Monday, November 25, 2013

စိမ်းနေဦးမည့် မြန်မာ့နိုင်ငံရေး






Nov 25, 2013
♦နိဒါန်း♦
----------
♦ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့သော အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် သည် နိုင်ငံတော်သမ္မတကြီး၏ ပန်ကြားချက်အရ Myanmar Peace Center တွင် ဒီမိုကရေစီအသွင်ကူး ပြောင်းရေး၌ နိုင်ငံပြုခေါင်းဆောင်များ၏အခန်းကဏ္ဍ အကြောင်းကို
ဟောပြောသွားခဲ့သည်။

♦ ခေတ်သစ် အမေရိကန်သမ္မတများတွင် ထူးချွန်ထက်မြက်သူ ဟု အမေရိကန်ပြည်သူများက လက်ခံထားခဲ့သော ဘီလ် ကလင်တန်သည် အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း နစ်ဝင်ခဲ့သော အမေရိကန်စီးပွားရေးကို ပြန်လည်ဦးမော့ လာစေရန် စွမ်းဆောင်နိုင်ခဲ့သော ဒီမိုကရက်သမ္မတတစ်ဦးဖြစ်သည်။ အိမ်ဖြူတော်တွင် (၈)နှစ်တာ ရုံးထိုင် ခဲ့သော အတွေ့အကြုံများကို မျှဝေသွားခဲ့သည်မှာလည်း အသွင်ကူးပြောင်းစ မြန်မာနိုင်ငံအတွက် သင်ခန်း စာ ယူဖွယ်ရာများစွာ ပါဝင်နေသည်။ ဘီလ်ကလင်တန်၏ ပြောကြားချက်အားလုံးကို အကြွင်းမဲ့မှန်ကန် သည် ဟု ပြောလိုခြင်း မဟုတ်ပါ။ စဉ်းစားဆင်ခြင်ဖွယ်ရာကောင်းသောအချက်များကို ထုတ်နှုတ်တင်ပြလို ခြင်းသာ ဖြစ်သည်။

♦ဘရာဇီးလ် ဦးမော့လာမှု♦
-----------------------------
♦ ကမ္ဘာ့အမွေအနှစ် ဟုသတ်မှတ်ထားခဲ့သော ဘရာဇီးလ်နိုင်ငံ၏ အမေဇုံတောအုပ်ကြီးအတွင်း ရေအားလျှပ်စစ်ဆည်ကြီး တည်ဆောက်ခဲ့သည့် ဖြစ်စဉ်ကို ဘီလ်ကလင်တန်က ရှင်းပြခဲ့သည်။ ယင်းအမေ ဇုံတောအုပ်ကြီးသည် သဘာဝအမွေအနှစ်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ လက်တင်အမေရိကတစ်ကြော တွင် ယင်းတောအုပ်မှ ထုတ်လွှတ်ပေးသော အောက်စီဂျင်ကြောင့် ဖြစ်ပေါ်လာသည့် လေထုကို ရှုရှိုက်နေ ရခြင်းကြောင့်လည်းကောင်း အမေဇုံတောနက်ကြီးထဲတွင် ရေအားလျှပ်စစ်ဆည်ကြီးတည်ဆောက်မည့် စီမံကိန်းကို ကန့်ကွက်မှုများ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရသည်။ ဘရာဇီးလ်နိုင်ငံသည် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ အစရှိသော သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး လယ်ယာစိုက်ပျိုးရေးအခြေခံအသက်မွေး ၀မ်းကျောင်းမှုများ အများဆုံး တည်ရှိနေသော အခြေအနေ ဖြစ်သည်။ နိုင်ငံကလည်း ဒီမိုကရေစီ အသွင် ကူးပြောင်းစ အနေအထားမျိုးတွင် လျှပ်စစ်ရှားပါးမှု အကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်ရန် အကြောင်း ဖန်လာသော် ဒီမိုကရက်တစ်အစိုးရသည် နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူများ ၏ ဆန့်ကျင်ဝေဖန်မှုများကို ရင်ဆိုင်၍ အမေဇုံတောအုပ်အတွင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက် ရေးကို ဆောင်ရွက်ခဲ့သည်။

