Monday, December 2, 2013

တရုတ်လေကြောင်း ကာကွယ်ရေး ဇုန်သစ်တွင် ပျံသန်းမှုများ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဟု အမေရိကန် ပြောကြား

Monday, December 2, 2013



တရုတ်ပြည်တွင်းထုတ် တိုက်လေယာဉ် ပုံစံတူ တစ်စင်းကို ပေကျင်းတွင် နိုဝင်ဘာ ၂၇ ရက်က ပြသထားစဉ် (Photo:AFP)

တရုတ်က မကြာသေးမီက ကြေညာထားသော လေကြောင်းကာကွယ်ရေး ဇုန်သစ်တွင် အမေရိကန်နှင့် ဂျပန်လေယာဉ်များကို စောင့်ကြည့်ရန်အတွက် တိုက်လေယာဉ်များ ဖြန့်ကြက်ချထားရန် ကြိုးပမ်းစဉ် အမေရိကန်က ၎င်းတို့၏ ပုံမှန်ပျံသန်းမှုများကို ပြောင်းလဲမည် မဟုတ်ကြောင်း အမေရိကန် စစ်တပ်အကြီးအကဲများက အခိုင်အမာ ပြောကြားခဲ့သည်။

"တရုတ်ရဲ့ ကာကွယ်ရေးဇုန်သစ် အပါအ၀င် ပစိဖိတ်တစ်လျှောက် အပြည်ပြည်ဆိုင်ရာ လေကြောင်းကို ပုံမှန်ဖြတ်သန်းနေတဲ့ ခရီးစဉ်တွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီလေယာဉ်တွေက ကမ္ဘာတစ်ဝန်း ဒေသအများအပြားမှာ ကျင့်သုံးနေတဲ့ အမေရိကန် လေကြောင်းသွားလာမှု လွတ်လပ်ရေး မူဝါဒတွေနဲ့အညီ ဖြစ်ပါတယ်။ အဲ့ဒီဇုန်မှာ အမေရိကန်က ပုံမှန်အတိုင်း ပျံသန်းနေသလို နောင်လည်းဆက်လက် ပျံသန်းမယ်ဆိုတာ အသေအချာပါပဲ" ဟု ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတိဗ်ဝါရင်းက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ပုဂ္ဂလိက လေကြောင်းလိုင်းများသည် ယင်းဇုန်သစ်သို့ ၀င်ရောက်ရာတွင် တရုတ်က တောင်းဆိုသည့်အတိုင်း အကြောင်းကြားသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းသည် တရုတ်၏ တောင်းဆိုချက်များကို အမေရိကန် အစိုးရက လက်ခံသည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တရုတ်က လေကြောင်းကာကွယ်ရေး ဇုန်သစ်သို့ နိုဝင်ဘာ ၂၉ ရက်တွင် စစ်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း တရုတ်မီဒီယာ တစ်ခုတွင် ဖော်ပြခဲ့သည်။ ယင်းဇုန်သို့ ၀င်ရောက်လာသည့် အမေရိကန်နှင့် ဂျပန်လေယာဉ်များ၏ အချက်အလက်များကို အတည်ပြုရန် တိုက်ခိုက်ရေး ရဟတ်ယာဉ် များစွာကို စေလွှတ်ခဲ့ကြောင်း တရုတ်လေတပ် ပြောခွင့်ရပုဂ္ဂိုလ် စန်းကျင်ခယ်က ပြောကြားခဲ့ကြောင်း သိရသည်။

ပိုင်ဆိုင်မှု အငြင်းပွားနေသော ဂျပန်အခေါ် ဆင်ကာကူ သို့မဟုတ် တရုတ်အခေါ် ဒိုင်အိုယူကျွန်း အပါအ၀င် အရှေ့တရုတ် ပင်လယ်တွင်းရှိ ကျယ်ပြန့်သော နေရာတစ်ခုကို လေကြောင်းကာကွယ်ရေး ဇုန်အဖြစ် တရုတ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေညာခဲ့သည်။ ယင်းဇုန်သို့ ၀င်ရောက်သော လေယာဉ်များသည် ခရီးစဉ်နှင့် မူရင်းနိုင်ငံတို့ကို တင်ပြရန် တရုတ်၏ တောင်းဆိုမှုများကို ဂျပန်နှင့် အမေရိကန်က လျစ်လျူရှုနေကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ တရုတ်က ညွှန်ကြားချက်များကို မလိုက်နာသော လေယာဉ်များသည် ကာကွယ်ရေး အရေးပေါ် စီမံချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...