Friday, October 25, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်း အပိုင်း(၃)






ဦးသန်းအောင်။ ဟုတ်ကဲ့ပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ဒေါက်တာ အင်ဒရူး ဆွေးနွေး သွားလိုက်တော့ သယံဇာတနဲ့ ဘဏ္ဍာငွေခွဲဝေမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုခွဲဝေ သင့်တယ် ဆိုတဲ့ အမြင်လေးကို ကျွန်တော်တို့ မမြင်သေးတဲ့ အပိုင်းတွေလည်း အများကြီး တွေ့ရပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ကြမလား။ အသစ်ရေးကြမလား ဝိဝါဒကွဲပြားနေတဲ့ အပေါ်မှာလည်း ဆရာအမြင်လေးကို ပြက်ပြက်ထင်ထင် မြင်သာ တယ် လို့ ကျွန်တော် ယူဆပါတယ်ဆရာ။ ဆက်လက်ပြီးတော့ ဆရာဦးကျော်ဝင်း အနေနဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ ပါဝင်တဲ့ လွှတ်တော်အသီးသီးမှာ တပ်မတော် ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းပါဝင်နေမှုနဲ့ ပတ်သက်ပြီး လက်ရှိအနေအထားအရ ထားရှိ ရမယ့် သဘောထား အမြင်လေးနဲ့ ပတ်သက်ပြီး ဆရာရဲ့အမြင်လေးကို ဆွေးနွေးပေးစေ ချင်ပါတယ် ခင်ဗျာ။

ဦးကျော်ဝင်း ။ ကျွန်တော် ဥာဏ်မီသလောက် ဆွေးနွေးကြည့်ပါမယ်။ ဒီကိစ္စပြောရရင်တော့ ကျွန်တော်တို့ တိုင်းပြည်တစ်ခုတည်း ကွက်ဖြစ်တာ မဟုတ်ဘူးလို့ ထင်ပါတယ်။ တစ်ကမ္ဘာ လုံး အတိုင်းအတာနဲ့ ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်။ သမိုင်းနဲ့ချီပြီး ပြောရရင် ကမ္ဘာပေါ်မှာ ကမ္ဘာ စစ်ကြီးတွေ မတိုင်ခင်ကတော့ တပ်မတော်ဆိုတာ Professional Institution လွတ်လပ် တဲ့ အဖွဲ့အစည်းတစ်ခုပါ။ Political Metric ရဲ့ အပြင်ဘက်မှာလို့ ပြောလို့ရပါတယ်။ သို့သော် လက်တွေ့မှာ ကမ္ဘာပေါ်မှာ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်လိုက်တော့ တိုင်းပြည်တိုင်း အတွက်က လုံခြုံရေးသည်ပင် နိုင်ငံရေး ဖြစ်လာပါတယ်။ အဲဒီတော့ တပ်မတော် ကိုယ်တိုင်ကလည်း Political Institution အဖြစ် ပြောင်းသွားတာလည်း ရှိတယ်။

ဒါက ကျွန်တော်တို့ ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ သိပ်မဆိုင်ဘူးလို့ ထင်တယ်။ အခြေအနေ ကိုက ဒီလိုဖြစ်လာကြတာ။ စစ်ပြီးခေတ်ရောက်တဲ့အခါ ဒီကိစ္စက တော်တော်များများ အများကြီး စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးမက်ထရစ်ထဲမှာ ထဲထဲ ဝင်ဝင်ပါလာတဲ့ တပ်မတော်ကို ဘယ်လိုနေရာချထားကြမလဲ၊ ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် လက်လှမ်းမီ သလောက် ပထမဦးဆုံး ထွက်တဲ့ကျမ်း၊ ဒီကျမ်းလို့ပြောနိုင်တဲ့ ၁၉၅၇ ခုနှစ်က ထွက်တဲ့ စာအုပ်ထဲမှာ အဲဒီမှာ ဂျပန်နဲ့ ဂျာမနီသွားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