♦ ဘရာဇီးလ်အစိုးရအနေဖြင့် ရွေးချယ်စရာ (၂)လမ်းသာ ရှိခဲ့ပြီး (၁) လျှပ်စစ်အကျပ်အတည်းကို လက်ရှိအတိုင်းထားမည်လား၊ (၂) ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးနှင့် အမေဇုံတောတွင် ဆည်တည်ဆောက် မည်လား ဟူ၍ ဖြစ်သည်။ ဘရာဇီး အစိုးရ ရွေးချယ်ခဲ့သော နည်းလမ်းမှာ ပြည်သူလူထုကို အစွမ်းကုန် ရှင်းပြ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အကျေအလည်ညှိနှိုင်း၊ နိုင်ငံတကာစံချိန်စံနှုန်းများနှင့် အညီ ဖြစ်စေရန် အလေးထားဆောင်ရွက်ခြင်းဖြင့် အမေဇုံတောအုပ်ကြီးအတွင်း ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အကျပ် အတည်းဖြေရှင်းရေးနည်းလမ်းကို အားလုံးလက်ခံနိုင်သော အခြေအနေတစ်ရပ် ဖန်တီးဆောင်ရွက်နိုင်ခဲ့ပြီး နောက် လျှပ်စစ်မီးရရှိလာခြင်း၏ အကျိုးဆက်အားဖြင့် ဘရာဇီးပြည်တွင်း စက်မှုခေတ်ပြောင်းလှိုင်းလုံးကြီး ထွက်ပေါ်လာခဲ့ပြီး စက်မှုထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ဆက်တိုက်ဆိုသလို ထုတ်လုပ်လာနိုင်ခဲ့ ကာ ဖွံ့ဖြိုးရေးသို့ ချီနိုင်ခဲ့သည်။

♦ ယခုနောက်ဆုံး ၂၁ ရာစုတွင် ဘရာဇီးသည် ထွန်းသစ်လာသည် စီးပွားရေးပါဝါကြီးများတွင်တစ်နိုင်ငံ အပါအ၀င် ဖြစ်လာခဲ့ကာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက စသည့် အမေရိကအလွန် ဆူပါပါဝါအပေါင်းအစပ် BRICS အသွင်အထိ ရောက်ရှိလာခဲ့သည်။ အမေဇုံ တော နက်ကြီးဆီမှ လျှပ်စစ်ဖူလုံရေး ပြုပြင်ပြောင်းလဲမှုသည် ဘရာဇီးလ်နိုင်ငံ၏ စက်မှုခေတ်ပြောင်းချိန်ကို ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤဖြစ်စဉ်တွင် ပြောင်းရွှေ့ခဲ့ရသော ရာနှင့်ချီသည့် ကျေးရွာများနှင့် အမေဇုံတောတွင်းတိုင်းရင်းသားများသည် နိုင်ငံအကျိုးစီးပွားအတွက် ကျင်လည်ရှင်သန်ရာ ပတ်ဝန်းကျင် ကို စွန့်ခွါခဲ့ရသော်လည်း မူလအခြေအနေထက် မယုတ်လျော့သော လူမှုပတ်ဝန်းကျင်ကို အစားထိုးရရှိခဲ့ ခြင်းကြောင့် Win-Win Solution ကို ဆိုက်ရောက်ခဲ့ကြသည်။ ဤသည်ကို ဘီလ်ကလင်တန်က ပုံပမာပြု ၍ ရှင်းလင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

