Friday, February 21, 2014

မြောက်ဥက္ကလာပ ခုံးကျော်တံတားပေါ်မှ BM ယာဉ်ပြုတ်ကျ ယာဉ်မောင်းဖြစ်သူ ခေါင်းပြတ်သေဆုံး


ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) ရက်ကွက်နှင့် (၂) ရပ်ကွက်ကြားရှိ ရထားသံလမ်း အပေါ်တွင် ဆောက်လုပ်ထားသော ခုံးကျော်တံတားပေါ်မှ လိုင်စင်မရှိသူ မောင်းသည့် ဘီအမ်ယာဉ်တစ်စီး ပြုတ်ကျခဲ့မှု ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်သည့် နေရာ၌ပင် ခေါင်းပြတ် သေဆုံးခဲ့ကြောင်း အမှတ် (၄၂) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လူခြောက်ဦး လိုက်ပါလာသော အဆိုပါ ဘီအမ်ယာဉ်ပေါ်တွင် အားလုံးနီးပါး အရက်သေစာ သောက်စားခဲ့ကာ အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ဦးအောင်ကိုကိုမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် အတူလိုက်ပါလာသူ ဦးထွန်းလင်းနိုင်၊ ဦးကျော်မင်းလွင်နှင့်
ဦးမောင်စိုးတို့သုံးဦးမှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး ဦးခင်မောင်ဌေးနှင့် ဦးမျိုးအောင်တို့က ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါ ယာဉ်မှုစစ်၏ ပြောပြချက်အရ သိရသည်။

“စစ်ဆေးချက်တွေအရ ယာဉ်မောင်းက လိုင်စင်မရှိဘူး။ ယာဉ်ပေါ်ပါသူ အားလုံးက သူငယ်ချင်းတွေချည်းပဲ။ အရက်သေစာ သောက်စားခဲ့ပြီး မြောက်ဥက္ကလာကနေ အင်းလျားကန်ဘောင်မှာ ထပ်သောက်ဖို့ အသွားမှာ ကားကအရှိန်လွန်ပြီး တံတားပေါ်က ပြုတ်ကျခဲ့တာ” ဟု ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ ဘီအမ်ယာဉ်မှာ တံတားကုန်း အတက်ကို အရှိန်မြှင့် မောင်းနှင်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ပြီး၊ တံတားပေါ်ရှိ ကွန်ကရစ်တုံးများ၊ သံချောင်းများကြောင့် ဦးခေါင်း ပြတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အခင်းဖြစ်ပြီး ၁၅ မိနစ်အကြာတွင် သွားရောက် ကြည့်ရှုခဲ့သူ မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ အရွယ် ဦးမိုးက သုံးသပ်ပြောကြားသည်။
“ကုန်းတက်ဆိုတော့ တော်ရုံအရှိန်နဲ့ဆိုရင် တံတားပေါ်က ပြုတ်ကျစရာ အကြောင်းမရှိဘူး။ အခုဟာက ပလက်ဖောင်းကို ကျော်ပြီးတဲ့အပြင် လက်ရမ်းကို သုံးဆင့်လောက် တိုက်ပြီး ပြုတ်ကျသွားတာ” ဟု ၎င်းကဆိုသည်။

ယာဉ်တိုက်မှု မဖြစ်ပွားမီ မြောက်ဥက္ကလာပမြို့နယ် ၆ ကွေ့အနီးတွင် သူငယ်ချင်းများနှင့်အတူ ဘီယာတစ်ဘူး သောက်ခဲ့ပြီး ယာဉ်ပေါ်တွင် အိပ်၍ လိုက်ပါလာသဖြင့် အခင်းဖြစ်စဉ်ကို မသိလိုက်ဘဲ တံတားအောက်ရောက်မှသာ ကားပြုတ်ကျမှန်း သိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါယာဉ်၏ အလယ်ခုံ၌ စီးနှင်းလာသူ ဦးခင်မောင်မြင့်က The Voice သို့ ပြောကြားသည်။
“ဆုံးသွားတဲ့ သူငယ်ချင်းက ဒီကားရဲ့ ယာဉ်မောင်းပါ။ လိုင်စင်ရှိ မရှိတော့ အတိအကျတော့ မသိဘူး” ဟု ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မြောက်ဥက္ကလာပ ရဲစခန်းက ယာဉ် (ပ) ၁၀/၁၄၊ ပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄ (က) ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းထံမှ စုံစမ်း သိရှိရသည်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...