Sunday, January 12, 2014

ရှမ်းပြည်နယ်တွင် ခဲသတ္တုသန့်စင် အကြီးစားထုတ်လုပ်မှုလုပ်ငန်းအား တရုတ်ကုမ္ပဏီတစ်ခု ဖက်စပ်နိုင်ငံခြားမြှုပ်နှံမှု လုပ်ငန်းအဖြစ် ၀င်ရောက်လုပ်ကိုင်မည်

Sunday, January 12, 2014
ချမ်းမြေ့သူ

တရုတ်နှင့် မြန်မာကုမ္ပဏီတို့ အကျိုးတူ တူးဖော်လုပ်ကိုင်နေသည့် လက်ပံတောင်းတောင်စီမံကိန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)


ရှမ်းပြည်နယ် တောင်ကြီးခရိုင် ကလောမြို့နယ်၌ ခဲသတ္တုသန့်စင် အကြီးစားထုတ်လုပ်မှုလုပ်ငန်းအား တရုတ်ကုမ္ပဏီတစ်ခုမှ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအား တရုတ်ကုမ္ပဏီဖြစ်သည့် Sichuan Henglu Industrial ကုမ္ပဏီ၊ Good Plus Star Mining ကုမ္ပဏီ(စီချွမ်) တို့ပူးပေါင်း၍ GPS Joint Venture ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ရန် နေပြည်တော်၌ ဇန်န၀ါရီ ၈ ရက်၌ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်နှင့်အတူ သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ယူ၍ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက် တင်ပြမှုအပေါ် စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့်အတွက် မြန်မာကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအပြင် ချင်းပြည်နယ်အတွင်းရှိ မြွေတောင် ဖားတောင်စီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် North Mining Investment ကုမ္ပဏီက ပြင်ဆင်နေပြီး စမ်းသပ်ရှာဖွေမှုများပြီးစီးပါက စီးပွားဖြစ်ထုတ်လုပ်ခွင့်ပြုရန် တင်ပြထားကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်လိုသည့် ပြည်ပနိုင်ငံများအား EIA ၊ SIA စစ်တမ်းများလုပ်ဆောင်စေခြင်း၊ EIA အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း စသည့်အချက်များပြည်စုံမှသာ ပြည်တွင်းသတ္တုကဏ္ဍ၌ မြှုပ်နှံရန် ခွင့်ပြုချက်များ ချပေးခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၃၃ သန်းကျော်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...