♦လိုကယ်လား၊ ဂလိုဘယ်လား♦
-----------------------------------
♦ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးသို့ ချီကြရာဝယ် အမျိုးမျိုးသော မော်ဒယ်များ ရှိနေကြသော်လည်း မိမိနိုင်ငံ၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်သော Home Growth ကို ဦးတည်ရမည် ဟု ၄င်းက ဆိုသည်။ ဒီမိုကရေစီတင်ပို့ရေးကို အလေးထားဆောင်ရွက်ခဲ့သော ကလင်တန်၏ အိမ်ဖြူတော်(၈)နှစ်တာ အတွေ့အကြုံများမှ ထွက်ပေါ်လာခဲ့သော ဒီမိုကရေစီတည် ဆောက်ရေး သဘောတရားလည်း ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးအတွက် သီအိုရီများစွာ၊ လမ်းကြောင်းများစွာ ရှိနေကြသည် မှန်သော်လည်း သဘာဝအလျောက် ရေခံမြေခံနှင့်ကိုက်ညီသော Natural Growth သာလျှင် အလိုက်ဘက်ဆုံး ဘ၀များ ဖြစ်နိုင်ပေမည်။ ပြင်ပမှ တင်သွင်းလာသော ဒီမို ကရေစီနှင့် ဖွံ့ဖြိုးရေးမော်ဒယ်များသည်သဟဇာတဖြစ်ချင်မှ ဖြစ်မည် ဖြစ်သလို Artificial Growth ကို ဖန်တီးရယူခြင်းသည်လည်း လူ့ဘောင်အဖွဲ့အစည်း၏ မူလဗီဇနှင့် အစပ်အဟတ်တည့်ချင်မှတည့်မည် ဖြစ်သည်။

♦ အလားတူပင် အမေရိကန်နိုင်ငံရေးပါတီကြီး(၂)ရပ်အကြား ကွဲလွဲနေသော အိုင်ဒီယိုလော်ဂျီမှာ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးအဓိက၀ါဒ (ရီပတ်ဘလီကင်လမ်းကြောင်း)၊ နိုင်ငံသားများ၏ အခွင့်အရေး (ဒီမိုကရက်လမ်းကြောင်း) ဖြစ်ပြီး အချိန်အဆ အတိုင်းအတာတွင် အငြင်းပွားခဲ့ကြခြင်း ဖြစ် သည်။ ဆိုရှယ်လစ်ဆန်သည် ဟု တံဆိပ်ကပ်ကာ ကွန်ဆာဗေးတစ်တို့၏ ဆန့်ကျင်ခြင်း ခံခဲ့ရသော အိုဘားမားကျန်းမာရေးအစီအစဉ်သည်လည်း ဒီမိုကရေစီ၏ ပြဿနာ ဟုတ်-မဟုတ် အငြင်းပွားလျက် ရှိနေကြသည်။ ဂျာမဏီဝန်ကြီးချုပ်၏ အမြင်ကမူ “ဤသည်မှာ မဏ္ဍိုင်ကြီး(၃)ရပ်ကို သီးခြားစီခွဲခြားထား သော အမေရိကန်ဒီမိုကရေစီစနစ်ကြောင့် ဖြစ်သည်၊ ဂျာမဏီကဲ့သို့ မဏ္ဍိုင်(၂) ရပ် ပေါင်းစည်းထားသော ဒီမိုကရေစီသာလျှင် နိုင်ငံသားများ၏ အကျိုးကို ဆောင်ကြဉ်းနိုင်မည်၊ ထို့ကြောင့် အမေရိကန်နိုင်ငံရေး စနစ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။

♦ တစ်ဖန် ဘီလ်ကလင်တန်က မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးအတွက် ခေါင်းဆောင်အမျိုးသမီးတစ်ဦး ထွက်သွားသော အခန်းတစ်ခန်းအတွင်း ကျန်ရစ်ခဲ့သူများ ဥပမာဖြင့် ပြဆို ရှင်းလင်းခဲ့သည်။ ဒိုင်ယာလော့လုပ်ရမည်၊ အားလုံးပါဝင်ရမည်၊ ဤသို့ဖြင့် မတူတာခွဲ တူတာတွဲ၍ လုပ်ဆောင်ကြရမည် ဟု ဆိုသည်။ တစ်ဘက်ဘက်တွင် ရာနှုန်းပြည့် လိုအင်ပြည့်ဝချင်မှ ပြည့်ဝပေလိမ့် မည်၊ ဤသည်ပင် ဒီမိုကရေစီ ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးအဆက်အစပ်တွင် အင်စတီကျူးရှင်းများ ၏ ခိုင်မာမှုအပေါ်မူတည်၍ အသွင်ကူးပြောင်းရေး ရှည်ကြာခြင်း၊ လျင်မြန်ခြင်းကို ပြဌာန်းပေးလေ့ရှိသည်။ ဥပမာအားဖြင့် လေ့လာကြည့်လျှင် အထူးစီမံကိန်းတစ်ရပ်ရပ်ကို ချက်ချင်းလက်ငင်း အကောင်အထည် ဖော်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံတွင် များစွာ ခက်ခဲလှသော်လည်း တရုတ်နိုင်ငံတွင်မူ အမြန်ဆုံး အကောင် အထည်ဖော်နိုင်သည်။ အိန္ဒိယဒီမိုကရေစီတွင် နိုင်ငံသားအခွင့်အရေးကို စီးနင်းကြသော လှိုင်းစီးသူများ ရှိ နေသည်။ Agree To Disagree ကို အသိအမှတ်ပြုလက်ခံကြရန် လိုအပ်သည်။ သဘောထားကွဲလွဲခွင့်များ ကို အသိအမှတ်ပြုရမည်၊ ယဉ်ကျေးမှုအမျိုးအစား စုံလင်ခြင်းကို အသိအမှတ်ပြုရမည်။ ဤသို့ အသိ အမှတ်ပြုနိုင်ရန် (၁) လူထုပညာရေးရေချိန် မြင့်မားရန်၊ (၂) လူမှု-စီးပွားဖွံ့ဖြိုးရန်၊ (၃) အင်စတီကျူးရှင်း များအားကောင်းရန် လိုအပ်သည်။

