Saturday, October 5, 2013

သံတွဲမြို့နယ်တွင် ပဋိပက္ခများ ထပ်မဖြစ်တော့ဘဲ သံသယကြောင့် တင်းမာမှု ဆက်ရှိနေ

Created on Friday, 04 October 2013


သံတွဲမြို့နယ် ဇီးကျွန်းကျေးရွာရှိ ကိုးန၀င်း မဟာဝိဟာရ ကျောင်းတိုက်တွင် ခိုလှုံနေကြရသော ဒေသခံရခိုင် တိုင်းရင်းသားများကို အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)

သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက်တွင် ဆက်လက်ဖြစ်ပွားမှု မရှိတော့ဘဲ ငြိမ်သက်နေသော်လည်း အတူယှဉ်တွဲ နေထိုင်နေသည့် ရခိုင်လူမျိုးများနှင့် ကမန်လူမျိုးတို့မှာ တစ်ဖက်နှင့် တစ်ဖက် သံသယ စိတ်များဖြင့် တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် သံတွဲမြို့နယ်ရှိ သဗြုချိုင်၊ ပေါက်တော၊ ရွှေလှေ၊ တလိုင်းတဲ၊ လင်းသည် စသည့် ကျေးရွာများရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရကာ လူငါးဦးသေဆုံးပြီး အိမ်ထောင်စု ၁၀၃ စု၊ လူဦးရေ ၄၄၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ပဋိပက္ခများကို စတင်ဖန်တီးသူများမှာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လာရောက် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်နေထိုင်သူများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

ပဋိပက္ခဖြစ်စဉ်ကြောင့် အများဆုံး ထိခိုက်ဆုံးရှုံးခဲ့သည့် ကျေးရွာများမှ ကမန်လူမျိုးများက အုပ်စုဖွဲ့ မီးရှို့ဖျက်ဆီးမှုတွင် ကျေးရွာများတွင် နေထိုင်နေသည့် ဒေသခံအချို့နှင့် အခြားကျေးရွာများမှ ဒေသခံများ ပါဝင်သည်ဟု ပြောကြားခဲ့သည်။ သို့သော် ဒေသခံရခိုင် လူမျိုးများကမူ ကျေးရွာအတွင်း နေထိုင်သည့် ရခိုင်လူမျိုးများ ပါဝင်ခြင်း မရှိသလို မည်သူပါဝင်သည်ကို သတိမထားဘဲ မိမိ၏ အသက်အန္တရာယ် ထိခိုက်မှု မရှိအောင် ကိုယ်လွတ်ရုန်း ထွက်ပြေးနေရသည်ဟု ပြောကြားသည်။



ဒီမှာက ရခိုင်နဲ့ ကမန်တိုင်းရင်းသားတွေ အတူယှဉ်တွဲ နေထိုင်တာ နှစ်အတော်လေးကြာပြီ။ တချို့အိမ်ထောင် စုတွေမှာဆိုရင် ရခိုင်ရော၊ ကမန်ပါ မိသားစုဝင်တွေ ရှိကြတယ်။ ဒီလိုဖြစ်သွားတော့ စိတ်မကောင်းဘူး...




လူနေအိမ် အများဆုံး မီးရှို့ဖျက်ဆီးခံရသည့် သဗြုချိုင်ဒေသခံ ကမန်လူမျိုး ဦးနေ၀င်းက ''အောက်တိုဘာ ၁ ရက်က ကျေးရွာထဲကို ဆင်ခေါင်းကျေးရွာ ဘက်ကနေ လူတစ်စုက ဆင်းလာပြီးတော့ တွေ့တဲ့အိမ်တွေ အကုန်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အဲဒီလိုဖြစ်စဉ် မဖြစ်ခင်ကတည်းက ဒီကျေးရွာမှာရှိတဲ့ ဒေသခံအချို့ကို လာပြီး စည်းရုံးလှုံ့ဆော် ကြတယ်။ ဒါကို ကျွန်တော်တို့ ရိပ်မိခဲ့တယ်။ သက်ဆိုင်ရာကိုလည်း အကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာတဲ့ အချိန် မှာ အဲဒီလူအုပ်ကြီးကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ပြီး ခြောက်လှန့်ခဲ့ပေမယ့်လည်း မထိန်းနိုင်ခဲ့ဘူး။ နောက်ကြာတော့ စစ်တပ်လာမှပဲ သူတို့ဆင်ခေါင်း ကျေးရွာဘက်ကိုပဲ ပြန်ဆုတ်သွားကြပါတယ်။ ဒီလို ဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့ ဆိုတာက ပြစ်မှုကျူးလွန်တဲ့ တရားခံကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ အခုဖြစ်သွားတဲ့ ပုံစံက တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူးလို့တောင် ပြောလို့ရတယ်။ ကျေးရွာကိုဝင်ပြီး ဖျက်ဆီးတဲ့ သူတွေထဲမှာ ကျွန်တော်တို့နဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ ပါဝင်နေတာ တွေ့ရတာ တော်တော်လေး အံ့သြမိတယ်။ ဒီလိုမျိုးတွေကြောင့် အရင်ကတည်းက အတူတူနေလာတဲ့ တိုင်းရင်းသားလူမျိုး အချင်းချင်း ယုံကြည်မှု မရှိတော့သလို သံသယစိတ်တွေလည်း အများကြီး ၀င်နေပါတယ်'' ဟု အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။



သဗြုချိုင်ကျေးရွာရှိ ကမန်လူမျိုးများအား အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ပဋိပက္ခ ဖြစ်ပွားနေချိန်တွင် ကမန်လူမျိုး အချို့က ရခိုင်လူမျိုးများကို ခြိမ်းခြောက်မှုများ ပြောကြားခဲ့သဖြင့် ကမန်လူမျိုးအများစု နေထိုင်သည့် ကျေးရွာအနီး နေထိုင်နေသည့် ဒေသခံရခိုင်လူမျိုးများက စိုးရိမ်မှုများဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် သွားရောက်နေထိုင် နေရကြောင်း သိရသည်။