သူကတော့ စစ်ဝါဒကို ပြန်လည်ခေါင်းထောင်မလာရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်မတော်ကို Political Metric အပြင်ဘက်မှာထားတဲ့၊ တတ်နိုင်သလောက် မဖွံ့ဖြိုး အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ထားတဲ့ သဘောရှိပါတယ်။ စောစောက ဖက်ဆစ်ဝါဒ၊ စစ်ဝါဒ ပြန်မပေါ်ရေးဆိုတဲ့ ရည်မှန်းချက် အောင်မြင်ပေမယ့် လုံခြုံရေးဘက်က ကြည့်ရင် ဂျပန်ရော၊ ဂျာမနီရောဟာ စစ်အေးခေတ်တစ်လျှောက်လုံးမှာ လုံခြုံရေး အားအနည်းဆုံး ဖြစ်နေတယ်။ ကိုယ်ပိုင်လုံခြုံရေး အင်အားမရှိဘဲနဲ့ အမေရိကန် ထီးရိပ်ကို တစ်ဖက်သတ် မှီခိုနေရတဲ့ အနေအထားရှိပါတယ်။ အကျိုးဆက်အနေနဲ့ သူကစီးပွားရေးအရ ဆူပါပါဝါ အဖြစ် တတ်နိုင်ပေမယ့် တကယ်ဆူပါ ပါဝါအဆင့် နှစ်နိုင်ငံစလုံး ရောက်မလာဘူး။

တပ်ကို လွှတ်လိုက်တဲ့ Autonomous Institution တစ်ခုအနေနဲ့ ထားသင့်တယ်။ အဲဒီဘောင်ထဲမှာပဲ အမေရိကန်ရဲ့ ပေါ်လစီမှာ ဒီ Impact တွေ တော်တော် ပါတယ်လို့ ထင်ပါတယ်။

ကျွန်တော်နားလည်သလောက် ပြောရရင် အမေရိကမှာ Election နဲ့ မဟုတ်ဘဲနဲ့ Official Organization အရ ခွင့်ပြုထားတဲ့ အဖွဲ့အစည်းသုံးခု ရှိတယ်လို့ ထင်ပါတယ်။ တစ်ကတော့ တပ်မတော်၊ ပင်တဂွန်ပေါ့။ နောက်တစ်ခုကတော့ ရှေ့နေချုပ်၊ နောက်တစ်ခုက ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဲဒါက အမေရိကန်ဖွံ့ဖြိုးတိုးတက်မှုမှာ အားသာချက်လို့ သုံးသပ်ကြ တာတွေလည်း ရှိတယ်။ ဒါက တပ်ကိုဘယ်လိုနေရာချထားမလဲ ဆိုတဲ့ဟာပေါ့။ အဲဒီစာအုပ်ထဲမှာ ကျွန်တော်တို့ လွတ်လပ်ခါစ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တိုက်ရိုက် သက်ဆိုင်တာ သိပ်မတွေ့ဘူး။ ကျွန်တော်တို့ကျတော့ ဒီ့ပြင်နိုင်ငံတွေရဲ့ တပ်မတော်တွေ နဲ့ကို မတူဘူး။ ကျွန်တော်တို့ရဲ့ တပ်မတော်တွေက အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှုနဲ့ အတူ ပေါ်ပေါက်လာတာတွေ များတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တပ်မတော်ဆိုရင် ၁၃ဝဝ ပြည့်မှာ သန္ဓေတည်တယ်၊ ဘီအိုင်အေ ခေတ်မှာ စမွေးဖွားလာတယ်။