♦ Statesman ဟူသည်♦
---------------------------
♦ ဂျော့ခ်ျဒဗလျူဘုရှ်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သော ဒီမိုကရက် သမ္မတလောင်း အယ်လ်ဂိုးသည် မဲဆန္ဒ ရှင် ပြည်သူများ၏ တစ်ခဲနက် ထောက်ခံမှုကို ရရှိထားပါလျက် ဆန္ဒပြသူများ အိမ်ပြန်ကြရန် မေတ္တာရပ်ခံ စကား ပြောကြားခဲ့သည်။ မဲခိုးသည်၊ မဲလိမ်သည် ဟူသော စွပ်စွဲချက်များဖြင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရန် လူထုတောင်းဆိုမှုများကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရုပ်ဆိုးအကျည်းတန်မည့် အရေးကို အယ်လ်ဂိုးက ကြည့်မြင်နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံနှင့် အမေရိကန်သမ္မတ၏ ဂုဏ်သိက္ခာကို သမ္မတဖြစ်နိုင်မည့် အခွင့်အရေးနှင့် လဲလှယ်ခဲ့ရသော အယ်လ်ဂိုးသည် နိုင်ငံပြုခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သည်။ ဘုရှ်က သမ္မတဖြစ်၊ အယ်လ်ဂိုးက နိုင်ငံပြုခေါင်းဆောင်ဖြစ်၊ လှပသော အတွဲအစပ်နှင့် အမေ ရိကန်ပုံရိပ်ကို မြှင့်တင်ခဲ့ကြခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုမည့် အမေရိကန် သမ္မတသည် ကမ္ဘာကြီးကို ဦးဆောင်မည့် ခေါင်းဆောင်ဖြစ်သည့်အတွက် အစွန်းအထင်း အမည်းကွက် မထင်စေလိုသော စိတ်ရင်းစေတနာကောင်းသည် စစ်မှန်သော အမျိုးသား နိုင်ငံရေးပင် ဖြစ်သည်။ အမျိုး သားနိုင်ငံရေးဆိုသည်မှာ ဤသို့သော လုပ်ဆောင်ချက်မျိုးကို ဆိုလိုသည်။ ဤသည်ပင် အမေရိကန်တို့ တန်ဖိုးထားသော အမေရိကတန်ဖိုးပင် ဖြစ်သည်။

