Saturday, January 18, 2014

၂၀၁၃ နှစ်ကုန်ပိုင်းအထိ ခွင့်ပြုပေးခဲ့သော ဟိုတယ်အလုံးပေါင်း ၉၀၀ ကျော်ရှိပြီး ဟိုတယ်ကဏ္ဍတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာနိုင်ဖွယ်ရှိ



Saturday, January 18, 2014


အောင်ရဲကို
ရန်ကုန်မြို့အတွင်းရှိ ခွင့်ပြုပေးထားသော ဟိုတယ်တစ်ခုအား တွေ့ရစဉ်


ယခင်နှစ်ကုန်ပိုင်းအတွင်း ခွင့်ပြုပေးခဲ့သော ဟိုတယ်အလုံးပေါင်း ၉၂၃ ခုထိရှိခဲ့ပြီး ယခုနှစ် အတွင်း၌လည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် လေ့လာနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာ မှုများအနက် အာရှနိုင်ငံများမှ အများဆုံးဖြစ်နေပြီး ဥရောပနိုင်ငံ အချို့မှလည်း ပါဝင်နေကြောင်း၊ လတ်တလောတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် လာရောက် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ရင်းနှီးမြှုပ်နှံမှု အပိုင်းများကို အဓိကထား ဆွေးနွေးနေကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက “အာရှနိုင်ငံထဲမှဆိုရင် မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံပြီးသားတွေဖြစ်တဲ့ ထိုင်းပါတယ်။ ပြီးတော့ စင်ကာပူနဲ့ ဂျပန်လည်းပါတယ်။ ဥရောပနိုင်ငံတွေ ထဲမှာဆိုလည်း ဒီလိုပဲ” ဟု ပြောကြားသည်။

ယင်းအပြင် မြန်မာနိုင်ငံသား ပြည်တွင်း လုပ်ငန်းရှင်များမှလည်း ဟိုတယ်နှင့် ခရီးသွားလာရေး အပိုင်းတို့တွင် များစွာရင်းနှီး မြှုပ်နှံမှုကို ပြုလုပ်နေပြီး တစ်ပတ်လျှင် ဟိုတယ်အဆင့်ရှိ အဆောက်အအုံ ငါးလုံးခန့်အထိ တည်ဆောက်ရန် ၀န်ကြီးဌာနသို့ လာရောက် တင်ပြမှုများပင် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် အလွန်၌ ခရီးသွားကဏ္ဍ တိုးတက်မှုမှာ မြင့်မားလာသဖြင့် ဆက်စပ်လုပ်ငန်း ဖြစ်သည့် ဟိုတယ်ကဏ္ဍ၌လည်း တိုးတက်မှုများ ဖြစ်ပေါ်လာကာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် စောင့်ကြည့်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် သုံးသန်းအထိ ၀င်ရောက်ရန် မျှော်မှန်းထားပြီး ဟိုတယ်နှင့် အခန်းအရေအတွက်ကိုလည်း လုံလောက်စွာ ဖြည့်တင်းရန် လုပ်ဆောင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ဟိုတယ်ကဏ္ဍ၌ နိုင်ငံခုနှစ်ခုမှ မြှုပ်နှံထားသည့် ဟိုတယ်အလုံးပေါင်း ၃၆ လုံးထိရှိကြောင်း၊ စင်ကာပူနိုင်ငံမှ ဟိုတယ် ၁၂ လုံးဖြင့် သန်းခုနှစ်ရာနီးပါး မြှုပ်နှံထားကာ၊ ၎င်းနောက်တွင် ဗီယက်နမ်မှာ သန်း ၄၅၀ ခန့်ဖြင့် ဒုတိယ နေရာတွင်ရှိကြောင်း၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှားနှင့် ဗြိတိန်တို့မှာလည်း ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၇၁၀ ဒသမ ၄၃၉ မြှုပ်နှံထားကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...