Friday, November 15, 2013

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး အဖွဲ့မှူး ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း

Friday, 15 November 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံများ ပိုမို ဝင်ရောက်လာစေရန် အတွက် အကန့်အသတ်များ ရှိနေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ဖြေလျှော့မှုများ ပြုလုပ်ရန် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လာရောက်လုပ်ကိုင်မှု အခြေအနေနှင့် ပတ်သက်၍ သိရှိနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှူဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး အဖွဲ့မှူး ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။



Voice : အစိုးရသစ်လက်ထက် ဥပဒေသစ် မပြဋ္ဌာန်းခင်နဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေသစ် ထုတ်ပြန်ပြီး နောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ သိချင်ပါတယ်။

UANO : FDI (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု) ဥပဒေထွက်တာ ၂၀၁၂ နိုဝင်ဘာလပေါ့။ ဘဏ္ဍာနှစ်နဲ့ဆိုရင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထဲမှာပေါ့။ ဘဏ္ဍာနှစ်ရဲ့ အလယ်လောက်မှာ ထွက်တာပေါ့။ ဥပဒေ မထွက်ခင်ကတော့ အသင့်အတင့်ပဲ ဝင်တယ်။ ဥပဒေထွက်ပြီး နောက်ပိုင်းတော့ ပိုတိုးဝင်တယ်။ မနှစ်က ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရှိတယ်။ ဒီနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကျတော့ အခုဆိုရင် ခြောက်လ ကျော်လာပြီပေါ့နော်။ အောက်တိုဘာဆိုရင် ခုနစ်လပေါ့။ အဲဒီကာလအတွင်းမှာ ဝင်လာတဲ့ ပမာဏက အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ နီးနီးလောက်ရှိတယ်။ အဲဒီတော့ မနှစ်ကထက် နှစ်ဆလောက် ထပ်တက်လာမယ်လို့ ယူဆလို့ရတယ်။

Voice : လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အများစုက သယံဇာတ ထုတ်ယူမှု ကဏ္ဍမှာ ရှိနေတာကို တွေ့ရပါ တယ်။ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ပိုမို များပြားလာအောင် ဘယ်လို ဆောင်ရွက်မလဲ။

UANO : လက်ရှိသွားနေတာကတော့ FDI နဲ့ ပတ်သက်ပြီး Labor Incentive ဖြစ်တဲ့ လုပ်သားအင်အား အများအပြား သုံးစွဲရတဲ့ လုပ်ငန်းတွေကို အဓိက ခွင့်ပြုပေးခဲ့တာပေါ့။ လုပ်သားများများ သုံးရတဲ့ နေရာတွေကိုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း များများ ဖန်တီးပေးနိုင်အောင်လို့။ အရင်တုန်းက Resources Base မှာ များတာ မှန်တယ်။ ဒီ ၂ နှစ် အတွင်း ဘယ်မှာများလဲ ဆိုတော့ Manufacturing အပိုင်းပေါ့။ ကုန်ထုတ်လုပ်ငန်းတွေက Labor Incentive ဖြစ်တယ်။ အဲဒီဘက်မှာ များတယ်။ ဒီနှစ်မှာ ဆိုရင် စက်မှုလုပ်ငန်းက ဝင်လာတာ ရာခိုင်နှုန်း ၆၀ လောက် ရှိတယ်။ ဟိုတယ်နှင့် ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ၂၀ ရာခိုင်နှုန်းကျော် ဝင်လာတယ်။ ကျန်တာက စိုက်ပျိုးရေးကဏ္ဍမှာ။ နောက်ပြီးတော့ အိမ်ရာအဆောက်အအုံ ဆောက်လုပ်ရေး ကဏ္ဍမျိုးတွေမှာ ဝင်တယ်။ ခြုံပြောလိုက်ရင် ဒီ ၂ နှစ် အတွင်းမှာ Resources ထုတ်ယူရေးကဏ္ဍမှာ ဝင်တာ မရှိသလောက် ဖြစ်သွားပြီ။

Voice : ကျွန်တော်တို့ဆီမှာကျတော့ Infrastructure လည်း အားနည်းတယ်။ လျှပ်စစ်မီး မမှန်ဘူး။ ဒီအခြေအနေမျိုးမှာ FDI တွေ ဝင်လာအောင် ဆွဲဆောင်တဲ့ နေရာမှာ အခက်အခဲ ဘယ်လိုတွေ ရှိလဲ။

