Wednesday, November 27, 2013

ဆယ်စုနှစ် တစ်ခုကြာ ပိတ်ထားသည့် အခမဲ့ ဆေးခန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကနဦး အနေဖြင့် ရန်ကုန်နှင့် မန္တလေးတွင် စတင်ဖွင့်လှစ်မည်



ဆယ်စုနှစ် တစ်ခုကြာ ပိတ်ထားသည့် အခမဲ့ ဆေးခန်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကနဦး အနေဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဖွင့်လှစ် မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ သိရသည်။

အဆိုပါ အခမဲ့ ဆေးခန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဆေးခန်း ၃၃ ခုကို ဖွင့်လှစ်ခဲ့ကြောင်းနှင့် လက်ရှိတွင် အဆိုပါ ဆေးခန်းများကို ပြန်လည်ဖွင့်လှစ်မည့်အပြင် ရန်ပုံငွေ ရရှိမှုပေါ် မူတည်ကာ ဆေးခန်းများ ထပ်မံတိုးချဲ့သွားရန် စီစဉ်ထားကြောင်းနှင့် အထူးသဖြင့် ပြည်သူ့ဆေးရုံများ၊ ဆေးခန်းများနှင့် အလှမ်းဝေးသည့် ဒေသများ၊ အခြေခံ လူတန်းစားများရှိရာ ဆင်ခြေဖုန်း မြို့နယ်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခုဖွင့်မယ့် ဆေးခန်းတွေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖွင့်လှစ်ခဲ့တယ်။ လက်ရှိမှာတော့ လှုပ်ရှားမှု မရှိဘူး။ ၁၉၉၀ လောက်က မြန်မာ့ကရုဏာ ဖောင်ဒေးရှင်းဆိုပြီး တစ်နိုင်ငံလုံးမှာ ဆေးခန်း ၃၃ ခု ဖွင့်လှစ်ခဲ့ပေမယ့် ၁၉၉၇ မှာ ကျန်းမာရေး ၀န်ကြီးဌာနက ခေတ္တထိန်းသိမ်း ခဲ့တယ်။ အခုမှ ဆေးခန်းအားလုံးကို ကျွန်တော်တို့ ဖောင်ဒေးရှင်းကို ပြန်လည်ဖွင့်လှစ်ဖို့ လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်။ အဓိကကတော့ ပြည်တွင်းမှာ ကျန်းမာရေးဆိုင်ရာ အလှမ်းဝေးတဲ့ ဒေသတွေ၊ ဆင်ခြေဖုန်း မြို့နယ်တွေမှာရှိတဲ့ လူထုတွေအတွက် ဖွင့်လှစ်သွားမယ်" ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

ယခု ဖွင့်လှစ်မည့် ဆေးခန်းတွင် ကနဦး အနေဖြင့် သာမန်ဖျားနာ ရောဂါများကိုသာ ကုသပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီးများနှင့် ချိတ်ဆက်ကာ နာတာရှည် ရောဂါများ အတွက်ပါ တာဝန်ယူပေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဆေးခန်းဖွင့်လှစ်ရန်အတွက် ပြည်တွင်းမှ အလှုရှင်များ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ကနဦး အနေဖြင့် အဆိုပါ ဆေးခန်းများကို ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာ၊ တောင်ဥက္ကလာပ မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် ချမ်းမြသာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆေးခန်းတစ်ခုစီတွင် ဆရာဝန်နှစ်ဦး၊ သူနာပြုနှစ်ဦး အပါအ၀င် ၀န်ထမ်းစုစုပေါင်း ခြောက်ဦး ထားရှိမည် ဖြစ်ကြောင်းနှင့် ပုံမှန်ဆေးခန်း ဖွင့်ချိန်အတိုင်း ညနေပိုင်းတွင် ဖွင့်လှစ်ကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း အနေဖြင့် ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ ကျန်းမာရေးဆိုင်ရာ အရည်အသွေး မြှင့်တင်ရေး သင်တန်းများ၊ သုတေသန လုပ်ငန်းများနှင့် ပညာပေး လုပ်ငန်းများတွင်ပါ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇီဝိတဒါန အခမဲ့ ဆေးရုံတွင် ဆေးကုသမှု ခံယူရန် စောင့်ဆိုင်းနေသည့် လူနာများအား တွေ့ရစဉ်
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...