Wednesday, November 27, 2013

တပ်မြေအဖြစ် သိမ်းထားသော မိကျောင်းကန်မြေကိစ္စ သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခြင်း မရှိ၍ မြေသိမ်းခံရသူများက ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြ





တပ်မြေအဖြစ် သိမ်းထားသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေကိစ္စကို သက်ဆိုင်ရာ အစိုးရအဖွဲ့က ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိသေးသည့်အတွက် မြေသိမ်းခံရသူများ၏ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုမှုကို နိုဝင်ဘာ ၂၆ ရက်တွင် ဝေဇယန္တာလမ်းရှိ မိကျောင်းကန် အပိုင်း (၁) ရှေ့မြစာရံအေး စေတီအနီး၌ ပြုလုပ်နေကြောင်း သိရသည်။

မိကျောင်းကန် ဆန္ဒပြမှုကို သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ နံနက် ၈ နာရီမှ ၁၀ နာရီအထိသာ ခွင့်ပြုထားပြီး သတ်မှတ်ချိန် ကျော်လွန်ပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ယန်းကျွန်း မြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူးသက်ထွန်းက နိုဝင်ဘာ ၂၆ ရက်က ပြောကြားသည်။

မိကျောင်းကန် အပိုင်း (၁) တွင် နေထိုင်သော ဆန္ဒပြသူ မနေနွယ်သန်းက "လွှတ်တော်ကိုယ်စားလှယ်တွေက ကြားဝင်ညှိနှိုင်း ပေးတာပဲ လုပ်နိုင်ပါတယ်။ အစိုးရ အဖွဲ့ကသာ ဖြေရှင်းတာ လုပ်ပေးနိုင်တာ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်မတို့ မိကျောင်းကန် ပြည်သူတွေရဲ့ ကိစ္စကို တိုင်းဒေသကြီး အစိုးရက တာဝန်ယူ ဖြေရှင်းပေးစေ ချင်ပါတယ်။ သက်ဆိုင်ရာ လူကြီးတွေက ညှိနှိုင်းပေးစေ ချင်ပါတယ်။ ကျွန်မတို့ရဲ့ ဘိုးဘွားပိုင် မြေပေါ်မှာ ခရိုနီတွေက ပထမ ခြံစည်းရိုးခတ်တယ်။ အခု အုတ်တံတိုင်းတွေပါ ခတ်လာပြီ။ ဘုရားမြေလည်း မချန်ဘူး။ ဆန္ဒပြတာ ဒါနဲ့ဆို ကိုးကြိမ်ရှိပါပြီ" ဟု ပြောကြားသည်။

အဆိုပါ ဆန္ဒပြ တောင်းဆိုနေသူများသည် အောက်တိုဘာ ၂ ရက်မှ စတင်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံ လမ်းနံဘေးတွင် ယင်းမြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ပြီး အောက်တိုဘာ ၅ ရက်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အထက်ပါ မြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး တာဝန်ယူ တင်ပြပေးမည်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားပြီးနောက် ထိုစဉ်က သပိတ်စခန်းဖွင့် တောင်းဆိုမှုကို ရုပ်သိမ်းခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က "ကျွန်တော်တို့ ကော်မတီကို အရင်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၁၈ နဲ့ အရေးယူတာကို ဆန္ဒပြမယ်လို့တော့ အကြောင်းကြားတယ်။ မိကျောင်းကန် ကိစ္စက တပ်ပိုင်းဆိုင်ရာတွေ ပါတယ်။ တပ်ပိုင်းဆိုင်ရာကို စာပို့ထားပြီးပြီ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကော်မတီက ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း အဆိုတင်သွင်း ပြီးပြီ" ဟု နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက "မိကျောင်းကန်က လူတွေက တိုင်းဒေသကြီး အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက် ချင်တယ်ဆိုတာ ကောင်းပါတယ်။ ဘယ်အဖွဲ့အစည်းမဆို ပြည်သူတွေရဲ့ အခက်အခဲကို ညှိနှိုင်းဆောင်ရွက် ပေးမယ်ဆိုရင် ကောင်းပါတယ်" ဟု ပြောကြားသည်။

မိကျောင်းကန် ဆန္ဒပြမှုကို ဦးဆောင်သူ ဦးစိန်သန်းက "ဘုရားမြေတွေကို ခိုးကြောင်ခိုးဝှက်လုပ် အုတ်တံတိုင်း ခတ်နေတာတွေကို ကျွန်တော်တို့ ပြည်သူတွေ လုံးဝမကျေနပ်တဲ့အတွက် ထပ်ပြီးသပိတ်စခန်းဖွင့် ဆန္ဒပြတာပါ။ သက်ဆိုင်ရာ အစိုးအရ အဖွဲ့က ဒါတွေကို မမြင်ကွယ်ရာ ဆောင်နေတယ်" ဟု ယင်းဆန္ဒပြပွဲတွင် ပြောကြားသည်။

ထို့နောက် ဦးစိန်သန်းကို ယခင်မိကျောင်းကန် ဆန္ဒပြမှုများနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ကျခံစေရန် နိုဝင်ဘာ ၂၆ ရက်က အမိန့်ချမှတ်ခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း မိကျောင်းကန် သပိတ်စခန်းမှ မနေနွယ်သန်းက ပြောကြားသည်။

ဆန္ဒပြ တောင်းဆိုသူများသည် မိကျောင်းကန်မြေ ပြန်လည်ရရှိရေး ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (၁) ကျောင်းရှေ့မှ ဝေဇယန္တာလမ်း၊ မြစာရံအေး စေတီရှေ့အထိ လမ်းလျှောက်ဆန္ဒပြမှုကို လူအင်အား ၃၀၀ ခန့်ဖြင့် နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအထိ ပြုလုပ်ခဲ့ကြောင်း၊ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုမှုကို ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ဒုတိယအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုမှုကို နိုဝင်ဘာ ၂၆ ရက်ညက ဝေဇယန္တာလမ်းရှိ မိကျောင်းကန် အပိုင်း (၁) ရှေ့မြစရံအေး စေတီအနီးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...