UANO : အခက်အခဲက ပြောရရင် ခုနက လျှပ်စစ်မီးတင် မကဘူး။ ကျန်တဲ့ဟာတွေလည်း ရှိသေးတယ်။ ကိုယ့်တိုင်းပြည်က Infrastructure အားနည်းသေးတာကိုး။ Labor နဲ့ ပတ်သက်ပြီး တိုင်းပြည်မှာက လူဦးရေ ၃၆ သန်းလောက်က အလုပ်လုပ် နိုင်တယ်လို့ ပြောနေကြပေမယ့် Skilled Labor မရှိသေးဘူး။ ရင်းနှီးမြှုပ်နှံမှု​တွေ ဝင်လာဖို့ Skilled Labor လည်း လိုသေးတယ်။ လူတွေများရုံနဲ့ မရဘူး။ တချို့ဥပဒေတွေက ပြင်တာ မပြီးသေးဘူး။ ရင်းနှီးမြှုပ်နှံမှုမှာ ပတ်ဝန်းကျင်ကောင်းဖို့ ဆိုတာက Legal Framework လည်း ကောင်းဖို့ လိုအပ်တယ်။ နောက်ပြီး လူသား အရင်းအမြစ်တွေလည်း ကောင်းရမယ်ပေါ့။ ဒီလို စိန်ခေါ်မှုတွေတော့ အများကြီး ရှိနေတာပေါ့။ တစ်ခုပြီးတစ်ခု ကြိုးစားပြီးတော့ ရှင်းနေပါတယ်။

Voice : ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအပေါ် ကန့်သတ်ချက်ထားတဲ့ အချက်တချို့ကို ဖြေလျှော့ပေးဖို့ ပြန်လည် သုံးသပ်နေတယ် ဆိုတော့ ဘယ်လိုကဏ္ဍ အမျိုးအစားတွေကို ပြန်လည် သုံးသပ်နေတာလဲ။

