Tuesday, October 29, 2013

စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူမှု နိုဝင်ဘာ ၁၅ ရက်တွင် စတင်မည်




တာမွေမြို့နယ် အ၀ိုင်းထိပ် ကားမှတ်တိုင်အနီး လမ်းပြောင်းပြန် မောင်းနှင်လာသည့် ခရီးသည်တင် ဘီအမ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်းကမ်းမဲ့စွာ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ တာဝန်ရှိသူ ရဲမှူးသာဌေးက အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

တစ်ဖက် ယာဉ်ကြောမှ ပြောင်းပြန် မောင်းနေသည့် ယာဉ်များအပါအ၀င် စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်မောင်းများကို အနိမ့်ဆုံး ပြစ်ဒဏ်အနေဖြင့် လိုင်စင်ပိတ်သိမ်းပြီး အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခင်က စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို စီမံချက် ဒဏ်ငွေများဖြင့် အရေးယူ သော်လည်း လိုက်နာမှု လုံးဝမရှိသောကြောင့် အဆိုပါ စီမံချက်ဒဏ်ငွေကို ပယ်ဖျက်ကာ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူမှု အစီအစဉ်ကို ဥပဒေအတိုင်း သတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

''စီမံချက် ဒဏ်ငွေရိုက်ပြီး အရေးယူတဲ့ အစီအစဉ်ကိုတော့ အောက်တိုဘာ ၁ ရက်ကစပြီးတော့ ပယ်ဖျက်လိုက်ပါပြီ။ အခု ယာဉ်မောင်းတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု လုံးဝမရှိတဲ့ အတွက် အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိသွားပါပြီ။ အခုရက်ပိုင်း အတွင်းမှာလည်း ဘယ်လိုမျိုးစည်းကမ်း ဖောက်မှုတွေကို ဘယ်လိုမျိုး အရေးယူသွားမယ် ဆိုတာကို အများပြည်သူ သိအောင် သတင်းထုတ်ပြန် သွားပါမယ်'' ဟု ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ပြောကြားခဲ့သည်။

စည်းကမ်းမဲ့စွာ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ ၂၁ အရ စည်းကမ်းဖောက်သည့် ပြစ်ဒဏ်အပေါ် မူတည်၍ လိုင်စင်ပိတ်သိမ်းခြင်းမှ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...