Thursday, November 28, 2013

အိမ်နီးချင်း နိုင်ငံများသို့ သစ်မှောင်ခို ခိုးထုတ်မှု အရှိန်မြင့်တက်နေဆဲ ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေ



မြန်မာနိုင်ငံမှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သစ်မှောင်ခို တင်ပို့မှု မြင့်တက်နေသောကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း မြန်မာနိုင်ငံနှင့် အမြတ်ရလွယ်သော နယ်စပ်ဒေသရှိ တရားမ၀င် ရင်းနှီးမြုပ်နှံ မှုများအကြောင်း ဖော်ပြထားသော နယ်သာလန် အခြေစိုက် Transnational Institute ၏ မကြာမီက ထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သစ်မှောင်ခို ထုတ်ယူမှု ပိုမိုများပြား လာကြောင်းနှင့် အထူးသဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် အဖြစ်များနေကြောင်း၊ အမှန်တွင် ထိုကာလအတွင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ပြင်းထန်လာခဲ့ခြင်း၊ တစ်နည်းအားဖြင့် ဥပဒေဖြင့် ချမှတ်အကာအကွယ် ပေးလာခြင်းကြောင့် မြန်မာနိုင်ငံမှ သစ်များကို မှောင်ခိုခိုးထုတ်မှု ပိုမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Global Witness ၏ ခန့်မှန်းချက်အရ ၂၀၀၆ ခုနှစ် မတိုင်မီ ကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တရားမ၀င် လမ်းကြောင်းမှ တင်သွင်းနေသော သစ်ပမာဏမှာ နှစ်စဉ်ကုဗမီတာ တစ်သန်းခန့် ရှိကြောင်း၊ ၂၀၀၆ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော်၍ သစ်မှောင်ခို ခိုးထုတ်မှု တားဆီးရေးအတွက် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုး လိုက်သောကြောင့် နယ်စပ်မှ ခိုးထုတ်မှု အထိုက်အလျောက် ကျဆင်းသွားသော်လည်း ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့မှု မြင့်တက်နေခဲ့သောကြောင့် သစ်တောပြုန်းတီးမှု မြင့်တက်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် အဆိုပါ သစ်မှောင်ခို ခိုးထုတ်မှုမှာ အမြတ်ရလွယ်သော စီးပွားရေး လုပ်ငန်းဖြစ်လာပြီး တရုတ်၊ အိန္ဒိယနှင့် ထိုင်းကုမ္ပဏီတို့ ၀င်ရောက် ရင်းနှီးမြုပ်နှံ လာကြကြောင်း၊ အထူးသဖြင့် တရုတ်နှင့် ထိုင်းကုမ္ပဏီများက အစိုးရနှင့် လည်းကောင်း၊ လက်နက်ကိုင် အင်အားစုများထံမှ လည်းကောင်း သဘောတူညီမှု ရယူကာ သက်ဆိုင်ရာ နယ်စပ်ဒေသ အသီးသီးတွင် ခုတ်ယူနေခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။ အဓိက သစ်မှောင်ခို ခိုးထုတ်မှုဒဏ်ကို ခံနေရသော ပြည်နယ်များမှာ တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဖြစ်ပြီး ထိုင်းမြန်မာ နယ်စပ်တွင်မူ ကရင်၊ ကယားနှင့် ရှမ်း ပြည်နယ်တို့ ဖြစ်ကာ တနင်္သာရီတိုင်း ဒေသကြီးမှာလည်း သက်ရောက်မှုရှိသော ဒေသတစ်ခု ဖြစ်ကြောင်း သတင်းရရှိသည်။

''သစ်မှောင်ခို ခိုးထုတ်မှုတွေက လျော့မသွားလောက်ပါဘူး။ ကျွန်တော်တို့ တန်ချိန်အားဖြင့် အတိအကျ ပြောဖို့ခက်ပေမယ့် ပွင့်လင်းရာသီတွေဆိုရင် ၂၄ ဘီးကားနဲ့ တစ်ရက်ကို အစီး ၇၀၀၊ ၈၀၀ ရှိပါတယ်။ ကိုယ်ပိုင် စက်ကြီးတွေနဲ့ကို တရုတ်သစ်ခုတ်တဲ့ လုပ်ငန်းတွေက လာပြီး ခုတ်ယူကြတာ'' ဟု တရုတ် မြန်မာနယ်စပ်မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

(တရုတ်နိုင်ငံ ရွှေလီဘက်သို့ ထွက်ခွာသည့် လမ်းပေါ်တွင် ယခုနှစ်အစောပိုင်းက တွေ့ရသော သစ်လုံးတင်ယာဉ်များ)
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...