''သဗြုချိုင် အလယ်ပိုင်းမှာ နေအိမ်တွေနဲ့ ဗလီမီးရှို့ ခံရတုန်းက ကျွန်မတို့ ဒေသခံတွေ ထွက်ကြည့်တဲ့အခါမှာ ကမန်လူမျိုးတချို့က ကျွန်မတို့ဘက်ကို လှည့်ပြီး ခြိမ်းခြောက်တယ်။ အဲဒါကြောင့် ကျွန်မတို့ ကျေးရွာမှာရှိတဲ့ ရခိုင်လူမျိုးတွေအားလုံး ရွာထဲမှာ မနေရဲတော့ဘူး။ အဲဒါကြောင့် အနီးနားမှာရှိတဲ့ န၀င်းကျောင်းတိုက်မှာ အားလုံးလာပြီး နေကြတယ်'' ဟု ဇီးကျွန်းကျေးရွာရှိ ကိုးန၀င်း မဟာဝိဟာရကျောင်းတွင် လာရောက်ခိုလှုံ နေသည့် ဒေါ်အေးကြူက ပြောကြားသည်။

ဒေသခံ ရခိုင်လူမျိုး ၂၁၄ ဦးမှာ အဆိုပါ ကိုးန၀င်း မဟာဝိဟာရကျောင်းတွင် လာရောက်ခိုလှုံနေပြီး အများစုမှာ နတ်မှော်ကျေးရွာနှင့် ပျဉ်ထောင်ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

''သံတွဲမြို့နယ် တစ်ခုတည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်အောင်လို့လည်း လုပ်ပေးစေချင်တယ်။ မတော်တဆ မှားခဲ့တဲ့ ဖြစ်စဉ်တွေကို တတ်နိုင်သမျှ ညီညွတ်ပြီး အေးအေးဆေးဆေး ဖြေရှင်းစေချင်တယ်'' ဟု ကိုးန၀င်း မဟာဝိဟာရ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး ဦးဥတ္တမသီရိက မိန့်ကြားသည်။

လက်ရှိတွင် သံတွဲမြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု တည်ငြိမ်သွားပြီ ဖြစ်သော်လည်း နှစ်ဖက်ဒေသခံ တိုင်းရင်းသားများက အပြန်အလှန် စိုးရိမ်မှုများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ယခုထက်ပို၍ ချထားပေးရန် လိုလားနေကြကြောင်း သိရသည်။ ဖြစ်စဉ် အများဆုံး သက်ရောက်ခဲ့သည့် ကျေးရွာများတွင် နေအိမ်များ မီးရှို့ခံရသည့် ဒေသခံများက ဆွေမျိုးသားချင်း နေအိမ်များတွင်သာ သွားရောက်နေထိုင် နေရကြောင်း သိရသည်။ လက်ရှိအချိန်အထိ တရားဝင် ကယ်ဆယ်ရေးစခန်း တစ်ခုမှ မရှိသေးကြောင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ သွားရောက် လေ့လာချက်အရ သိရသည်။



ပေါက်တောကျေးရွာရှိ နေအိမ်တစ်လုံးအား မီးရှို့ခံရပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

သဗြုချိုင်တောင်ပေါ်အပိုင်း ကျေးရွာခွဲ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကြီး (ရခိုင်လူမျိုး) က ''ဒီမှာက ရခိုင်နဲ့ ကမန်တိုင်းရင်းသားတွေ အတူယှဉ်တွဲ နေထိုင်တာ နှစ်အတော်လေးကြာပြီ။ တချို့အိမ်ထောင် စုတွေမှာဆိုရင် ရခိုင်ရော၊ ကမန်ပါ မိသားစုဝင်တွေ ရှိကြတယ်။ ဒီလိုဖြစ်သွားတော့ စိတ်မကောင်းဘူး။ ဗုဒ္ဓဘာသာဝင်တွေအပြင် အခြားဘာသာ ၀င်တွေလည်း သတိရှိဖို့ လိုအပ်တယ်။ စည်းလုံးမှု ရှိဖို့လည်း လိုအပ်တယ်။ နောက်ကွယ်က သူတွေက ဘာသာရေး ဆက်နွှယ်ပြီးတော့ ပြဿနာ ကြီးထွားအောင် သွေးထိုးလှုံ့ဆော် နေတယ်လို့ပဲ သုံးသပ်ပါတယ်'' ဟု အောက်တိုဘာ ၄ ရက် ညနေပိုင်းက ပြောကြားသည်။

''ကျွန်တော်တို့ ရွာမှာရှိတဲ့ နေအိမ်တွေရဲ့ အိမ်ရှေ့တွေမှာ သာသနာ့အလံတွေ ထောင်ထားတယ် ဆိုတာက ဘာအကြောင်းရင်းမှ မရှိဘူး။ အဓိက ဆွမ်းလောင်း ပွဲတော်ကာလ ရောက်တော့မှာမို့လို့ နှစ်တိုင်း လုပ်နေကျ အထိမ်းအမှတ်အဖြစ် သာသနာ့အလံ ထောင်တာဖြစ်ပါတယ်'' ဟု သဗြုချိုင်ရွာမှ ဒေသခံ ရခိုင်လူမျိုး ဦးတင်သောင်းက ပြောကြားသည်။

ယင်းဖြစ်စဉ်အတွင်း လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု ဖြစ်စဉ်အပေါ် ကျူးလွန်သည်ဟု ယူဆရသူ ငါးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၄ ရက် ညနေက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...