ဖက်ဆစ်တော်လှန်ရေးနဲ့အတူ အရွယ်ရောက်တယ်။ စဖွဲ့ကတည်းက Volunteer ပုံစံ ဖြစ်တယ်။ လွတ်လပ်ရေး ရတဲ့အခါမှာလည်း ကျွန်တော်တို့လို နိုင်ငံတွေမှာ ပြည်တွင်းစစ် တွေနဲ့ ကြုံရတယ်။ စစ်ဖြစ်နေတဲ့ တိုင်းပြည်တစ်ပြည်မှာဆိုရင် တပ်မတော်ရဲ့ အခန်း ကဏ္ဍက အရေးကြီးတယ်။ ကျွန်တော်တို့ အိမ်နီးနားချင်းတွေ ပြန်ကြည့်ရင် ထိုင်းပဲဖြစ်ဖြစ်၊ တောင် ကိုရီးယားပဲဖြစ်ဖြစ်၊ အင်ဒိုနီးရှားပဲ ကြည့်ကြည့်၊ တိုင်းပြည်တွေရဲ့ အပြောင်းအလဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ထဲထဲဝင်ဝင် ပါနေတာ တွေ့ရတယ်။ သူတို့လည်း ဒီလိုပဲလို့ ထင်ပါတယ်။

ဒါပေမယ့် ၁၉၈၉ ခုနှစ် နောက်ပိုင်း တိတိကျကျ ပြောရရင် ဘာလင်တံတိုင်း ပြိုပြီး နောက်ပိုင်း ပညာရှင်တွေ သတ်မှတ်တာက အပြောင်းအလဲ သုံးခုဖြစ်လာတယ်၊ တစ်ကတော့ ဒီမိုကရေစီစနစ်ဟာ တစ်ကမ္ဘာလုံး သဘောဆောင်လာတယ်၊ နိုင်ငံ အားလုံးက ဒီမိုကရေစီစနစ်ကို ဦးတည်လာတယ်။ နှစ်ကတော့ ဆိုဗီယက်ကွန်မြူနစ် ဝါဒ ကျဆုံးသွားတယ်။ သုံးက စစ်အေးပြီး သွားတယ်။

ဒီလို အခြေအနေသစ်တွေ အောက်မှာ တပ်တွေဘယ်လိုပြန်ပြီးတော့ နေရာချကြမလဲ ဆိုတဲ့ ခေါင်းစဉ်ကလည်း Current Affair လို့ထင်ပါတယ်။ တစ်ချိန်ကတော့ စစ်အေးရဲ့ အထွတ်အထိပ် ကာလပေါ့။ ၁၉၆ဝ ပြည့်လွန် နှစ်ကာလဆိုတော့ ကျွန်တော်တို့ နိုင်ငံတွေတင် မကပါဘူး။ လွတ်လပ်ခါစ နိုင်ငံတော်တော်များများ နိုင်ငံတွေမှာ စစ်ဘက် အာဏာသိမ်းမှုတွေ ရှိခဲ့တာကိုး။

သို့သော် အခုစစ်အေးလွန်ခေတ် နောက်ပိုင်းရောက်တော့ တပ်ကို Professional Institution ဖြစ်အောင် ဘယ်လိုနေရာချကြမလဲ။ ဒီကိစ္စတွေကလည်း အတော် အရေးကြီးလိမ့်မယ် ထင်ပါတယ်။ သိပ်မကြာသေးခင်က ဖတ်ရတဲ့ စာအုပ်တစ်အုပ်ဆိုရင် ဒါနဲ့အများဆုံးသက်ဆိုင် ပါတယ်။ အဲဒီ စာအုပ်ထဲမှာ ကျွန်တော်တို့နဲ့ တော်တော် အသွင် သဏ္ဌာန်တူတဲ့ အာရှနိုင်ငံတွေနဲ့ လက်တင်အမေရိကနိုင်ငံတွေရဲ့ အပြောင်းအလဲတွေ လည်းပါတယ်။ ရည်ရွယ်ချက်ကတော့ တပ်ကို Professional Institution ဖြစ်အောင် ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် ဘယ်လိုနေရာချထားကြမလဲ ဆိုတဲ့ကိစ္စတွေပေါ့။

အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့က တပ်မတော်အစိုးရ ကနေပြီးတော့ အရပ်ဘက် အစိုးရပြောင်းရေးအတွက် လိုအပ်ချက်အရ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာရ တာကိုး။ သို့သော် အဲဒီမှာ အငြင်းပွားကြတဲ့ ပြဿနာတစ်ခုကတော့ ၂၅ ရာခိုင်နှုန်းပေါ့။ ဒါကလည်း စောစောက ဟာတွေနဲ့ ဆက်စပ်ပြီးတော့ လိုအပ်ချက်အရကိုက တပ်က Political Institution ဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်မှာ အခုထိလည်း ပြန်ပေါ်နေတာ လက်နက်ကိုင် အင်အားစုတွေထဲက အင်အားအကြီးဆုံးလို့ ဆိုရမယ့် ဗမာပြည် ကွန်မြူနစ်ပါတီတော့ မရှိတော့ပါဘူး။ အဲဒီအနေအထားမှာတောင် လက်နက်ကိုင် အင်အားစု ပေါင်းလိုက်ရင် တစ်သိန်းအထက်မှာ ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်။ လူဦးရေနဲ့ အချိုးချကြည့်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေ တော်တော် များနေသေးတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒီအချိန်မှာ တပ်က လုံခြုံရေး အကြောင်းပြချက်ဟာ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါဟာမှန်းလို့ တော်တော် ခက်တယ်ပေါ့။ နောက်ပြီး နှစ်ပေါင်းရာစုနှစ် တစ်ဝက်လောက် အဆက်ပြတ်နေတဲ့ ဒီမိုကရေစီစနစ်ကို ပြန်အသက်သွင်းရတာ။ Constitution အသက်ဝင်တာ ကလည်း အခု နှစ်နှစ်ခွဲ လောက်ပဲ ရှိသေးတယ်။ လ ၃ဝ သာသာလောက်ပဲ ရှိသေးတယ်။ အပြည့်အဝ Function မဖြစ်သေးတာလည်း ဝန်ခံရမှာပဲ ထင်တယ်။

နိုင်ငံတော်သမ္မတကြီး ပြောတဲ့အထဲမှာလည်း ပါပါတယ်။ ဒီပွတ်တိုက်မှုတွေ ရှိနေဆဲဆိုတာ။ ကျွန်တော်တစ်ဦးချင်း အမြင်အရတော့ Constitution ဟာ အပြည့်အဝ Function မဖြစ်သေးတာနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်။ ဒါက ဒုတိယအချက်ပေါ့။ နောက်တစ်ချက် ကတော့ ကုန်ခဲ့တဲ့လပေါင်း ၃ဝ ကိုပဲ ပြန်ကြည့်။ စိန်ခေါ်ချက်တွေက မျှော်မှန်း ထားတာထက် အများကြီးပိုများတယ်။ ဒီလိုအခြေအနေမျိုး အောက်မှာ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားရေးဟာ ဘယ်လို စိန်ခေါ်မှုတွေ ဖြစ်စေနိုင်မလဲ။ နောက် Constitution ဆိုတာဟာ ရေးဆွဲတဲ့ ကာလတစ်ခုမှာရှိတဲ့ နိုင်ငံရေး အင်အားစု တွေအားလုံး အလုပ်လုပ်လို့ရအောင် ကြားအဖြေ တစ်ခုကို ထားရတဲ့ အခြေအနေ တစ်ခုလို့ ထင်ပါတယ်။ အဲဒီတော့ ဒီမိုကရေစီ နှုန်းစံတွေနဲ့ ကြည့်ရင်တော့ လိုအပ်ချက်တွေ ရှိကောင်းရှိမှာပေါ့။ ကျွန်တော်တို့ကိုပဲ မကြည့်နဲ့။ ဒီနေ့ ဒီမို ကရေစီ အရင့်ကျက်ဆုံးဆိုတဲ့ အမေရိကန် နိုင်ငံကိုပဲကြည့်ရင် ဒီမိုကရေစီ စံအရကြည့်ရင် အားနည်းချက်တွေရှိမှာပဲ။ လူ့ယဉ်ကျေးမှုနဲ့ သိပ်မအပ်စပ်တဲ့ ကျွန်စနစ်တောင် ရှိသလောက် ရှိခဲ့သေးတာ။