UANO : အဓိကကတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ဆွဲခဲ့တဲ့သူတွေက အယူအဆ မျိုးစုံ ဖြစ်ခဲ့တာပေါ့။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်ဖွင့်ပေးမှ တိုးတက်မယ်လို့ အယူအဆကို လက်ခံတဲ့သူတွေ ရှိသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အများကြီးဝင်လာရင် ကိုယ့်တိုင်းပြည်ထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာမယ် ဆိုတဲ့ အယူအဆရှိတဲ့ သူတွေလည်း ရှိတယ်။ ဒီလို Conflict တွေ ရှိကြတယ်ပေါ့။ ဒီလိုဖြစ်ပြီးတော့ ဥပဒေက နောက်ဆုံး အတည်ပြုသွားပြီး ဖြစ်တဲ့အချိန်မှာ ဥပဒေအရ လုပ်နိုင်မယ့် လုပ်ငန်း နယ်ပယ်တွေ သတ်မှတ်ပေးရတယ်။ အဲဒီလို သတ်မှတ်ပေးတဲ့ အခါကျတော့ ဝန်ကြီးဌာနတွေ အားလုံးရဲ့ သဘောထား ဆန္ဒကို ယူရတယ်။ ပုဂ္ဂလိက ကဏ္ဍရဲ့ သဘောထား ဆန္ဒကို ယူရတယ်။ ယူပြီးတော့မှ ဒီအမိန့်ကို ထုတ်ပေးရတာ။ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒကို ဦးစားပေး ရတာပေါ့နော်။ ဝန်ကြီးဌာနတွေက ဖြစ်စေချင်တဲ့ ဆန္ဒ၊ ပုဂ္ဂလိက ကဏ္ဍဘက်က ဖြစ်စေချင်တဲ့ ဆန္ဒ ဒါကို ဦးစားပေးပြီးတော့ လုပ်ပေးရတာပေါ့။ တချို့လုပ်ငန်းတွေမှာ ဖက်စပ်စနစ်နဲ့ ခွင့်ပြုမယ်ဆိုတဲ့ ကန့်သတ် ချက်တွေထားမယ်။ တချို့ လုပ်ငန်းတွေမှာ သတ်မှတ်တဲ့ Condition အောက်မှာပဲ လုပ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေ ထားတာ ရှိတယ်။ အဲဒီလို လုပ်ခဲ့ရတာပေါ့။ လုပ်ခဲ့တော့ ဘာဖြစ်လဲ ဆိုတော့ တကယ်တမ်း လုပ်တဲ့ အခါကျတော့ အားနည်းချက် တွေ့လာတယ်။ ဘာတွေ့လဲဆိုတော့ ဥပမာဖက်စပ်ပဲ လုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ လုပ်ငန်းတွေမှာ လုပ်ငန်း တစ်ခုကို လုပ်ကိုင်ဖို့ နိုင်ငံခြားသားက မြန်မာပြည်လာတယ်။ ပြီးတော့ အကြီးကြီး လုပ်ချင်တယ်။ ဖက်စပ်လည်း လုပ်ပါမယ်။ လုပ်ပါရစေလို့ ပြောတဲ့အခါ အဲဒီအခါကျတော့ မြန်မာနိုင်ငံသား ဘက်က ဖက်စပ်လုပ်နိုင်မယ့် လုပ်ငန်းရှင်မျိုး ဟုတ်တိပတ်တိ ဒီမှာ မရှိဘူး။ မရှိတဲ့ အခါမှာ ဒီဟာက သူလည်း လုပ်ချင်တယ်။ လုပ်ဖို့လည်း တိုင်းပြည်ကလည်း ဒီလုပ်ငန်းမျိုးက လိုနေတယ်။ သူကိုယ်တိုင်လည်း ဖက်စပ် လုပ်ပါမယ်လို့ အဆိုပြုတယ်။ ဒါပေမဲ့ တိုင်းပြည်ထဲမှာ ဖက်စပ်လုပ်နိုင်မယ့်သူ မရှိတော့ ကိုယ့်ဆီလာမယ့် အခွင့်အလမ်း တစ်ခုက မရဘူးဖြစ်တာပေါ့။ ဒါတွေကို ပြန်သုံးသပ်တဲ့ အခါမှာတော့ တချို့ဟာတွေက ပြန်သုံးသပ်ပြီး ဖြေလျှော့သင့်တာကို ဖြေလျှော့ရမယ်။ နောက်တစ်ခုက ဒီ အမိန့်ကြေညာချက် ထုတ်ပြန်စဉ်တုန်းက တချို့ကိစ္စတွေကို Performances Requirements ပေါ့။ ပြည်တွင်းက ကုန်ကြမ်းကို ဘယ်လောက် သုံးရမယ်။ နောက် ပြည်ပကို ဘယ်လောက် ပို့ရမယ် စသည်ဖြင့်ပေါ့။ ကန့်သတ်ချက်တွေ ရှိတာ ဖြစ်တယ်။ တကယ် လုပ်ကြည့်တဲ့အခါ ပြည်တွင်း ကုန်ကြမ်းက