Sunday, January 12, 2014

ဈေးနှုန်းများသည်ဟု ဝေဖန်မှုအချို့ရှိသော်လည်း ဒဂုံမြောက်ပိုင်းရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများအား ၀ယ်လိုကြောင်း လျှောက်ထားသူများပြား

Sunday, January 12, 2014

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်းအား တွေ့ရစဉ်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ ၀ယ်ယူခွင့်အတွက် လျှောက်လွှာများကို ဇန်န၀ါရီလဆန်းပိုင်းတွင် စတင်လျှောက်ထားခွင့်ပြုခဲ့ရာ လျှောက်ထားသူများပြားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ယင်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများအား အရစ်ကျဝယ်ယူမှုစနစ်နှင့် ဘဏ်ချေးငွေဖြင့် ၀ယ်ယူမှုစသည့် နည်းလမ်းနှစ်မျိုးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေမှာ အနည်းဆုံး လေးနှစ်ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဈေးနှုန်းများအနေဖြင့် အရစ်ကျဝယ်ယူပါက အနည်းဆုံး ကျပ် ၂၃၇ သိန်းဖြစ်၍ ဈေးများသည်ဟု အခြေခံလူတန်းစားအချို့အကြား ဝေဖန်မှုများရှိနေသော်လည်း လျှောက်ထားသူများပြားနေခြင်း ဖြစ်သည်။

အဆိုပါအိမ်ရာစီမံကိန်းတွင် လေးခန်းတွဲ ရှစ်ထပ်တိုက် ၁၄ လုံး ပါဝင်မည်ဖြစ်ပြီး အခန်းဈေးနှုန်းများမှာ အများဆုံး ၃၂၉ သိန်းမှ အနည်းဆုံး ကျပ် ၂၃၇ သိန်းအထိဖြစ်သည်။

အရစ်ကျဖြင့် ၀ယ်ယူမှုအတွက် တိုက်ခန်းတစ်ခန်းလျှင် စာချုပ်ချုပ်ဆိုသည့်အချိန်၌ တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ ဒုတိထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ စတုတ္ထထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ ဆဋ္ဌမထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ တိုက်အမိုးမိုးပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းနှင့် တိုက်ခန်းအားအပ်နှံသည့်အချိန်တွင် ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘဏ်ချေးငွေဖြင့် ၆၁၄ စတုရန်းပေရှိသည့် အခန်းတန်ဖိုး ၂၅၅ သိန်းအား ၀ယ်ယူမည်ဆိုပါက ကြိုတင်ငွေ ရာခိုင်နှုန်း ၃၀၊ (Bank Commision Charge) ၁ ရာခိုင်နှုန်း၊ ပထမနှစ်ဘဏ်တိုး ၉ ရာခိုင်နှုန်းတို့ပေါင်း၍ စုစုပေါင်း ရာခိုင်နှုန်း ၄၀ အား စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ပေးချေရမည်ဖြစ်ပြီး၊ ဒုတိယနှစ် ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ တတိယနှစ် ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ စတုတ္ထနှစ် ဘဏ်တိုး ၅ ရာခိုင်နှုန်းနှင့် လစဉ်ပေးသွင်းငွေ (၄၈ လအတွက်)တစ်လလျှင် ကျပ် ၃၇၁၈၇၅ ကျပ် ပေးသွင်းရမည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်တိုးများတည့်တွက်လိုက်ပါက တိုက်ခန်း၏ စုစုပေါင်းကုန်ကျငွေမှာ ကျပ် ၃၀၀၃၉၀၀၀ (ကျပ်သိန်းသုံးရာကျော်) ကျသင့်မည်ဖြစ်ပြီး ထပ်ဆောင်းပိုပေးရငွေ ကျပ် ၄၅ သိန်းရှိမည်ဟု ထုတ်ပြန်ထားသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း လျှောက်ထားလိုသူများအနေဖြင့် အစိုးရ၀န်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး ၂၀ နှစ်ရှိရမည်ဖြစ်ပြီး ပြင်ပမှလျှောက်ထားသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူအိမ်ထောင်ဦးစီး ဖြစ်ရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူ၏ မိသားစုလစဉ်ဝင်ငွေသည် အနည်းဆုံး ကျပ်သုံးသိန်းရှိရမည်ဟု သတ်မှတ်ထားပြီး ဇန်န၀ါရီ ၃၁ ရက်နောက်ဆုံးထား၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ လျှောက်လွှာတင်ရမည် ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် အိမ်ရာဆောက်လုပ်ပေးနိုင်မှုမှာ အိမ်ထောင်စုဦးရေ၏ သုံးပုံတစ်ပုံခန့်သာရှိသောကြောင့် အိမ်ရာများ မလုံလောက်သေးကြောင်း၊ သို့ဖြစ်၍ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်နေရာ ဈေးနှုန်းများအနေဖြင့်လည်း တန်ဖိုးနည်းဟုဆိုသော ဈေးနှုန်းမှာလည်း အခြေခံလူတန်းစားများ လက်လှမ်းမမီသော ဈေးနှုန်းများဖြစ်နေပြီး တန်ဖိုးမျှတအိမ်ရာမှာလည်း အခြေခံလူတန်းစားများ ပို၍ပင်လက်လှမ်းမမီသည့် ဈေးနှုန်းများဖြစ်နေသည်။

သို့သော် ယခုလျှောက်ထားမှု များနေခြင်းမှာလည်း ငွေကြေးတတ်နိုင်သော အထက်တန်းလွှာတူတန်းစားများပင် ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...