♦ “ကွဲ”သမိုင်းနှင့် “ချ”ရာဇ၀င်တို့ဖြင့် ခေတ်ပြောင်းသော်လည်း အစဉ်အလာမပြောင်းခဲ့သော မြန်မာ့ မြေသည်ကား စိမ်းနေဦးမည့် မြန်မာ့နိုင်ငံရေးဟု ဆိုသော် ရနိုင်ပေမည်။ ကြီးသုံးကြီး၊ ပွတ်တိုက်မှု၊ အကွဲ အပြဲ စသည့် ဝေါဟာရများ ပြန်လည်နိုးထလာခဲ့သော ဂိုဏ်းဃနနိုင်ငံရေးသည် ယနေ့ခေတ်တွင်လည်း ပြန်လည်ဦးမော့ခေါင်းထောင်လာနေသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။ အသွင်ကူးပြောင်းရေး အောင်မြင်ရန် ခိုင်မာပြီး အင်အားကောင်းသော ခေါင်းဆောင်မှု ရှိရန် လိုအပ်သည်။ အစိုးရ၊ လွှတ်တော် နှင့် တရားရုံးတို့ကို ချက်ကျလက်ကျ ပြန်လည် တည့်မတ်နိုင်သော အရပ်ဘက်လူ့အဖွဲ့အစည်း အား မကောင်းသေးသည့် မြန်မာနိုင်ငံတွင် အထိန်းနှင့်အထေကို တစ်ပတ်လည်စေရန် မည်သို့မျှ ဆောင်ကြဉ်း နိုင်မည် မဟုတ်ပေ။ လက်ရှိနိုင်ငံရေးခေါင်းဆောင်များက နိုင်ငံပြုခေါင်းဆောင်များသဖွယ် ကျင့်ကြံ ထိန်းမတ်မှ တန်ကာကျမည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် လွတ်လပ်မှုနှင့် တာဝန်သိမှု၊ နိုင်ငံသားအခွင့် အရေးနှင့် နိုင်ငံသားတာဝန်တို့အကြား စည်းခြားထားသည်ကို ကောင်းစွာ သိမြင်နားလည်နိုင်ရန် အရပ် ရပ်နယ်ပယ်စုံ ၀ိုင်းကြ၀န်းကြမှ တော်ရုံရပေမည်။

♦ အမေရိကန်ကဲ့သို့ ပဒေသာစုံလူ့အဖွဲ့အစည်းအတွင်းမှာပင် တီးပါတီလှုပ်ရှားမှုများ ကျယ်ပြန့်အား ကောင်းလာနေခြင်းမှာလက်ယာယိမ်းအမျိုးသားရေးဝါဒ ပြန်လည်ရှင်သန်နေခြင်းပင် ဖြစ်သည်။ တစ် ခေတ်တစ်ခါက စူးနစ်စွာ စွဲမြဲခဲ့သော ကေသုံးလုံးဂိုဏ်းများ အစေပျောက်စေရန် ဆယ်စုနှစ်များစွာ အချိန် ယူခဲ့ရကြောင်း တွေ့ရှိနိုင်သည်။ ကေသုံးလုံးတို့၏ ပစ်မှတ်ဖြစ်ခဲ့ရသော မာတင်လူသာကင်း၏ ရုန်းကန်မှု သည် ယနေ့ အိုဘားမား သမ္မတဖြစ်လာချိန်အထိ ရှည်ညောင်းခဲ့သည်။ ယခု တီးပါတီများမှ တက်လာ သော ရီပတ်ဘလီကင်များသည် မိမိအစိုးရကို ခြေချုပ်ချသလို ဖြစ်စေသော Government Shut Down ကို ဖန်တီးခဲ့ကြသည်ဟု ဒီမိုကရက်များက ဆိုကြသည်။ ကွန်ဆာဗေးတစ်နှင့် နေရှင်နယ်လစ်များကို လေ့လာသူများက ကေသုံးလုံးသည် ယခု တီးပါတီ၊ မာတင်လူသာကင်းသည် ယခု အိုဘားမား ဟု တင်စား လာခဲ့ကြသည်များလည်း ရှိသည်။ အမှန်စင်စစ် အိုဘားမားသည် White Voting ဖြင့် တက်လာခဲ့သူသာ ဖြစ်သည်။ အကျိုးဆက်အားဖြင့် အာရှ-ပစိဖိတ်ဒေသအား အမေရိက၏အလေးထားမှု အပေါ် သံသယများ ဖြစ်ပေါ်စေခဲ့သည်။ ပါဝါဂိမ်းတို့တွင် အဟုန်ကို ချုပ်တည်း၍ မရနိုင်သလို ပါဝါကို အလျော့ခံ၍ မရနိုင်ပါ။ ပစိဖိတ်ပါဝါ ဟု အမေရိကကိုယ်တိုင် မည်မျှ ကြွေးကြော် ကြွေးကြော် ပစိဖိတ်သို့ ခြေလှမ်းမချနိုင်လျှင် အမှန်တစ်ကယ် ဖြစ်လာမည် မဟုတ်ပေ။ နိုင်ငံမဟုတ်သော ပါဝါများ အနယ်နယ်အရပ်ရပ်မှ ထွက်ပေါ် နေချိန်၊ ပါဝါအနု၊ ပါဝါအရင့်နှင့် စမတ်ပါဝါတို့ အရောရောအနှောနှော ဖြစ်လာခဲ့သော လက်ရှိ ၂၁ ရာစု တွင် ခြေတစ်လှမ်းသည် အကျိုးဆက်ပေါင်း များစွာကို ပြောင်းလဲသွားစေနိုင်သည် ဟု ဒီမိုကရက်များက ဆိုကြသည်။ အမေရိကန်လူ့အဖွဲ့အစည်းသည်ပင်လျှင် ရင့်ကျက်ပင်ရင့်ကျက်လင့်ကစား အမျိုးသားရေး နှင့် ယှဉ်သော အိုင်ဒီယိုလိုဂျီတိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

