Wednesday, November 27, 2013

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ကြက်ဘဲဈေးသစ် အပါအ၀င် ရန်ကုန်မြို့၌ ဈေးသစ် ၁၀ ဈေး တိုးချဲ့တည်ဆောက်ရေးအတွက် ငွေကျပ်သန်းပေါင်း ၁၃၀၀ သုံးစွဲရန် လျာထား




၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၌ ကြက်ဘဲဈေးသစ် အပါအ၀င် ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း ဈေးသစ် ၁၀ ဈေး တိုးချဲ့တည်ဆောက်ရေးအတွက် ငွေကျပ်သန်းပေါင်း ၁၃၀၀ သုံးစွဲရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် အသုံးစရိတ် လျာထားမှုအရ သိရသည်။

အဆိုပါ ဈေးများအား ဒဂုံမြို့သစ်ဆိပ်ကမ်း၊ အင်းစိန်၊ သာကေတ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒေါပုံ စသည့်မြို့နယ်များတွင် တည်ဆောက်သွားမည် ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် လက်လီလက်ကား ကြက်ဘဲရောင်းချသည့် ဈေးအနေဖြင့် မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးနှင့် လှိုင်သာယာ မြို့နယ်တွင် ကြက်ဘဲဈေး စသည်တို့တွင်သာ ရှိခြင်းကြောင့် ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ဈေးသစ်တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၄၀၀ ၊ အင်းစိန်မြို့နယ်တွင် ဖော့ကန်ဈေး တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၁၄၀ နှင့် အောင်ဆန်းဈေးတွင် ပျံကျဈေးရုံ တစ်ရုံ တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀၊ သာကေတ မြို့နယ်တွင် အမှတ် (၃) ဈေး တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၂၀၀၊ ရွှေပြည်သာ မြို့နယ်တွင် ပတ္တမြားဈေး တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၂၀၀၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးရှိ ပြည်ထောင်စု ခုံးကျော်တံတားဘေး ကျွန်းစိုက်ခင်းနေရာ ပျံကျဈေးသစ် တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀၊ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် ၁၂၄ ကားမှတ်တိုင်အနီး ပျံကျဈေးသစ် တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၁၀၀၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် စံပြရိပ်ငြိမ်ဈေးတွင် ပျံကျဈေးရုံ တစ်ရုံ တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀ နှင့် ဒဂုံရွှေပြည်ဈေးတွင် ပျံကျဈေးရုံတစ်ရုံ တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀၊ ဒေါပုံမြို့နယ် ဒေါပုံဈေးတွင် ပျံကျဈေးရုံတစ်ရုံ တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀ တို့ သုံးစွဲရန် လျာထားသည်။

ထို့ပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့ရှိ ဈေးကြီးများ အကြီးစား ပြုပြင်ခြင်းအတွက် ငွေကျပ်သန်း ၁၄၀၀ ကျော် သုံးစွဲရန် လျာထားပြီး ဟောင်းနွမ်းနေသော ဈေးရုံဟောင်းများအား ပြင်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ ပြုပြင်ခြင်း၊ ရေမြောင်းများလမ်းများ၊ ခြံစည်းရိုးများ ပြုပြင်ကာရံခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဈေးပေါင်း ၅၀ နီးပါး ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဈေးကြီး ၁၃ ဈေးအား ဆီးဂိမ်းစ်အမီ ဆေးသုတ်ခြင်း၊ အချို့အစိတ် အပိုင်းများအား ပြုပြင်ခြင်း၊ မှန်မရှိသည့် နေရာများအား မှန်များလဲလှယ် တပ်ဆင်ခြင်း၊ အမိုးပြုပြင်ခြင်း စသည်တို့ကို ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ညောင်ပင်လေးဈေး၊ မြေနီကုန်း ပလာဇာ၊ သိမ်ကြီးဈေး (ဃ) ရုံ၊ သိမ်ကြီးဈေး (ဂ) ရုံ၊ သံဈေး၊ မင်္ဂလာဈေးသစ် (ရွှေပြည့်စုံဈေး)၊ ကျောက်မြောင်းဈေး၊ သင်္ဃန်းကျွန်း စံပြဈေး၊ စံပြရန်ကင်းဈေး၊ လှည်းတန်းဈေးနှင့် အင်းစိန်ဈေးတို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ ကြက်ဘဲဈေး အတွင်းပိုင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...