ဒါကြောင့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်ကို ထည့်ထားတာလည်း လိုအပ်ချက်အရ ထည့်ထားတာလို့ မြင်ပါတယ်။ တစ်သက်လုံး ရာသက်ပန်ထည့်မယ့် အနေ အထားမရှိဘူးလို့ ကျွန်တော်နားလည်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ပြန်ဖတ်ကြည့် တော့ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံထဲမှာ ၁၁ဝ ထက်မပိုသော တပ်မတော်သား ကိုယ်စားလှယ်ဆိုပြီး ပါထားတယ်။ ၂၅ ရာခိုင်နှုန်းထက် မပိုသောဆိုတော့ ဒါဟာ အလွန် ဆုံးပါဝင်မှုပဲ၊ ဒီထက် မပိုတော့ဘူး၊ လိုအပ်ရင် လျှော့ချင်ရင် လျှော့သွားမယ့်သဘောလို့ ယူလို့ရမယ် ထင်ပါတယ်။

အမျိုးသား ညီလာခံ ကာလကလည်း ကျွန်တော်မှတ်မိနေတာ တစ်ခုချင်းက တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်က တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဆိုတဲ့ဟာကို လက်ရှိတော့ လက်ခံပြီးတော့ တဖြည်းဖြည်းနဲ့ အခြေအနေကြည့်ပြီးတော့ လျှော့ချမယ် ဆိုတာ ဆွေးနွေးခဲ့တာ မှတ်မိနေပါတယ်။ သိပ်မကြာသေးခင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဒီသဘောတွေ ပြောခဲ့တာရှိတော့ ဒါတွေက တဖြည်းဖြည်းနဲ့ လျော့သွား မယ့် အခြေအနေ ရှိတယ်လို့ ထင်ပါတယ်။ လောလောဆယ် လျှော့ချဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်။ အခုလက်ရှိ အခြေအနေအရတော့ သိပ်များစောနေဦးမလား။ တစ်ချိန်မဟုတ်၊ တစ်ချိန် တော့ ရှိလာနိုင်ပါတယ်။ လျှော့ချဖို့ဆိုရင် ကျွန်တော် စဉ်းစားမိသလောက် အခုရှိနေတဲ့ ပြည်တွင်းစစ်ရပ်ဖို့ လိုတယ်။ တိုင်းပြည် ငြိမ်းချမ်းရေးရဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလိုအပ်ချက် ညှိယူရတာ တော်တော်လျော့သွားမယ်။ နံပါတ်နှစ်ကတော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြည့်အဝ Function ဖြစ်အောင် ဝိုင်းကြိုးစားရဦးမယ်ထင်တယ်။ ကျွန်တော်တို့ ယဉ်ကျေးမှု အရကြည့်ရင် ယုံကြည်မှုက အားနည်းတော့ မြန်မာ့နိုင်ငံရေး သမိုင်းမှာ မကွဲဘူးတဲ့ နိုင်ငံရေး ပါတီမရှိဘူး။ ဂိုဏ်းဂဏသဘော မကွဲကြသည့်တိုင် ပွတ်တိုက်မှုတွေကတော့ အများကြီး။ ဒီအချိန်မှာ Balancing Power အင်အားချိန်ခွင်လျှာ ထိန်းနိုင်တဲ့ အဖွဲ့အစည်းတစ်ခုရှိဖို့ မလိုပေဘူးလား။

