ဆိုတာ အစကတည်းက ဆုံးဖြတ်ထားတာ။ ပြင်ရင်ဝင်မယ်။ မပြင်ရင်မ၀င်ဘူးဆိုတာ မရှိဘူး။ ၀င်ကိုဝင်မှာ။ နဂိုကတည်းက ဆုံးဖြတ်ပြီးသား . . .


"ဒီထက်ပိုပြီး တိကျအောင်ပြောရရင် ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်။ NLD က ၀င်ပြိုင်မယ်ဆိုတာ အစကတည်းက ဆုံးဖြတ်ထားတာ။ ပြင်ရင်ဝင်မယ်။ မပြင်ရင်မ၀င်ဘူးဆိုတာ မရှိဘူး။ ၀င်ကိုဝင်မှာ။ နဂိုကတည်းက ဆုံးဖြတ်ပြီးသား"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းထောက်များကို ပြောကြားသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဘဲ ၀င်ရောက်မယှဉ်ပြိုင်သင့်ဟုဆိုရာတွင် မိမိတို့မပြိုင်ဟု ပြောခြင်းမဟုတ်ဘဲ တစ်ဖက်သတ် အသာစီးယူကာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် သိက္ခာမရှိဟု ပြောခဲ့ခြင်းသည် မပြင်ဆင်လိုသည့်ပါတီများကို ရည်ညွှန်းပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် စကားအပေါ် ပြန်လည်ရှင်းလင်း ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်အချက်ကိုလည်း ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီသို့ တင်သွင်းသည့် ၁၆၈ ချက်ပါ အစီရင်ခံစာတွင် ထည့်သွင်းထားပြီး ယင်းအချက်ကို မပြင်ဆင်ပါကလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

NLD သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ကတိပေးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်ဟူသော အချက်နှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင်းသို့ ကိုယ်စားလှယ်အများအပြား ရောက်ရှိရေးသည် အဓိကဖြစ်သောကြောင့်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်မှုရှိနိုင်သော်လည်း တရားမျှတမှုအတွက် သံသယဖြစ်မိကြောင်း၊ ရွေးကောက်ပွဲတွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲထက်ပို၍ အနိုင်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် NLD တို့သည် နှလုံးရည်ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်သည်ဟုလည်း ပါတီကြီးနှစ်ခုကြား အခြေအနေကို သုံးသပ်ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စစ်အစိုးရက အာဏာမလွှဲအပ်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံခြင်းတို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...