Friday, November 15, 2013

ပြည်သူလူထု၏ ယုံကြည်မှုကို မရရှိသော မည်သည့်အစိုးရမျှ စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်မည် မဟုတ်ကြောင်း မြန်မာ-အီးယူ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သတိပေး ပြောကြား

 Friday, 15 November 2013


ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ်တွင် နိုဝင်ဘာ ၁၄ ရက်က EU-Myanmar Taskforce ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြည်သူလူထူ၏ ယုံကြည်မှုကို မရရှိသည့် မည်သည့် အစိုးရကမှ ၀င်ရောက်မည့် စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်မည် မဟုတ်သည့် အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဆိုပါက နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုသည့် အမြင်မှ ထည့်သွင်း စဉ်းစားရန် မမေ့သင့်ကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် EU-Myanmar Taskforce ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားခဲ့သည်။

''ဒီမှာ စောစောက Speaker တစ်ယောက် ပြောသွားတာနဲ့ ပတ်သက်ပြီး ကျွန်မသဘော မတူပါဘူး။ သူပြောတယ် ဘာပဲဖြစ်ဖြစ် လာသာလာခဲ့ ၂၀၁၅ နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားစရာ မလိုဘူးဆိုတဲ့ သဘောမျိုး ပြောသွားတယ်။ ဒါပေမဲ့ ကျွန်မထင်တယ် ရှင်တို့သေချာလုပ်ဖို့ လိုအပ်လိမ့်မယ်။ ပြီးတော့ ရှင်တို့မှာလည်း ဒီလိုသေသေချာချာလုပ်ဖို့ တာဝန်ရှိပါတယ်။ နောက်ရှင်တို့ ထည့်သွင်းစဉ်းစားရမှာက လာပြီး ရင်းနှီးမြှုပ်နှံတဲ့ ပတ်ဝန်းကျင်မှာ ရှင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးနိုင်မဲ့ တရားဥပဒေ စိုးမိုးမှုရှိပြီလား ဆိုတာပါ။ ဒါကြောင့် ၂၀၁၅ ဆိုတာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ဒီမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာ စီးပွားရေး လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုတဲ့သူတွေ အသိအမှတ်ပြု ထည့်သွင်းစဉ်းစားရမှာက အခုအချိန်အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်နိုင်သေးဘူး ဆိုတာပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် EU-Myanmar Taskforce ဆွေးနွေးပွဲတွင် အီးယူနှင့် မြန်မာနိုင်ငံမှ စုစုပေါင်း Panalist ကိုးဦး တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

''ဒီနေ့ပြောတဲ့ အထဲမှာ ကျွန်မသတိ ထားမိသလောက် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာတွေကို ထည့်သွင်းပြောကြားတာမျိုး မတွေ့ရသေးပါဘူး။ ကျွန်မပြောချင်တာက ရှင်တို့မှာ အရေးကြီးတဲ့ လုပ်ငန်းအဆင့်ဆင့်တွေကို ရှောင်လွဲလို့ရမှာ မဟုတ်ပါဘူး။ ရှင်တို့က စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တယ်။ အကျိုးအမြတ်အတွက် အလုပ်လုပ်ကြရမယ်။ အဲဒါကျွန်မ လက်ခံတယ်။ တစ်ဖက်ကလည်း ရှင်တို့မှာတာဝန်ယူမှု အပိုင်းရှိရမယ်။ ကျွန်မပြောနေတာ CSR တစ်ခုတည်း မဟုတ်ဘူး၊ Social responsibility ရော၊ political responsibility ရော၊ Legal Responsibility ရော ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်ပါတယ်။ ရှင်တို့က တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ မြန်မာနိုင်ငံမှာလာပြီး တာဝန်သိ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရှင်တို့ အရင်စဉ်းစားရမှာက နိုင်ငံရေး အခြေအနေတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေတွေ၊ လူမှုရေး အခြေအနေတွေ၊ လူ့အခွင့်အရေး အခြေအနေတွေကို သတိထားဖို့ လိုပါလိမ့်မယ်။ ကျွန်မက ဒီမှာလာပြီး ရှင်တို့ကို ကျွန်မစိတ်ဓာတ်ကျအောင် ပြောတာမဟုတ်ပါဘူး။ ကျွန်မက လုပ်ငန်းရှင်တွေကို နိုင်ငံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားဖို့နဲ့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပဲ အားပေးတာပါ။ လာပါ။ လာပါ။ လာပါ လို့ ပြောတာဘာမှ ပြဿနာမရှိဘူး။ ရှင်တို့ဘက်က ပေးနိုင်တာ ရှိသလို ဒီဘက်က ပေးနိုင်တာလည်း ရှိတယ်။ ဒါဟာဘာမှ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အောင်မြင်တဲ့ရင်းနှီးမြှုပ်နှံမှု၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုတွေဟာ ယုံကြည်မှုပေါ်မှာ အခြေတည်ကြပါတယ်။ ကျွန်မမြင်တာကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာ သေချာတယ်။ မသေချာဘူးလို့ ကျွန်မမပြောပါဘူး။ ကျွန်မပြောချင်တာက ရှင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်လား ဆိုတာကို သေချာအောင် လုပ်ခြင်းဖြင့် ကူညီပါ။ အစိုးရ အနေနဲ့ကော ရင်နှီးမြှုပ်နှံတဲ့ သူတွေကို အကာအကွယ်ပေးနိုင်တဲ့ Capacity ရှိလားဆိုတာ သေချာမြင်အောင်ကြည့်ပါ။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို မရရှိတဲ့ ဘယ်အစိုးရမှ ရှင်တို့ရဲ့ နိုင်ငံရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုတဲ့အမြင်က ထည့်သွင်းစဉ်းစားဖို့ မမေ့ပါနဲ့" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ''လုပ်ငန်းရှင်တွေကို ပြောချင်တာက ကိုယ့်ဝင်ရောက်လာမဲ့ နိုင်င်ငံရဲ့ အခြေအနေကို ထဲထဲဝင်ဝင် လေ့လာပါ။ ဖြစ်နေတဲ့ ပြသနာတွေကိုကြည့်ပါ။ မျက်စိကျယ်ကျယ် ဖွင့်ထားပါ။ လုပ်ငန်းရှင်တွေအတွင် ကောင်းမွန်တဲ့ စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်း ဖြစ်ရဲ့လား အသေချာကြည့်ပါ။ ကျွန်မ နားလည်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက ကျွန်မတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်တယ်။ ဒါကြောင့် ကျွန်မပြောချင်တာက ကျွန်မတို့က တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ လိုပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ပြောချင်တာ Social side တစ်ခုထဲ မဟုတ်ပါဘူး။ အခြားPolitical Side နဲ့ Rule of Law Said တွေလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အီးယူနိုင်ငံများ အနေဖြင့်မူ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် အစီအစဉ် ရှိသော်လည်း မည်သည့်အချိန်တွင် စတင်တိုးမြှင့် လုပ်ဆောင်သွားမည်ကို ပြောကြာခြင်း မရှိသေးပေ။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...