Sunday, December 15, 2013

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့ပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုများပြား

Sunday, 15 December 2013


နယ်စပ်ကုန်သွယ်မှုပမာဏ အများဆုံးရရှိသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာ ၆ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုထက် ပို့ကုန်တင်ပို့မှု ပိုမိုများပြားခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့်အိမ်နီးချင်းနိုင်ငံ လေးနိုင်ငံနှင့် ကုန်သွယ်မှုကို နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၂၈၄ ဒသမ ၃၀၁ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂၈၄ ဒသမ ၂၀၉ သန်းသာ ရရှိခဲ့သဖြင့် ယခုနှစ်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုကို မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်၊ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင်၊ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် တမူး၊ ရိဒ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းများဖြစ်သည့် စစ်တွေ၊ မောင်တောစခန်းများမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုပမာဏ၏ ထက်ဝက်ကျော်ကို တရုတ်နှင့်ကုန်သွယ်မှုမှ ရရှိခဲ့ခြင်းဖြစ်ပြီး ထိုင်းနှင့်ကုန်သွယ်မှုမှာ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျှက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း၊ တရုတ်နယ်စပ်များတွင် ကုန်သွယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ထပ်မံဖွင့်လှစ်ရန် လျာထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ မြန်မာ-တရုတ်နယ်စပ်တွင် မိုင်းလားနယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မယ်စဲ့ ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်း၊ ပုံပါကျင် နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...