♦ ဂျော့ဘုရှ်လက်ထက်က ကွန်ဂရက် သဘောဆန္ဒ မယူဘဲ အီရတ်စစ်ပွဲ ဆင်နွှဲခဲ့သည်ကိုပင် မည်သို့မျှ မထိန်းနိုင် မသိမ်းခဲ့ကြသော ကွန်ဂရက် သည် ဆီးရီးယား ထိုးစစ်ဆင်နွှဲမည့်အရေး ကွန်ဂရက်၏ အတည်ပြုချက် ရယူခဲ့သော အိုဘားမားကို ဒုက္ခပေးနေခြင်းသည် စဉ်းစားဆင်ခြင်ဖွယ်ရာ ကောင်းလှသော ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အထင်းသား ဖော်ပြနေသည်။ များရာမဲဖြင့် အဆုံးအဖြတ် ပြုရသော မဲခွဲစနစ်သည်ပင် ဒီမိုကရေစီတန်ဘိုးကို ကိုယ်စား ပြုနေသလား စဉ်းစားဖွယ်ရာပင်။

♦ နိုင်ငံရေးအိုင်ဒီယိုလော်ဂျီ အကွဲအပြဲများကြောင့် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ခဲ့ရသည်၊ မတရားမှု မမျှတမှုတို့ကြောင့် လက်နက်ကိုင်ခဲ့ရသည်၊ နိုင်ငံရေးသမားတို့၏ ရန်ပွဲများကြောင့် စစ်တပ်က နိုင်ငံရေး ထဲ ၀င်လာရသည်၊ နိုင်ငံရေးသမားတို့၏ မညီညွတ်မှုကြောင့် နိုင်ငံ နွံနစ်ခဲ့ရသည် အစရှိကြကုန်သော သင် ခန်းစာများ ရှိခဲ့ပြီး ဖြစ်သည်။

♦ လူထုကို ညီညွတ်ရေးတရား ဟောနေကြသော နိုင်ငံရေးခေါင်းဆောင်များ ကိုယ်တိုင် ညီညွတ်ရေးတရား ကျင့်ကြံအားထုတ်ရန် လိုအပ်နေပြီ ဖြစ်သည်။ စိတ်ဓါတ်များ၊ စိတ်ထားများ ပြောင်းလဲရန် ထုတ်ဖော်ပြောကြားလျက်ရှိသော နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင် စိတ်ဓါတ်များ၊ စိတ် ထားများ ပြောင်းလဲရန် အချိန်လွန်နေပါပြီ။ ပြည်သူလူထုကို တိုက်တွန်းပြောကြားတော်မူကြကုန်သော အမျိုးသားပြန်လည် ညီညွတ်ရေးတရားကို နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင် စံနမူနာပြ ပြုကျင့်ပြကြရန် လိုအပ်သည်။ မင်းလောင်းမျှော် ဓလေ့စရိုက်များ ရှိတတ်သော မြန်မာ့ဓလေ့သည် ခေါင်းဆောင်များ လမ်းညွှန်ရာသို့ လျှောက်လှမ်းခဲ့ကြသူများသာ ဖြစ်သည်။ မင်းလောင်းမျှော်ဓလေ့သည် အမေရိကန်ကဲ့သို့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းမှာပင် အမြစ်တွယ်ခဲ့ကြသည် ဟု ပညာရှင်များက ဆိုသည်။ အမေရိကန် နိုင်ငံသားများသည် ရှင်ဘုရင်စနစ်နှင့် မနေခဲ့ကြရသူများဖြစ်၍ ရှင်ဘုရင်တမ်းချင်းများ ရှိခဲ့ကြပြီး ကနေဒီ ညီအစ်ကိုများကို အိမ် ရှေ့စံရွှေမင်းသားများသဖွယ် ခံယူခဲ့ကြကုန်သည် ဟုလည်း ဆိုကြသည်။ မင်းလောင်းမျှော်ဓလေ့ကို အင်စတီကျူးရှင်းများ၏ ခိုင်မာမှု၊ လူထု၏နိုင်ငံရေးရေချိန်တို့ဖြင့် ဖျောက်ဖျက် ပစ်ရမည်သာ ဖြစ်သည်။