လောက်လောက် လားလား မပေးနိုင်တဲ့ ဟာမျိုးတွေလည်း ရှိလာတယ်။ ပေးနိုင်တဲ့ဟာ တွေကျတော့လည်း လိုချင်တဲ့ Quality မရဘူး။ အဲဒီမျိုး ကန့်သတ်ချက်တွေလည်း သွားတွေ့တယ်။ တစ်ဖက်ကလည်း ဒီမြန်မာနိုင်ငံရဲ့ Investment နဲ့ ပတ်သက်ပြီးတော့ Review ပြန်လုပ်တဲ့အခါမှာ OECD က Review လုပ်ထားတာ ရှိတယ်။ World Bank က လုပ်ပေးသွားတာ ရှိတယ်။ ရှိတော့ OECD က Review က ဘာတွေ့လဲ ဆိုတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ဒုတိယ ကန့်သတ်ချက် အများဆုံးနိုင်ငံ ဆိုပြီးတော့ သွားတွေ့တယ်။ တစ်ဖက်ကလည်း နိုင်ငံတော်က Investor Friendly Environment ကို ဖန်တီးမယ်လို့ ပြောတယ်။ တစ်ဖက်က ကန့်သတ်ချက်တွေ ပြောနေတော့ အပြောတခြား အလုပ်တခြား သဘောမျိုး ဖြစ်နေတယ်။ ပြည်ပက မြင်တဲ့ အပိုင်းမှာလည်း မြန်မာနိုင်ငံမှာ ကန့်သတ်ချက်တွေ များတယ်။ ဒီဟာတွေကို သေချာ Review လုပ်ပြီးတော့မှ တိုင်းပြည်အတွက် တကယ် လက်တွေ့ကျတဲ့ အကျိုးရှိမယ့် ကန့်သတ်ချက်တွေ ဖြစ်အောင် ပြန်ပြင်ဖို့ လိုတယ်။ ပြင်ပြီးတော့မှ နိုင်ငံသားလည်း အလုပ်ဖြစ်ရမယ်၊ တိုင်းပြည်လည်း အကျိုးရှိရမယ်။ အဲလို ပြန်ပြင်တာ။ ဥပမာအားဖြင့် ဆိုရင် စားသောက်ကုန် လုပ်ငန်းဆိုရင် JV (Joint Venture) လုပ်ရမယ်လို့ သတ်မှတ်ထားတယ်။ ပြည်ပက တချို့ကုမ္ပဏီကြီးတွေ လာစုံစမ်းတယ်။ လာစုံစမ်းတာ ဘာလဲဆိုတော့ စားသောက်ကုန် လုပ်မယ်။ ဒီမှာ ထုတ်မယ်။ ထုတ်ပြီးရင် မြန်မာပြည်က ကုန်ကြမ်းလည်း သုံးမယ်။ ဒါပေမဲ့ မြန်မာပြည်မှာ လုံးဝ Local မဖြန့်ဘူး။ အားလုံး Export လုပ်မယ်။ ၁၀၀ ရာခိုင်နှုန်း အဲဒီလိုလုပ်လို့ ရမလားလို့ သူတို့ဘက်က မေးတာတွေ ရှိတယ်။ အဲဒီတော့ စဉ်းစားကြည့်လိုက်တော့ တိုင်းပြည်မှာ စက်ရုံ လာထောင်တယ်။ ကိုယ့်တိုင်းပြည်က ကုန်ကြမ်း သုံးတယ်၊ နံပါတ်တစ်က တောင်သူ လယ်သမားတွေအတွက် အကျိုးရှိတယ်။ ဘာပဲပြောပြော သူတို့ ဈေးကွက် တစ်ခု ဖန်တီးပြီးသား ဖြစ်မယ်။ စက်ရုံလာထောင်လို့ ရှိရင် နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းလည်း ပေါမယ်။ ဒီပစ္စည်းတွေကို ပြည်တွင်းမှာ ဖြန့်တာမဟုတ်တဲ့ အတွက်ကြောင့် ပြည်တွင်းက နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးရှိတယ်။ သူတို့အတွက် ပြိုင်ဘက်တစ်ခု တိုးလာစရာကြောင်း မရှိတော့ဘူး။ ဒီတော့ အဘက်ဘက်က ပြန်စဉ်း စားကြည့်ရင် အကျိုးရှိနေလျက်နဲ့ ကန့်သတ်ချက်ထဲမှာ စားသောက်ကုန် လုပ်ငန်းဆိုရင် JV ပဲ လုပ်ရမယ် ဆိုတာမျိုးက ပြန်သုံးသပ်ပြီး ပြည်တွင်းမှာ လာလုပ်မယ့် Investment ဆိုရင် ပြည်တွင်း ဈေးကွက်ကို ဖြန့်မှာ ဆိုရင်တော့ JV လုပ်။ ပြည်တွင်း ဈေးကွက်ကို မဖြန့်ဘဲ ရာနှုန်းပြည့် Export လုပ်မယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပေးသင့်ရင် ပေးပစ်လိုက်ပေါ့။ ဒါက ဥပမာ ပေးတာပေါ့နော်။

