Sunday, January 12, 2014

မြောက်ဥက္ကလာပ (ည) ရပ်ကွက်ရှိ မီးတားဧရိယာနှင့် မီးသတ်ရေကန်ကိုမြေဖို့ပြီး အဆောက်အအုံဆောက်ရန် ပြင်ဆင်သည့်အတွက် ရပ်ကွက်နေလူထုက ဆန္ဒပြ



Sunday, January 12, 2014


ဆန္ဒထုတ်ဖော်နေကြသည့် မြောက်ဥက္ကလာပမြို့နယ်(ည) ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ဇန်န၀ါရီ ၁၁ ရက်က တွေ့ရစဉ်


မြောက်ဥက္ကလာပ (ည) ရပ်ကွက်၊ သုနန္ဒာလမ်းမကြီးပေါ် ဘုမ္မာလမ်းနှင့် ဧရာလမ်းကြားရှိ မီးတားဧရိယာနှင့် မီးသတ်ရေကန်တို့ကို မြေဖို့ပြီး အဆောက်အအုံဆောက်လုပ်ရန် ပြင်ဆင် ခြံစည်းရိုးခတ်သည့်အတွက်ဟုဆိုကာ ရပ်ကွက်နေပြည်သူ ၂၀၀ ခန့်က ဇန်န၀ါရီ ၁၁ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများမှာ မီးသတ်ရေလှောင်ကန်အား ပြန်လည်တူးဖော်ပေးရေး၊ မီးတားမြေကွက်ပြန်လည်ရရှိရေး၊ နိုင်ငံတော်အကြီးအကဲများ ဆုံးဖြတ်ပေးရေး၊ မြေချပါမစ်များအား အမြန်ရုပ်သိမ်းပေးရေးစသည့် ကြွေးကြော်ချက်များကို ဟစ်ကြွေခဲ့ကြပြီး သုနန္ဒာလမ်းမကြီးမှ အဆိုပါ မီးတားဧရိယာနှင့် မီးသတ်ရေကန်အထိ ဆန္ဒပြခဲ့ကာ သက်ဆိုင်ရာ ရဲစခန်း၏ ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးတားမြေကွက်ဖြစ်သော ဆန္ဒပြမြေကွက်ပေါ်တွင် ပေ ၈၀၊ ပေ၆၀ အကျယ်ရှိ မြေကွက်နှစ်ကွက်ကို၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်များတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနများမှ ပါမစ်ချထားပေးခဲ့ပြီး ဒေါ်နီလာလွင်မှ ပြန်လည်ဝယ်ယူခဲ့ပြီး ၎င်းအကွက်များ၏ အနောက်ဘက် ပေ ၅၀၊ ပေ ၁၆၀ ကိုလည်း ထပ်မံလျှောက်ထားပြီး ၎င်းကပင် ၂၀၁၂ ခုနှစ်တွင် ထပ်မံဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်အတွင်းတွင်ပင် ဆန္ဒပြသော ရပ်ကွက်သူ၊ ရပ်ကွက်သားများက ကန့်ကွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီလိုရပ်ကွက်ရဲ့ အများပြည်သူအတွက် အသုံးပြုတဲ့နေရာကို တစ်ဦးတစ်ယောက်က ၀ယ်သွားတာကို မကျေနပ်ပါဘူး။ မီးတားဧရိယာနဲ့ မီးသတ်ဖို့ ရေကန်တွေဖြစ်တဲ့အပြင် အခုလို ခြံစည်းရိုးခတ်လိုက်တဲ့အတွက်ကြောင့် မီးသတ်ကားကလည်း အရေးအကြောင်းဆို တစ်စီးစာလောက်ပဲ ၀င်လို့ရပါတော့တယ်။ကျွန်တော်တို့ကတော့ အဲဒီနေရာကိုပဲပြန်လိုချင်ပါတယ်။ အစားပြန်ထိုးပေးတာမျိုးကို မလိုချင်ပါဘူး”ဟု ဆန္ဒပြသူကိုဝင်းလှိုင်က ပြောကြားသည်။

သူတို့ဘက်က တရားစွဲမယ်ဆိုရင်လည်း ကျွန်မက ရင်ဆိုင်သွားဖို့ အသင့်ပါပဲ၊ ကိုယ့်ဆီမှာ တရားဝင်အချက်အလက်တွေ အများကြီးရှိပါတယ်။ ဟိုတုန်းကတည်းက တရားဝင်လျှောက်တဲ့ လူတွေဆီက ကျွန်မက ပြန်ဝယ်ထားတာပါ။ သူတို့လိုချင်တဲ့ အတိုင်းပြန်ပေး မပေးဆိုတာကတော့ သက်ဆိုင်ရာချထားပေးတဲ့ ဌာနတွေကိုပဲ သူတို့သွားပြောသင့်ပါတယ်”ဟု လက်ရှိမြေကွက်များကို ပိုင်ဆိုင်သူ ဒေါ်နီလာလွင်က The Daily Eleven သို့ ပြောကြားသည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...