Saturday, January 11, 2014

UMFCCI ၏ ဘဏ္ဍာရေးရှင်းတမ်း ပြဿနာအား နိုင်ငံတော်သမ္မတထံ တင်ပြမည်



Saturday, January 11.2014
ကုန်သည်စက်မှု အသင်းချုပ်ရုံးအား တွေ့ရစဉ်



မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဘဏ္ဍာရေးဆိုင်ရာ ပြသနာများအတွက် ငွေစာရင်းရှင်းတမ်း ထုတ်ပြန်နိုင်မှု မရှိသည့် ပြဿနာများကို နိုင်ငံတော်သမ္မတ အပါအ၀င် တာဝန်ရှိသူများထံ တင်ပြမည်ဖြစ်ကြောင်း ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်က ပြောဆိုသော်လည်း အသင်းချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်ကမူ ငွေစာရင်းရှင်းတမ်းနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ခြင်းမရှိ ဆိုသည်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

“စာရင်းမရှင်း နိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ နှစ်ပတ်လည်ပွဲမှာ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေး ငွေစာရင်း ရှင်းတမ်းကို အားလုံးသိအောင် ထုတ်ပြန်ထားပါတယ်” ဟု ဦးဝင်းအောင်က ဆိုသည်။

ဦးခင်လှိုင် အနေဖြင့် ကုန်သည်စက်မှု အသင်းချုပ်၏ ဘဏ္ဍာရေး ရှင်းတမ်းအား မှန်ကန်မှုရှိမရှိ စစ်ဆေးရာတွင် အသင်းသားစုံညီ အစည်းအဝေးတွင် တင်ပြခဲ့သည့် အကျဉ်းချုပ် ဘဏ္ဍာရေးရှင်းတမ်းထက် လက်ရှိအချိန်ထိ ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြနိုင်ခြင်း မရှိသေးသည့် ရန်ကုန်ရှိ အသင်းချုပ်ရုံးအား ဘဏ်၌ပေါင်၍ အတိုးချထားခြင်း၊ အတိုးပေးခြင်း၊ အရင်းပြန်ဆပ်ခြင်း၊ ကြိုတင်ပေးငွေ အဖြစ်သာ စာရင်းသွင်းထားသည့် နေပြည်တော်ရှိ အသင်းချုပ်ရုံးအတွက် ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်၏ အသေးစိတ် အသုံးပြုငွေစာရင်း၊ ၂၀၀၄ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်အထိ စာရင်းရှင်းလင်းနိုင်ခြင်း မရှိသေးသည့် ရန်ကုန်အသင်းချုပ်ရုံး တည်ဆောက်သည့် ကျပ်သိန်းပေါင်း တစ်သောင်း တစ်ထောင်ကျော်၏ အသေးစိတ် ငွေစာရင်းများကိုသာ တောင်းခံခြင်း ဖြစ်ကြောင်း ဦးခင်လှိုင်က ပြောကြားသည်။

အထက်ပါ အသေးစိတ် ငွေစာရင်းများ အပါအ၀င် ပွင့်လင်းမြင်သာမှုရှိစွာ ချပြရန် ဦးခင်လှိုင်က တောင်းဆိုသည့် အသင်းချုပ်၏ ငွေဝင်ရလမ်းဆိုင်ရာ ငွေစာရင်းရှင်းတမ်း ၁၄ ခုအတွက် လက်ရှိအချိန်ထိ ရှင်းလင်းနိုင်ခြင်း မရှိသဖြင့် ယခင်သြဂုတ် ၆ ရက်နှင့် ၂၇ ရက်များတွင် အသင်းချုပ်မှ တာဝန်ရှိသူများ ဖြစ်သည့် ဦးဝင်းအောင်၊ ဦးလှမောင်ရွှေ စသည့်သူများနှင့် တွေ့ဆုံပြောကြားခဲ့သည့် မှတ်တမ်းဗီဒီယိုများကို နိုင်ငံတော် သမ္မတအပါအ၀င် တာဝန်ရှိသူများနှင့် ပြည်သူများ လေ့လာနိုင်သည့် အနေအထားအထိ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ဦးခင်လှိုင်က ဆိုသည်။

“သမ္မတကို တင်ပြမယ်ဆိုတဲ့ အပေါ်မှာလည်း မှတ်ချက်မပေး လိုပါဘူး။ အသင်းဝင်တစ်ယောက် အနေနဲ့ရော နိုင်ငံသား တစ်ယောက်အနေနဲ့ပါ သူထင်မြင်ယူဆချက်ကို တင်ပြပိုင်ခွင့် ရှိပါတယ်” ဟု ကုန်သည်စက်မှု အသင်းချုပ် ဒုဥက္ကဋ္ဌနှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေက ဆိုသည်။

ကုန်သည်စက်မှု အသင်းချုပ်၏ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ကျင်းပသည့် အသင်းသားစုံညီ အစည်းအဝေးတွင် တင်ပြခဲ့သည့် ၂၀၁၁-၂၀၁၃ ဘဏ္ဍာရေး ရှင်းတမ်းနှင့် ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စစ်ဆေးနိုင်ရန် ဦးခင်လှိုင်က တောင်းဆိုရာ အသင်းဝင် အခွင့်အရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ဘဏ္ဍာရေးရှင်းတမ်း လွတ်လပ်စွာ စစ်ဆေးခွင့်ပြုမည် ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်၏ ယခင်ဥက္ကဋ္ဌနှင့် လက်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သူ ဦးဝင်းမြင့်က သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းနှင့် အစိုးရအဖွဲ့ဝင် လူကြီးအချို့၏ရှေ့တွင် ကတိပေး ပြောကြားခဲ့သည်။

ထို့ပြင် ဘဏ္ဍာရေး ရှင်းတမ်းအား ကျေလည်အောင် ရှင်းလင်းပေးရန် တောင်းဆိုမှုအရ ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ပါဝင်သည့် အဖွဲ့နှင့် ဦးခင်လှိုင်တို့ ဒုတိယအကြိမ် တွေ့ဆုံသည့် သြဂုတ် ၂၇ ရက် ဆွေးနွေးပွဲတွင် ဘဏ္ဍာရေးရှင်းတမ်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို နှစ်ပတ်အတွင်း ထုတ်ပြန်ပေးမည်ဟု အသင်းချုပ် တာဝန်ရှိသူများက ကတိပေး ပြောကြားခဲ့သော်လည်း လေးလကျော် ကြာမြင့်လာသည့် လက်ရှိကာလအထိ ရှင်းလင်းနိုင်မှု မရှိသေးကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...