Voice : အခုကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တယ်လို့ ဖော်ပြ ထားတယ်။ စီးပွားရေး ပညာရှင်အချို့ကလည်း ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ နည်းပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက များနေရင် Inflation တက်နိုင်တယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။ အဲဒီအချက်ကို တစ်ချက်လောက် သုံးသပ်ပေးပါဦး။

UANO : အဲဒါက ရာနှုန်းပြည့် မမှန်ဘူး ဗျ။ ရာနှုန်းပြည့် မမှန်ဘူးဆိုတာက Investment အပိုင်းမှာ FDI တွေ ဝင်လာတယ် ဆိုတာက ဥပမာပြောရရင် ခုနက ၁ ဒသမ ၄ ဘီလီယံ ဆိုတာက ပိုက်ဆံချည်းပဲ ဝင်လာတာ မဟုတ်ဘူး။ အဲဒီ ၁ ဒသမ ၄ ဘီလီယံထဲမှာ ပစ္စည်းတွေ ပါတယ်။ စက်ပစ္စည်းတွေ ပါတယ်။ ဥပဒေအရကို ရင်းနှီးမြှုပ်နှံမှုကို တန်ဖိုးသင့်တဲ့အခါ သူသွင်းလာတဲ့ စက်ပစ္စည်းတွေ တန်ဖိုး ဒါလည်း Investment ပေါ့။ သူ့ရဲ့နည်းပညာနဲ့ ပတ်သက်တာ တွေကိုလည်း တန်ဖိုး သတ်မှတ်တယ်။ တကယ်တမ်းကျတော့ Investment တစ်ခု တိုင်းပြည်ထဲကို ဝင်လာလို့ရှိရင် ငွေဝင်တဲ့ ပမာဏက ရာခိုင်နှုန်း ၂၀ လောက်ပဲ ရှိတာ။ တစ်ရာဖိုး ပေးလိုက်ရင် ၈၀ ဖိုးက နည်းပညာ ရယ်၊ သူ့ရဲ့ Rights ရယ်၊ သူ့ရဲ့ စက်ပစ္စည်းတွေ၊ လုပ်ငန်းခွင်ထဲမှာ သုံးမယ့် ပစ္စည်းတွေ ဒါတွေ ဝင်လာတာ ငွေသား ဝင်လာတာက ပျမ်းမျှပြောရင် ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲဒီတော့ ဒီဟာမျိုး များတယ်လို့ ပြောလို့ မရဘူး။ ကုန်သွယ်မှုများ သွင်းကုန်က များပြီး ပို့ကုန်က နည်းနေတယ်။ အဲဒီအတွက်ကြောင့် မို့လို့ ဘဲစားဘဲ ခြေပေါ့။ နောက်တစ်ချက်ကလည်း Local Investment လည်း မကျဘူး။ နိုင်ငံသားတွေရဲ့ Investment ကလည်း မနှစ်က ကျပ် ၁၁ ထရီလီယံလောက် ရှိတယ်။ ဒီနှစ်က နှစ်ဝက်နဲ့ ကျပ်ဘီလီယံ ခြောက်ရာ ကျော်နေပြီ။ ဆိုတော့ နှစ်ကုန်ရင် မနှစ်က အနေအထားကို ကျော်သွားမယ် ထင်တယ်။ အဲဒီတော့ Local Investment ကလည်း အားကောင်းနေတယ်။ အဲဒီတော့ Inflation မှာ တခြား Sector တွေ ဖြစ်နိုင်တယ်။ Investment ဝင်တာများလို့ Inflation တက်တယ်ဆိုတာက ရာနှုန်းပြည့် မမှန်ဘူးလို့ ပြောလို့ရတယ်။

Voice : OECD (Organisation for Economic Co-operation and Development) ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်ကို ကျင့်သုံးနေတယ်လို့ သိရတယ်။ အဲဒီမူဘောင် အကြောင်းလည်း သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်အချိန်က စတင် အသုံးပြုတာလဲ။ ဘာကြောင့် အသုံးပြုတာလဲ။ ဘယ်လိုတွေ ဆောင်ရွက်ရမှာလဲ။

UANO : အဓိကကတော့ OECD နဲ့ ကျွန်တော်တို့က ဘာလုပ်တာလဲ ဆိုတော့ ရောဂါရှာတာ ပေါ့နော်။ ကျွန်တော်တို့က ကိုယ့်တိုင်းပြည်က Investment အခြေအနေကို ကိုယ့်ဟာကို ပြန်ပြီးသုံးသပ်ရတာ ပေါ့။ ကိုယ့်တိုင်းပြည်များ ဘာအားနည်းနေသလဲ သုံးသပ်တာပေါ့။ သုံးသပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရင် အမှန်မမြင်ဘူး။ တကယ်ရော Investor တွေ လုပ်သာ ကိုင်သာ ရှိရဲ့လားပေါ့ ဒါမျိုးတွေ။ နောက် ကျွန်တော်တို့ ဥပဒေကရော ကောင်းရဲ့လား ဒါမျိုးတွေပေါ့။ ဒါလေးတွေကို ပေါ်လွင်ဖို့ အတွက် OECD ကို အကူအညီ တောင်းတာပါ။ နောက်တစ်ခါ Investment Policy Review ကို တိုင်းပြည်မှာရှိတဲ့ Investment နဲ့ ပတ်သက်တဲ့ Sector အားလုံးကို သုံးသပ်ဖို့ ကျွန်တော်တို့ ပူးပေါင်းလုပ်တာ တစ်နှစ်ခွဲလောက် ရှိသွားပါပြီ။ သုံးသပ်ပြီးရင် ၂၀၁၄ ဖေဖော်ဝါရီလဆိုရင် Report တရားဝင် ထုတ်ပြန်ပေးမှာပါ။ အဲဒီမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက Investment ဥပဒေက ဘာတွေ အားနည်းနေတယ်၊ တခြား Business Law မှာ ဘာတွေ အားနည်းနေတယ်၊ မူပိုင်းဆိုင်ရာမှာ ဘာတွေ အားနည်းနေတယ်၊ ဘာတွေ ပြင်ရမယ်၊ ဘာတွေကို ပြန်ပြီး တည့်မတ်ရမယ် ဆိုတာ ဆိုတာလေးတွေက အဲဒီမှာ ထွက်လာမှာပေါ့။ အဲဒီ Review ပေါ်မှာ အခြေခံပြီးတော့မှ ပြင်သင့်တဲ့ဟာတွေကို လိုက်ပြင်ရမှာပေါ့။

