Friday, November 15, 2013

နိုင်ငံတော်သမ္မတ လစာလျှော့ယူခြင်း တည်ဆဲဥပဒေများကို ဆန့်ကျင်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောဆို





 
Friday, 15 November 2013 


မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေခြင်းကြောင့်ဆိုကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတလစာကို လျှော့ယူထားခြင်းသည် တည်ဆဲ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန် ပြောဆိုလိုက်သည်။
“ဥပဒေမှာ ရှိပြီးတော့မှ မယူဘူးဆိုရင် ဥပဒေကို ဆန့်ကျင်တဲ့သဘော ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေမှာ သိန်း ၅၀ ပြဋ္ဌာန်းထားပါတယ်။ ဒါကို သဘောတူပါတယ်။ ဥပဒေ ဘယ်လိုပဲရှိရှိ မယူတဲ့အခါ ကျတော့ ဥပဒေနဲ့ မညီဘူး ဖြစ်နေတာ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ဥပဒေပါ ပြဋ္ဌာန်းထားသည့် လစာကျပ်သိန်း ၅၀ မှ ကျပ် ၁၅ သိန်းသာ ထုတ်ယူမည်ဟု ပြောကြားထားခြင်းကြောင့် ဥပဒေ ပြန်လည် ပြင်ဆင်ရာတွင်လည်း ကျပ် ၁၅ သိန်းဖြင့် အတည်ပြုပေးမှသာ ဥပဒေနှင့်ညီမည် ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံတော်သမ္မတ၏ လစာယူမည့် အခြေအနေကို လွှတ်တော်သို့ ရောက်ရှိနေသော ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် မေးမြန်းရန် လွှတ်တော် အစည်းအဝေးကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။
“အမိန့် ညွှန်ကြားချက်တစ်ခုနဲ့ ဒီလိုယူတယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဝန်ကြီးတွေရဲ့ ၁၀ ပုံတစ်ပုံပဲ ရှိနေတာကြောင့် ခုလို ဥပဒေကို ပြင်ပေးရတာပါ။ ၁၅ မိနစ်အတွင်း ခင်ဗျား ဆက်သွယ်ပြီး မေးလိုက်ပါ ၁၅ မိနစ် စောင့်မယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းကို ပြောကြားလိုက်သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေနှင့် သိန်းငါးဆယ်ထက် မပိုသော လစာကိုသာ ယူလိုပြီး လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်ပေးရန် ပြောကြားကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက သမ္မတကိုယ်စား လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လစာငွေ လျှော့ယူခြင်းသည် နိုင်ငံ၏ စီးပွားရေးကို ငဲ့ကွက်သည့် အခြေအနေ ရှိသော်လည်း ဥပဒေနှင့် ညီညွတ်မှု မရှိသည်မှာ မှန်ကန်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က The Voice သို့ ပြောကြားသည်။
“ဒါဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးဆိုလို့ ရှိရင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ပြင်ယူရမှာပဲ၊ ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြောတာပါ” ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းကပြောဆိုသည်။

နိုင်ငံတော်သမ္မတ၏ လစာသည် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများ၏ ညှိနှိုင်း ဆုံးဖြတ်မှု အပေါ်တွင် မူတည်နေသောကြောင့် အစိုးရ အဖွဲ့အစည်း အနေနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လာရောက် တင်ပြရန် ဦးခင်အောင်မြင့်က ကြေညာပြီး အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေး အတည် ပြုမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် ဥပဒေကို ပြင်ဆင်ရခြင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ၏ လစာနှင့် ပြည်ထောင်စု ဝန်ကြီးများ၏ လစာ များစွာ ကွာဟနေသဖြင့် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။



the voice

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...