Sunday, December 15, 2013

တရုတ်၏လွှမ်းမိုးမှုကို ကန့်သတ်ရန် မြန်မာအား အကူအညီထပ်မံပေးမည့် မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေး တိုကျိုမြို့၌ ယနေ့ပြုလုပ်မည်

Sunday, 15 December 2013



တိုကျိုမြို့တွင် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သော (၅)ကြိမ်မြောက် ဂျပန်-မဲခေါင်ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အဖွင့်မိန့်ခွန်း ပြောကြားစဉ်

နှစ် (၄၀) ပြည့် အာဆီယံ-ဂျပန် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးနှင့် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့၏ မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးကို တိုကျိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်ယနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးကို တိုကျိုမြို့ရှိ ဂျပန်ဝန်ကြီးချုပ်ရုံး၌ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စတင်ပြုလုပ်ရန် စီစဉ်ထားသည်။

အဆိုပါထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှုနှစ် (၆၀)ပြည့်မည့် ၂၀၁၄ ခုနှစ်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နေမှုများတွင် ဂျပန်က ထောက်ခံရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ဥပဒေခိုင်မာစေရေး၊ ကျန်းမာရေးနှင့် ဆေးပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး စသည့်အကြောင်းအရာလေးရပ်ကို နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေး ကူညီသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထုတ်ဖော်ပြောကြား . . .


အဆိုပါထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍ တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၈၅ (ယန်း ဘီလျံ ၆၀)ကို ချေးငွေအဖြစ်ကူညီရေး ထုတ်ဖော်ပြောကြားဖွယ်ရှိကြောင်းလည်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။

ထိုသို့ ကူညီရခြင်းမှာ မြန်မာနိုင်ငံအပေါ် တရုတ်၏လွှမ်းမိုးမှုကို ကန့်သတ်ရန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရေးကို ကူညီရန်ဖြစ်ကြောင်း သိရသည်။

တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေး ကူညီသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထုတ်ဖော်ပြောကြားထားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်တစ်ဦး၏ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ပြီးခဲ့သည့်မေလက သုံးရက်တာ လာရောက်ခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဧပြီလက ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် ဂျပန်- မဲခေါင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးနှင့် မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဂျပန်အစိုးရမှ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ၊ သီလ၀ါအထူးစီးပွားရေးဇုန် ပင်မစီမံကိန်းဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်မှုအပေါ် ရည်ရွယ်သည့် စာချွန်လွှာနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောများ ပြန်လည်ထူထောင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ၂၀၁၁ ခုနှစ် မတ်လတွင် တက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်လာ၍ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့တွင် ကူညီထောက်ပံ့မှုများကို ပိုမိုပြုလုပ်လာခဲ့သည်။ ထို့ပြင်မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကိုလည်း လျှော်ပစ်ခဲ့သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို ကမ္ဘာ့ဇာတ်ခုံအလယ်တွင် အကာအကွယ်ပေးခဲ့၍ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် လက်ဦးမှုရယူနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် လက်ရှိလည်း မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

အလားတူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဖွင့်ပွဲ၊ ပိတ်ပွဲအတွက်လည်း တရုတ်နိုင်ငံက နည်းပညာအကူအညီများပေးခဲ့ပြီး ပြိုင်ပွဲမတိုင်မီ တရုတ်နည်းပြ ၂၀ ကျော်ကို မြန်မာနိုင်ငံသို့ စေလွှတ်ပြီး မြန်မာအားကစားသမားများအား လေ့ကျင့်သင်ကြားပေးသလို မြန်မာအားကစားသမား ၁၇၀ ကျော်ကိုလည်း တရုတ်နိုင်ငံသို့ ဖိတ်ခေါ်၍ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...