Voice : အဲဒီ OECD Review က နှစ်စဉ် ထုတ်တာမျိုးလား။ ဒီ Review ကနေ ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ။ ရနေပြီလဲ။

UANO : ဒီ Review ကလည်း ကျွန်တော် တို့တိုင်းပြည်မှာ အရင်က မရှိဖူးဘူး။ ဒါက ကျွန်တော်တို့ တိုင်းပြည်နဲ့ OECD နဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်တဲ့ Review ပါ။ အရင်တုန်းက OECD အာဆီယံထဲမှာ ဆိုရင် မလေးရှားကို ကူပြီး လုပ်ပေးခဲ့ဖူးတယ်။ အင်ဒိုနီးရှား လုပ်ပေးခဲ့ဖူးတယ်။ ဗီယက်နမ်ကို လုပ်ပေးခဲ့ဖူးတယ်။ အခု မြန်မာနိုင်ငံမှာ ဒါမျိုး လုပ်ပေးတာပေါ့နော်။ လုပ်ပေးတော့ ဒီ Review အတွက် ကုန်ကျ တဲ့ ဒီစရိတ်တွေ အားလုံးကို သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေက အကုန်အကျခံ တယ်။ OECD က ပညာရှင်တွေနဲ့ Review လုပ်တယ်။ ဒီဟာက အခုမှ စလုပ်တာ အရင် မလုပ်ခဲ့ဖူးဘူး။ ဒီ Review က နှစ်စဉ် ထုတ်တာမျိုးတော့ မဟုတ်ဘူး။ သူက တိုင်းပြည် တစ်ခုရဲ့ အနေအထားကို ကြည့်ပြီးတော့ တစ်ခါ လုပ်ပေးတယ်။ နောက်ထပ် တိုင်းပြည်က ၂ နှစ်၊ သုံးနှစ်ကြာလို့ ထပ်လုပ်ချင်တယ် ဆိုရင် လာလေ့လာတယ် ထပ်လုပ်ပေးတယ်။ ဒီ Review က Investment Promotion အတွက် အရမ်းအရေးပါတယ်။ ဘာလို့လဲ ဆိုတော့ OECD ဆိုတာ Investment Process နဲ့ ပတ်သက်လာရင် တစ်ကမ္ဘာလုံးက လေးစားရတဲ့ ကြားခံ အဖွဲ့အစည်း။ ဒီတော့ သူ့ Review ထဲမှာ မြန်မာနိုင်ငံမှာ ဒါတွေ အားနည်းနေတယ် ဆိုတာ ထုတ်ပြလိုက်တယ်။ တစ်ခုက အားနည်းတယ်လို့ ပြောတဲ့နေရာမှာ နှစ်ပိုင်းရှိတယ်။ အစိုးရက ပြင်နိုင်မယ့်ဟာတွေကို ပြင်နိုင်မယ့် အခွင့်အလမ်း အစိုးရမှာ တစ်ခုရမယ်။ Investor ဘက်ကလည်း ဒီတိုင်းပြည်မှာ ဒါတွေ အားနည်းနေတယ်။ ဥပမာ-ဒီတိုင်းပြည်မှာ လျှပ်စစ်မီး မမှန်ဘူး၊ သူတို့ Investment လာလုပ်ရင် ကိုယ်ပိုင် Generator ရှိမှ ဖြစ်မယ်ဆိုတာ ကြိုတွေးမယ်။ Investor အတွက်လည်း ကြိုပြင်လို့ ရသွားတာပေါ့။ တစ်ဆက်တည်းမှာ ဒီအားနည်းချက်တွေကို အစိုးရက ပြင်လိုက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ Investment Environment ပိုကောင်းလာမယ်။

