ဇူလိုင်လရဲ့ အနောက်တောင်မုတ်သုန်လေက အားကောင်းနေဆဲ။ စခန်းကုန်းပေါ်ရှိ ကိုးတောင်ပြည့်
ဘုရားပေါ်ကနေ အရှေ့မြေညက်ဘက်ဆီကိုငေးကြည့်နေမိတယ်။ ပလက်ခိုတောင်ကြောက မြူခိုး
ဝေဝေကြားမှာ ထီးထီးမားမာ။ ပေ ငါးထောင်ကျော်မြင့်တဲ့ တောင်ကြောပေါ်မှာ ကျောက်တုံးတွေနဲ့ အပင်ခတ်ကြဲကြဲက နေရာယူလို့။
ရှေ့တန်းရဲဘော်တွေအတွက် အရေးကြီးဆုံးက "ရေ" ။ ပလက်ခိုတောင်ကြောပေါ်ကရဲဘော်တွေ ဘယ်လိုများနေရှာကြမလဲ။ စကခ ၃ ဗျူဟာ ၁ ခမရ ၃၈၅ က အဲ့ဒီတောင်ကြောပေါ်မှာနေရာယူထားတာ။
ကရင်ပြည်နယ်က မိုးကောင်းတယ်ဆိုပေမယ့် တခါတလေ တပါတ်လောက်မရွာတတ်။
ရေမရှိရင် အောက်ဆင်းခတ်ရတဲ့ ဒုက္ခကလည်း မသေးလှ။ ကိုယ်ချင်းစာမိသည်။
ကျနော့်ကို တလမ်းလုံး စောင့်ရှောက်ပေးခဲ့တဲ့ ညီလေးကတော့ ၂၈၃၃ ဘက်ဆက်လက် ခရီးဆက်လေပြီ။ တပ်မမှူးထံ ကျနော့်ကိုအပ်လို့ ခပ်ပြုံးပြုံးပဲနှုတ်ဆက်သွားတယ်"ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ အကို"
တဲ့။
ရောက်တဲ့နေ့ကပဲ တပ်မမှူးနဲ့ တွေ့ဆုံတယ်။ ညွှန်ကြားချက်နာခံပါတယ်။ "ဇီဝက စခန်းအောက် ရေဆင်းမချိုးရ" တဲ့။ ရဲဘော်တွေအလှည့်ကျ ရေခပ်ပေးလိမ့်မယ် အပေါ်မှာချိုးပါတဲ့။ ဘယ်လိုမှမဖြစ်နိုင်။ ဘယ်လိုစိတ်နဲ့မှ ရဲဘော်တွေ ပေ ၁၀၀၀ ကျော်ပေါ်ခပ်တင်ထားတဲ့ရေကို မချိုးနိုင် မချိုးရက်။ အောက်ဆင်းချိုးပါရစေဆိုတာ လည်းငြင်းမရ။ ကျနော် ၇ရက်ဆက်တိုက်ရေမချိုးပဲနေမှ တပ်မမှူးက ဇီဝက ရေဆင်းချိုးရင် လုံစုက ၁ အပေါင်း ၅ လိုက်ပါ၍ရေဆင်းချိုးပါလို့ပြောလေတော့သည်။
ကျနော်ရေချိုးရင် ၄၉ က လုံစုမှူးအရာရှိ ညီလေးနဲ့ ၅ ယောက်က ရေအတူဆင်းချိုးရတယ်။ ညီလေးက ကျနော်ရေချိုးရင် သေနတ်ကိုင်ပြီး ကင်းစောင့်ပေးတယ်။ ကျနော်ပြီးမှ သူချိုးတယ်။
"အကိုကြီး သတိထားရမှာက ရှေ့ကတောင်ကြောလမ်းပဲ။ ညာဘက်တောင်ကုန်းပေါ်မှာက ကျတော်တို့စခန်းရှိတယ်။ ရှေ့က တောင်ကြောလမ်းမှာ အရိပ်မြင်တာနဲ့ ပစ်သာပစ်အကို အဲ့ဒီနေရာက လွတ်နေတယ်" ပြောပြီးမှရေချိုးတယ်။ ရေချိုးနေရင်း ကျနော့်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ စိတ်မချရှာ။