နောက်တစ်ချက်ကတော့ ဒီမိုကရေစီ ရင့်ကျက်လာတာနဲ့အမျှ၊ Constitution Function ဖြစ်လာတာနဲ့အမျှ ဒီ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ် လျှော့ချရေးဟာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထင်ပါတယ်။လောလောဆယ်က စောသေးတယ်လို့ ထင်တယ်။ အခြားမလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးကို ဖိတ်ခေါ်သလိုလည်း ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ဒါက ၂၅ ရာခိုင်နှုန်းနဲ့ပတ်သက်လို့ ကျွန်တော်ရဲ့ နားလည်ချက်ပါ။ အိမ်နီးချင်းတွေ ပြန်ကြည့်ရင်လည်း ဒီသဘောတွေ အများကြီး တွေ့ရတယ်လို့ ထင်ပါတယ်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံဆိုရင် ၁၉၈၈ ခုနှစ်လောက်အထိ ၄ဝ ရာခိုင်နှုန်း ထားတယ်၊ ကျွန်တော်တို့ကမှ ၂၅ ရာခိုင်နှုန်းထားတယ်။ ၁၉၈၉ ခုနှစ်ရောက်မှ ၂၅ ရာခိုင်နှုန်း ဖြစ်သွားတယ်။ ဘယ်တော့မှ အပြီးလျှော့သလဲဆိုတော့ ၂ဝဝ၄ ခုနှစ်မှ လျှော့တယ်။ အဲဒီမှာလည်း ပြန်ကြည့်ရင် အာချေး ပြဿနာပြီးတော့မှ ဖြစ်တယ်။ အခုကျွန်တော်တို့က ပြည်တွင်းစစ်က ရှိနေဆဲ။ အခု ပြည်တွင်း စစ်ရပ်စဲရေးအတွက် အစိုးရ သစ်လက်ထက်မှာ ထိထိရောက်ရောက် ကြိုးစားနေတာလည်း အမှန်ပါ။ သို့သော် တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး မဖြစ်သေးဘူး။

ပြီးရင်လည်း နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရဦးမယ်။ အားလုံး သဘောတူညီမှု ရမရဆိုတာ ကံသေကံမ မပြောနိုင်သေးဘူး။ တော်တော်များများ ရဖို့တော့ ရှိပါတယ်။ အခုလို အခြေ အနေမှာ အခုကိစ္စကိုစဖို့ မသင့်သေးဘူးလို့တော့ ထင်ပါတယ်။

Constitution ဆိုတဲ့သဘောကလည်း ဘယ် Constitution မှ ပြီးပြည့်စုံတယ်လို့ မရှိ ပါဘူး။ ဒီလိုပဲ ပြင်ရင်းပြင်ရင်းနဲ့ ကောင်းသွားကြတဲ့ သဘောရှိပါတယ်။ တစ်ခါပြန်ကြည့်ရင် ကျွန်တော် တို့ရဲ့ Constitution မှ မဟုတ်ပါဘူး။ တခြား Constitution လည်း ဒီအတိုင်းပဲ။ ပြင်လိုက်ပေမယ့် ပြီးပြည့်စုံသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သက်တမ်းအတွင်းမှာ လိုအပ်ချက်တွေ အားလုံးပြင်နိုင်သည်ပဲထားဦး၊ ကျွန်တော်တို့ သားသမီးတွေလက်ထက်မှာ နောက်ထပ်ပြင်စရာတွေ ပေါ်ကောင်းပေါ်လာမှာ ဖြစ်ပါတယ်။ ကျွန်တော် နားလည် သလောက်ကတော့ Constitution ဆိုတာ Generation အလိုက် လိုအပ်ချက်တွေကို ပြင်ပြင် သွားကြရတာမျိုးလို့ ထင်ပါတယ်။

ဒါကြောင့်လည်း Constitution ထဲမှာ တရားဝင်ပြင်ဆင်ရေးဆိုတဲ့ အပိုဒ်ကို ထည့်ထားကြ ဟန် တူပါတယ်။ အခုခက်နေတာက ကျွန်တော်တို့က ဘာမှ အသားမကျသေးတော့ အလွန်နုနယ်သေးတဲ့အချိန်မှာ လုံးဝဖျက်၊ အသစ်ရေးဆိုတော့ တော်တော်အန္တရာယ် များ တယ်လို့ ထင်တယ်။ အဲဒီတော့ ဆရာတို့ကျတော့ ဥပဒေပညာရှင်အနေနဲ့ ဥပဒေ ရှုထောင့်က ဘယ်လိုမျိုး ဆိုးကျိုးတွေ ပေါ်နိုင်မလဲ။ ဒါလေးကို ဆရာတို့က ဆက်ဆွေးနွေး ပေးစေချင်ပါတယ်။


အပိုင်း ၄ ဆက်လက်တင်ပြပါမည်။

မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...