Voice : (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်) ရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို လျှော့ချထားတယ်။ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် စစ်ဆေးတဲ့ နေရာမှာ MIC ရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချထားတယ်လို့ သိရတယ်။ ဘယ်လို ဆောင်ရွက်နေတာလဲ။ ဘာကြောင့် ဒီလို ဆောင်ရွက်ရတာလဲ။

UANO : MIC ရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချနေရတာက ဒီလိုဗျ။ ဥပဒေသစ်မှာ MIC က လုပ်ပိုင်ခွင့်တွေ အများကြီး ယူထားတယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်က အရင် Policy အဟောင်းပေါ့နော် အဲဒီတုန်းက ဝန်ကြီးဌာနတိုင်းမှာ သူ့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ရှိတယ်။ Policy တွေ ရှိတယ်။ လုပ်ထုံး လုပ်နည်းတွေ ရှိတယ်။ Investment ကျတော့ ဝန်ကြီးဌာန တစ်ခုတည်းမှာ လုပ်လို့ မရဘူး။ အားလုံးပေါင်း လုပ်ရတာ။ အဲဒီတော့ Investment Environment ကောင်းလာဖို့ ဝန်ကြီးဌာနရဲ့ ဒီဥပဒေတွေ ဖြေလျှော့ဖို့ လိုလာတယ်။ ဆိုလို့ရှိရင် ဝန်ကြီးဌာနတွေက မဖြေလျှော့နိုင်ဘူး။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ လုပ်ထားတာ။ နောက်ဝန်ကြီးဌာန တစ်ခုကလည်း ဒါလေးကို ပြန်သုံးသပ်ပေးပါ။ တိုင်းပြည်အတွက် လိုအပ်လို့ လုပ်ထားတာ။ အဲဒီလို ဖြစ်နေလို့ရှိရင် ပေါင်းစပ်ညှိနှိုင်းမှု လက်ခံဖို့ MIC ရဲ့ အခန်းကဏ္ဍကို မြှင့်မထားဘူးဆိုရင် ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ် ဆောင်ရွက်ရာမှာ အခက်အခဲတွေ ပေါ်လာမယ်။ ဒါကြောင့် ဥပဒေသစ်ဆွဲတဲ့ အခါမှာ MIC ကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးခဲ့ရတယ်။ အဲဒီတော့ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ တချို့ကိစ္စလေးတွေမှာ ပြင်မရတဲ့ ကိစ္စလေးတွေ ဥပမာ- ဥပဒေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်လေး တွေရှိပြီ MIC ရဲ့ လုပ်ကိုင်ခွင့်ထက် ကျော်လွန် ပေးရတယ်။ ကောင်းတာ ရှိသလို မကောင်းတာလည်း ရှိတယ်။ MIC ကို လုပ်ပိုင်ခွင့်တွေ ပေးတဲ့အတွက် ဆုံးဖြတ်ပေးရတာတွေ များလာတယ်။ ဒါပေမဲ့ မကောင်းတာက ကိစ္စတိုင်းကို MIC တင်ပေးရတဲ့အတွက် MIC မှာ ဝန်ထုပ်ဝန်ပိုးတွေ တက်လာတယ်။ Investor မှာလည်း ဝန်ထုပ်ဝန်ဖိုးတွေ များလာတယ်။ ကောင်းတာလည်း ရှိသလို မကောင်းတာလည်း ရှိတယ်။ ဒီတော့ MIC က ကိစ္စတိုင်း လုပ်ရမှာတော့ မှန်တယ်။ သို့သော် ဖြေလျှော့လို့ ရတာတွေ ဖြေလျှော့မယ်။ ဒါကြောင့် One Stop Service ထောင်လိုက်တယ်။ MIC တင်ရမယ့် ကိစ္စတွေကို MIC မတင်နဲ့တော့ ဒီမှာပဲ လုပ်လိုက်။ ပို့ကုန်၊ သွင်းကုန် လုပ်ချင်တာလား ဘာလား ညာလား အရင်က MIC တင်ရတယ်။ မတင်နဲ့တော့ ဒီမှာတင် ဖြတ်လိုက်တော့။ အရင် MIC တင်ရတဲ့ လုပ်ငန်း တော်တော်များများကို မတင်စေတော့ဘဲနဲ့ တစ်ခါတည်း ဆုံးဖြတ် ပေးလိုက်တာ။

