Saturday, January 25, 2014

စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်သူထံမှ ငါးထောင်တန် အတုများတွေ့





မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်တွင် တောင်သူတစ်ဦးသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲ၌ ဇန်နဝါရီလ၂၁ ရက်နေ့က ၂၀၁၃ ခုနှစ် သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ လာဆပ်စဉ် ငါးထောင်တန် အတုများ တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ တောင်သူ ဦးဆန်းထူးသည် သီးနှံထုတ်လုပ်ရန် အတွက် ဘဏ်မှ ချေးထားသော အရင်းငွေ ကျပ်သုံးသိန်းနှင့် အတိုးကျပ် ၁၄,၀၀၀ တို့ကို ဘဏ်သို့ လာရောက်ပေးသွင်းရာ ဘဏ်ငွေကိုင်က စစ်ဆေးနေစဉ် ယင်းငွေများအနက် ၅၀၀၀ ကျပ်တန် ငွေစက္ကူအရွက် ၂၀ မှာ ငွေစက္ကူ အစစ်နှင့် ခြားနားချက်များ တွေ့ရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ တောင်သူ ဦးဆန်းထူးသည် မလှိုင်မြို့နယ်တွင် နေထိုင်ပြီး မြန်မာနှင့် တရုတ် နယ်စပ်ဒေသတွင် အလုပ်သွားရောက် လုပ်ကိုင်လေ့ရှိသူ တစ်ဦးထံမှ ငွေချေးရာမှ ယင်းကဲ့သို့ ငွေစက္ကူ အတုများ ပါလာခြင်း ဖြစ်ကြောင်း အဆိုပါ မှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ ငွေအတု တွေ့ရှိမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံ သိရသည်။

“ငွေကိုတော့ စစ်ယူတာတွေ မရှိဘူး။ ကုန်သည်တွေကနေ တစ်ဆင့် ရတဲ့ငွေကို ဘဏ်မှာ သွားလွှဲရင် တစ်ရွက်တလေ ပါလာတာတွေတော့ ရှိတယ်။ စစ်ဆေး ယူတာတော့ မရှိဘူး။ မူဆယ်မှာတော့ ဒီအတိုင်း သုံးနေကြတာပဲ။ ဘဏ်သွား အပ်မှပဲ သိမှာပါ” ဟု မူဆယ်မြို့ သစ်သီးကုန်သည် ဦးနေလင်းဦးက နယ်စပ် ငွေကြေး သုံးစွဲနေမှုနှင့် ပတ်သက်၍ ဆိုသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် အိုးဘို ရွှေကျင်ရပ်ကွက် တာဘောင် ဘေးရှိ ကျူးကျော်တဲတွင် နေထိုင်သူ ရာဆင်း(ခ)ဦးကျော်စိန်အိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာ ငါးထောင်တန် ငွေစက္ကူအတု ၆၂ ရွက်၊ တစ်ထောင်တန် ငွေစက္ကူအသေး ၅၀၅ ရွက်၊ စုစုပေါင်း တန်ဖိုး ရှစ်သိန်းကျပ်ကျော် ဖမ်းဆီး ရမိခဲ့ပြီး ယင်းနေအိမ်ရှိ ကြက်ခြင်းထဲမှ ငွေအတုများ ထည့်ထားသော ကြွပ်ကြွပ်အိတ် တစ်ထုပ်နှင့် နေအိမ် အရှေ့ဘက်ရှိ သက္ကယ်ခေါင်မိုးကြား နှစ်နေရာတွင် ကြွပ်ကြွပ် အိတ်နှစ်ထုပ်ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း မန္တလေးဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ငွေတု ဖမ်းဆီး ရရှိမှုနှင့် ပတ်သက်၍ သမန်းကန် ကျေးရွာတွင် နေထိုင်သူ ဦးတင်ထူးထံသို့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ဇန်နဝါရီလ၂၂ ရက်နေ့တွင် သွားရောက် မေးမြန်းရာ ယင်းငွေများကို နွားထိုးကြီးမြို့နယ် ကြာပွား ကျေးရွာနေ ဝင်းလှိုင်ထံသို့ ကျောက်ရောင်းချရာမှ ရရှိခဲ့သည့် ငွေများ ဖြစ်ပြီး ဦးတင်ထူး နေအိမ်ကို ရှာဖွေရာ ငွေစက္ကူ တစ်စုံတစ်ရာ မတွေ့ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းနောက် ဦးတင်ထူးနှင့် အတူ ဝင်းလှိုင်၏ နေအိမ်သို့ သွားရောက်ပြီး ဝင်းလှိုင်ကို စစ်ဆေး မေးမြန်းရာ တစ်ရွာတည်းနေ မျိုးအောင်နှင့်အတူ ကျောက် အရောင်းအဝယ် ပြုလုပ်ရာမှ မျိုးအောင်ထံမှ ရရှိလာသော ငွေများဖြစ်သဖြင့် မျိုးအောင်ကို မေးမြန်းရာ ယင်းငွေစက္ကူများကို ပြီးခဲ့သော သုံးပတ်ခန့်က နွားထိုးကြီး နွားပွဲဈေးသို့ နွားပေါက်တစ်ကောင် သွားရောက် ရောင်းချခဲ့ရာ နွားဝယ်သည့် မွတ်ဆလင် ဘာသာဝင် လူတစ်ဦးထံမှ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

နွားပွဲဈေးသို့ သွားရောက်ပြီး နွားပွဲဈေး လိုင်စင်ရှိသူ အောင်ခိုင်စိုးကို စုံစမ်းမေးမြန်းရာ နွားအရောင်းအဝယ် ဖြစ်သည့်အခါ လက်မှတ် ထုတ်ပေးသူ နှစ်ဦးသည် မြင်းခြံမြို့နယ်တွင် နေထိုင်သူများ ဖြစ်နေကြောင်း သိရ၍ ၎င်းတို့ကို ဆက်လက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...