♦နိဂုံး♦
---------
♦ သတိကြီးကြီးပဲ ကြည့်ကြည့်၊ သံသယနှင့်ပဲ မြင်မြင် မြန်မာ့ပုံရိပ်သည် ခေတ်ပြောင်းချိန်ကို ကိုယ် စားပြုနေသလို ဒီမိုကရေစီနှင့် သန်း(၆၀)ဘ၀ အလဲအထပ် လုပ်နေခြင်းလည်း ဖြစ်သည်။ ဒီမိုကရက်တစ် တံခါးဖွင့်ချိန်တွင် နိုင်ငံရေးခေါင်းဆောင်များအားလုံး ညီညွတ်နိုင်မှ မြန်မာပြည်သူများဘ၀ တန်ကာကျပေ မည်။ အသွင်ကူးပြောင်း နိုင်ငံရေးတို့၏ သဘောသဘာဝမှာ လျင်မြန်သော တိုးတက်မှုရလဒ်ကို ဆောင်ကြဉ်းနိုင်သလို စိုးရိမ်ဖွယ်ရာကောင်းသော အနေအထား သို့လည်း မျက်စေ့တစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် “ခိုင်မာသည့်အဆင့်”သို့ အမြန်ဆုံး ရောက်ရှိလာစေရန် ၀ိုင်းဝန်း ကူညီ ပံ့ပိုးနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ ကူးပြောင်းမှုတွင် အရပ်ရပ်နယ်ပယ်စုံ တည်ငြိမ်ရေး ဟု ဆို အပ်သော “မျှခြေ” သည် အထူးအားဖြင့် အရေးကြီးလှသည်။ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တစ်ခုလုံး၌ ဒေါင်လိုက် မျှခြေ ရှိရန် လိုအပ်သလို ဘေးတိုက် မျှခြေ ရှိရန် လိုအပ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှခြေ လိုအပ်သလို ဖွံ့ဖြိုးရေးတွင် လည်း မျှခြေ လိုအပ်သည်။ မျှခြေပေါ်တင်၍ စဉ်းစားသုံးသပ်နိုင်ခြင်း သည်ပင်လျှင် မြန်မာ့မြေ မစိမ်းရန် အတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ ရာဇ၀င် သာမက ဥဒါန်းပင် တွင်ရစ်စေနိုင်သော ခေါင်းဆောင်များ၏ ညီညွတ်မှုကို လိုအပ်နေသည်။

♦ ပြည်သူ့ အားကို လိုသည် ဟု ဆိုကြသော ခေါင်း ဆောင်ကြီးများအား ပန်ကြားရန်မှာ “ခေါင်းဆောင်များအားကို လိုသည်” ဟူ၍ ဖြစ်ပေလိမ့်မည်။

ပြည်သူ ရှေ့သို့ ခြေတစ်လှမ်းတက်ရန် ပြောကြားကြကုန်သော ခေါင်း ဆောင်ကြီးများအား ပန်ကြားရန်မှာ “ခေါင်းဆောင်များ ရှေ့သို့ ခြေတစ်လှမ်းတက်ရန်” ဟူ၍ပင် ဖြစ်ပါ လိမ့်မည်။

(မှူးဇော်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...