Voice : တခြား ဘာများ ဖြည့်စွက် ပြောချင်သေးလဲ ခင်ဗျ။

UANO : ကျွန်တော်တို့ အနေနဲ့ တချို့ မီဒီယာတွေကို ဖတ်ကြည့်တဲ့ အခါမှာ တချို့လည်း အပြုသဘောနဲ့ ရေးတာလေးတွေ ရှိတယ်။ တချို့က ဝေဖန်တာလေးတွေ ရှိတယ်။ ကျွန်တော် နည်းနည်းလေး သတိထားမိတာ တစ်ခုက မြန်မာနိုင်ငံမှာ တံခါး ဖွင့်ပေမယ့် ရင်းနှီးမြှုပ်နှံမှုက ဝင်သင့်သလောက် မဝင်ဘူးလို့ တော်တော်များများ ရေးကြတယ်။ လွှတ်တော်ဘက်က အကြီးအကဲတွေ ပြည်ပသွားတဲ့အခါ ဖြစ်ဖြစ်၊ ပြည်ပ ခရီးစဉ်တွေမှာ ဖြစ်ဖြစ် ပြောတာလေးတွေလည်း တွေ့ရပါတယ်။ ဥပဒေဆွဲပြီး ထွက်လာပေမယ့်လည်း ဝင်သင့်သလောက် မဝင်ဘူး စသဖြင့်ပေါ့။ ကိန်းဂဏန်းအားဖြင့် ဝင်သင့်သလောက် ဝင်တယ်။ မဝင်ဘူးဆိုတာ ရှင်းနေတာပဲ။ ရင်းနှီးမြှုပ်နှံမှုက လျော့မသွားဘဲနဲ့ တိုးနေတာလေ။ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဝင်နေတယ်။ ဒါလေး တစ်ချက် ပြောချင်တယ်။ သို့သော် အခု ရေတွင်းတူး အခု ရေကြည် သောက်လို့ရတဲ့ အဆင့်တော့ မဟုတ်ဘူး။ ကျွန်တော်တို့မှာ လုပ်ရမယ့် ကိစ္စတွေလည်း အများကြီးပဲ။ ကျွန်တော် ဘာတစ်ခု ပြောနိုင်လဲ ဆိုတော့ ဥပမာနှစ်ခု ကျွန်တော် ပေးချင်တယ်။ တရုတ်နိုင်ငံ ပေါ်လစီ စပြောင်းတာ ၁၉၇၉ ခုနှစ်။ သူ့တိုင်းပြည်ထဲကို ရင်းနှီးမြှုပ်နှံမှုတွေ လောက်လောက်လားလား စဝင်တာ ၁၉၉၃ ခုနှစ်မှ။ ၁၄ နှစ်လောက် စောင့်လိုက်ရတယ်။ ဗီယက်နမ်မှာ စဖွင့်တာ ၁၉၈၉ ခုနှစ်။ ရင်းနှီးမြှုပ်နှံမှု စဝင်တာ ၁၉၉၄ ခုနှစ်မှ။ ငါးနှစ် အချိန် ယူခဲ့ရတယ်။ ကျွန်တော်တို့က ဥပဒေအသစ် ပြင်ပြီးစလုပ်တာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ ဒီတစ်နှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုက မနှစ်ကနဲ့စာရင် နှစ်ဆလောက် ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ဝင်သင့်သလောက် မဝင်ဘူး ဆိုတာသည် တကယ်တော့ လက်တွေ့မှာ ကိုယ့်တိုင်းပြည်မှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေလည်း ရှိနေသေးတယ်။ ဒီလို အနေအထားမှာ အခုလောက် ဝင်တာကို ဝင်သင့်သလောက် မဝင်ဘူးလို့ ပြောတာ မမှန်ဘူးလို့ဘဲ ပြောချင်တယ်။ ဒါလေးက ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ဂ်ျပါ။

the voice

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...