Sunday, January 12, 2014

အီးယူမှပေးအပ်သည့် GSP အခွင့်အရေးအရ ကုန်ကြမ်းယူ၍ ကုန်ချောထုတ်သည့် လက်ခစားလုပ်ငန်းများ တိုးတက်လာနိုင်ကြောင်း မြန်မာ့ရေထွက်ကုန် လုပ်ငန်းရှင်များ ပြောကြား

Sunday, January 12, 2014
ရန်မျိုးအောင်

ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ခု၏ လုပ်ငန်းခွင်အား တွေ့ရစဉ်


အီးယူမှပေးအပ်သည့် GSP အခွင့်အရေးအရ ပြည်ပသို့ ရေထွက်ကုန်တင်ပို့ရာတွင် ကုန်ကြမ်းယူ၍ ကုန်ချောထုတ်သည့် လက်ခစားလုပ်ငန်းများ တိုးတက်လာနိုင်ကြောင်း မြန်မာ့ရေထွက်ကုန် လုပ်ငန်းရှင်များက ပြောကြားသည်။

ရေထွက်ကုန်တင်ပို့ရာတွင် အီးယူမှ ကုန်သွယ်မှု အခွန်အကောက်ခံရသည့် အခြားကုန်သွယ်ဖက်နိုင်ငံများမှ ကုန်သွယ်မှုအခွန် ကင်းလွတ်ခွင့်ရထားသည့် မြန်မာနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ ကုန်ကြမ်းများကို ကုန်ချောအဖြစ်ဖြင့် ဖြန့်ဖြူးလာမည်ဖြစ်သဖြင့် ယင်းမှကုန်ကြမ်းယူ၍ ကုန်ချောအဖြစ် ပြန်လည်ထုတ်သည့် လက်ခစားစနစ် CMP လုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ကြောင်း သိရသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ အရင်ကအီးယူကို မသွားရဘူး။ သွားရင် ဘင်္ဂလားဒေ့ရှ်က အခွန်သုညဆိုတော့ ဘင်္ဂလားဒေ့ရှ်ကိုပို့တယ်။ အခွန်ချွတ်တယ်။ အခွန်ချွတ်တယ်ဆိုတာ ဟိုရောက်တော့ အခွန်နည်းပြီးတော့ ဘင်္ဂလားဒေ့ရှ်ကနေ အီးယူသွားတယ်။ ဗမာထုတ်ကုန်လည်းပျက်ပြီး သူများဆီကနေ ကပ်လိုက်သွားတယ်"ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ရေထွက်ပို့ကုန်လုပ်ငန်းရှင် ဦးထွန်းအေးက ပြောကြားသည်။

၎င်းက"အခုဒီလိုပဲ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ဘာတို့က ရာခိုင်နှုန်း ၇၊ ၈ အီးယူက ကောက်ပြီးဆိုရင် အဲဒီပေါ်မှာကျွန်တော်တို့က သူတို့နဲ့ CMP ပေါ့၊ CMP စနစ်နဲ့လုပ်ရင် သူတို့ဆီက ကုန်ကြမ်းသွင်းလာမယ်။ ဒီမှာကုန်ချောထုတ်မယ်။ နောက်ဆုံးပေါ့ ပုစွန်အကောင်လိုက် ကုန်ကြမ်းသွင်းလာလို့ ခေါင်းဖြတ်၊ အခွံလေးခွာတာနဲ့ ကျွန်တော်တို့လုပ်အားခရမယ်။ အကျိုးအမြတ်တစ်ခုရမယ်။ ဒီလိုဖြစ်လာရင် CMP လုပ်ငန်းတွေလည်း တိုးတက်လာနိုင်ပါတယ်"ဟု ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံကို အီးယူနိုင်ငံများမှ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP ခုနစ်ရာခိုင်နှုန်း ကောက်မည်ဖြစ်သဖြင့် အီးယူနိုင်ငံများနှင့် အပြင်းအထန် ဆွေးနွေးနေပြီး ကောက်ခံပါက မြန်မာနိုင်ငံ ထွက်ကုန်များအနေဖြင့်လည်း ထိုင်းကုန်ဈေးနှုန်းကို ယှဉ်နိုင်မည်ဖြစ်၍ ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း CMP လုပ်ငန်းများတွင် အခွင့်အရေးကောင်းများ ရလာမည်ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...