ညနေဘက်ဆို လုံစုဘက် လမ်းရှောက်ထွက်ရင်း စိတ်ပါရင် တခါတည်း ထမင်းဝင်စားတယ်။ "အကိုကြီး ညီတို့ဆီ အမြဲလာစားပါတဲ့ " ညီတို့က တိုက်ကင်းထွက်ရတော့ ဟင်းစားပေါတယ်တဲ့"။ မျှစ် ငှက်ပြောဖူး ဒရင်ကောက်ညွှန့် တွေအမြဲပါလာတတ်တယ်။
အမြဲတော့မစားဖြစ်ပါဘူး ကိုယ့်မှာလည်း တပ်စုရှိသေးတာ။ လာမစားတဲ့နေ့ဆို ဟင်းလေးတစ်ခွက်တော့ ရဲဘော်နဲ့ပေးခိုင်းရှာသည်။ ကျနော်ကိုတော့ အတော်ချစ်ရှာတဲ့ညီလေး။ တိုက်ကင်းထွက်ပြီး ပြန်လာတိုင်း တစ်ခုမဟုတ်တစ်ခု ကျနော့်ဘန်ကာထဲ ဝင်ပေးပြီးမှ ပြန်တတ်တဲ့ညီလေးပါ။ တောဝက်များရလာတဲ့နေ့ဆို စခန်းကုန်းတစ်ခုလုံး လိုက်ဝေတော့တာပဲ။ "တပ်မမှူးနဲ့ အကိုကြီးအတွက်က ပေါင်သားလေ" တဲ့ သူပြောနေကြစကားပါ။
မိုးကုန်ပိုင်းလောက်ရောက်လာတော့ ကျနော့်ကို မာစတာ ဝင်ခွင့်ဖြေဖို့ ကြေးနန်းဝင်လာတယ်။
ခွဲရပေဦးမည်။ နှုတ်ဆက်ရပေဦးမည်။ ညီလေးတို့လုံစုကပဲ မူသဲအထိလိုက်ပို့ပြီး ဟိုဘက်အဖွဲ့နဲ့ချိတ်ပြီး ကျနော်ပြန်ခဲ့ရတယ်။
နှုတ်ဆက်တော့ ညီလေးမျက်နှာ မကောင်းရှာ။
လတွေနှစ်စားလို့ မာစတာပင် ၃ နှစ်တိုင်ခဲ့ပါပြီ။ ကိုယ့်အလုပ်နဲ့ကိုယ်မို့ တခါတရံ သတိရပေမယ့် အဆက်အသွယ်မရှိတော့ပေ။
ဒီနေ့ ဆေးရုံ တာဝန်ကျမှပဲ ညကရောက်တဲ့ EA လူနာတွေဘက် ပါရဂူနဲ့ လိုက်ပါရင်း ညီလေးကို ရုတ်တရက်တွေ့လိုက်ရတယ်။
ပြန်တွေ့မယ်လို့ ထင်ထားခဲ့ပေမယ့် ဒီလို အခြေအနေမျိုးနဲ့တော့ မထင်ထားမိတာအမှန်ပါညီလေးရယ်။
ဘယ်လက်ခြေထောက်တစ်ဖက်မရှိတော့ဘူး။ ညာလက်မှာလည်း ကျောက်ပတ်တီးနဲ့ ။ ရင်ဘက်နဲ့ ဗိုက်မှာလည်း ပိုက်တွေတန်းလန်း။
ကျနော့်ကိုတွေ့တော့ ဖက်ပြီး ငိုရှာသည်။ တာဝန်ချိန်ကြီးမို့ မျက်ရည်မကျအောင်ထိန်းတဲ့ကြားက ကျခဲ့မိတယ်။
ဝမ်းမနည်းပါနဲ့ညီရယ်ဆိုတော့
"ကျနော်ဝမ်းမနည်းပါဘူး အကိုနဲ့တွေ့ရလို့ ဝမ်းသာလို့ငိုတာပါ" တဲ့။
သြော် °°°°°°°°°°
ချစ်စရာကောင်းတဲ့ မုသားပါလားညီရယ်။
သူများစိတ်ချမ်းသာဖို့ကို အခုအချိန်အထိ စဉ်းစားပေးနေတုန်းပါလားကွာ..။
•••••••••••စိုးထိုက်သူ••••••••••
0 comments:
Post a Comment