Wednesday, November 27, 2013

ယခင်ရန်ကုန်တိုင်းဒေသကြီး မ.ထ.သ ကော်မတီနှင့် ပတ်သက်၍ တိုင်ကြားစာများစွာ လက်ခံရရှိထားပြီး ယာဉ်လိုင်းဝင်လိုပါက ယာဉ်ပိုင်ရှင်ထံမှ ငွေကြေးတောင်းခံမှုများ ပါဝင်



ယခင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီနှင့် ပတ်သက်၍ ယာဉ်ပိုင်ရှင်များထံမှ တိုင်ကြားစာများစွာ လက်ခံရရှိထားပြီး ယင်းထဲတွင် ယာဉ်လိုင်းဝင်လိုပါက ယာဉ်ပိုင်ရှင်ထံမှ ကော်မတီက ငွေကြေးတောင်းခံမှု တိုင်ကြားမှုများတွင် ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

"အန်တီ့ဆီမှာ မ.ထ.သ ကော်မတီဟောင်းကို ယာဉ်ပိုင်ရှင်တွေက တိုင်ကြားတဲ့စာတွေ တစ်ထပ်ကြီး ရှိတယ်။ စာအုပ်တောင် ချုပ်ထားရတယ်။ အချို့ကလည်း ယာဉ်ပိုင်ရှင် လေးငါးယောက်ကနေ ကိစ္စတစ်ခုတည်းကို ၀ိုင်းပြီး တိုင်တာရှိသလို အချို့ကိစ္စတွေဆိုရင် တစ်ယောက်ကို တစ်မျိုးစီ တိုင်တာတွေလည်း ရှိတယ်။ အဲဒီအထဲမှာ ယာဉ်လိုင်းဝင်ချင်ရင် ကော်မတီကို ငွေ ၁၀ သိန်း၊ သိန်း ၂၀ စသည်ဖြင့် ပေးရတာတွေရှိတယ်။ နောက်ပြီး အစိုးရ အဖွဲ့ဝင်လူကြီးကိုလည်း ပေးရတာမျိုးတွေ ရှိတယ်လို့ တိုင်ကြားထားတာတွေ ရှိတယ်"ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ယင်းကိစ္စများအပေါ် ယာဉ်ပိုင်ရှင်များမှ နိုင်ငံတော်သမ္မတရုံးသို့ တိုင်ကြားထားပြီး သမ္မတရုံးမှ မှတ်ချက်ကို စောင့်ဆိုင်းနေကြောင်း၊ ဒေါက်တာညိုညိုသင်း အနေဖြင့်လည်း မ.ထ.သ ကော်မတီဟောင်းမှ ကော်မတီဝင်အချို့နှင့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံကာ ယာဉ်ပိုင်ရှင်များ၏ တိုင်ကြားမှုများနှင့် ပတ်သက်၍ ပြောကြားခဲ့ဖူးကြောင်း၊ သို့သော် မ.ထ.သ ကော်မတီကို စက်တင်ဘာလအတွင်းက အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး ယခင်ကော်မတီဟောင်းမှ လူအချို့ ပြန်လည်ပါဝင်လာသည်ဟု သိရသည်။

"ကျွန်တော်ကတော့ စက်တင်ဘာလမှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ကော်မတီမှာ တာဝန်ယူရတာပါ။ အရင်က ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး မသိဘူး။ တော်တော်လည်း ထူးဆန်းပါတယ်။ ဒီကိစ္စကို လက်မခံပါဘူး။ လက်ရှိ ကော်မတီမှာ ကိုးယောက် ရှိပါတယ်။ အရင်ကော်မတီဝင် အဟောင်းနှစ်ယောက် ပြန်ပါတယ်။ ကျန်တဲ့ ခုနစ်ယောက်ကတော့ ထွက်သွားကြပြီ။ ကော်မတီဝင်အသစ်တွေ လုပ်ငန်းတွေဆက်ပြီး လုပ်နိုင်အောင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တစ်ယောက် စုစုပေါင်းနှစ်ယောက်ကို ဆက်ခန့်ထားတာပါ"ဟု အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မ.ထ.သ ကော်မတီ၏ ဥက္ကဋ္ဌ ဦးထိန်ဝင်းက ပြောကြားသည်။

"အခုကော်မတီအသစ် လက်ထက်မှာတော့ ကော်မတီအသစ်ကို တိုင်ကြားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ ကော်မတီအဟောင်းလက်ထက်က ငွေစာရင်းတွေအများကြီး ရှင်းဖို့ ကျန်နေသေးတယ်။ အဲဒီထဲကမှ ကိစ္စတစ်ခုဆိုရင် မ.ထ.သ ကော်မတီပိုင်ဖြစ်တဲ့ စူပါဝမ်း ကုန်တိုက်နေရာကို ငှားထားတာ သိန်း ၄၀ ကျော်ပဲ ၀င်တယ်လို့ပြတယ်။ ဒီလိုနှစ်ပေါင်းများစွာ နေခဲ့တယ်။ တကယ်တမ်း အခုမှအသစ်ပြန်ဖွဲ့ပြီး စာရင်းပြန်ရှင်းလိုက်တော့ သိန်း ၂၀၀ ကျော်လောက် ၀င်တယ်လို့ ပေါ်လာတော့ ဒီကြားကာလတွေမှာ စာရင်းတွေ ကွာဟနေတဲ့ကိစ္စက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်"ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်မြို့လယ် မဟာဗန္ဓုလလမ်းပေါ်တွင် ပြေးဆွဲလျှက်ရှိသော ခရီးသည်တင် မ.ထ.သ ယာဉ်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...