Friday, October 11, 2013

"ကုန်းဘောင် ရှာပုံတော်"- အပိုင်း (၅)- ရဲဘော် ၆ ကျိပ်






* "ဦးပု ဒီလိုစီစဉ်နေတာဟာ ဘုရင်ကို ပုန်ကန်ဖို့ စီမံတယ်" ဆိုပြီး ရာဇနန္ဒ မောင်ဖြိုးက ရှင်ဘုရင်ကို ကုန်းချောတော့................

* ရှင်ဘုရင်က သူ့ဆရာစကားကို ထောက်ခံပြီး ဝန်ကြီးဦးပုနဲ့ အခြားအရာရှိ ၄ ဦးကို ကွပ်မျက်စေတယ်..။ ဒါဟာ အရည်အချင်းမဲ့တဲ့ ဘုရင်ရဲ့ ငယ်ဆရာအတွက် အကွက်ကောင်းပါပဲ...။ သူဟာ ရှင်ဘုရင်ရဲ့ အနီးကပ်ဆုံး အကြံပေးအဆင့်ကို ခုန်တက်လိုက်ခြင်းပဲ ဖြစ်တယ်..။ ငယ်ဆရာမောင်ဖြိုးကို ဘုရင်ရဲ့အထိန်းတော်ကြီးနဲ့ ထိမ်းမြားစေပြီး ဘုရင့်နောင်ဘွဲ့ပေးကာ ထီးနန်း အဆောင်အယောင်များ ချီးမြှင့်လိုက်တယ်...။

* တိုင်းပြည်ကာကွယ်ရေးမှာ အဲဒီအချိန်ကစပြီး ရေစုန်မျောခဲ့တယ်..။

"ကသည်း"များက ပိုမိုရဲတင်းလာပြီး မြေဒူးမှ စစ်ကိုင်း ကောင်းမှုတော်အထိ လာရောက်တိုက်ခိုက်လာကြတယ်..။

"ကွေ့ရှမ်း"တို့ကလည်း မတ္တရာမှ ရွှေကြက်ယက်အထိ ဆင်းလာတယ်..။

ဒါကြောင့် မလွန်မြို့မှာ အခိုင်အမာချထားတဲ့ သတိုးမင်းခေါင်ရဲ့တပ်များကို ပြန်လည်ခေါ်ယူပြီး စဥ့်ကိုင်မှာ ရပ်တည်စေတယ်..။
၎င်းဗိုလ်မှူးကို "တောင်ငူရာဇာ"ဘွဲ့ပေးလျက် စဥ့်ကိုင်မှာ နန်းတော်ဆောက်စေပြီး ဘုရင်တစ်ဆူကဲ့သို့ အုပ်စိုးစေပါတယ်...။

* ၁၀၉၈ ခုနှစ်မှာ စစ်ကိုင်းချောင်မှာရှိတဲ့ ရှင်ဖြူရုပ်ပွားတော် ပျောက်ဆုံးသွားလို့ ပုဏ္ဏား ငစံဖြူနဲ့ သံဃရာဇာဘုန်းတော်ကြီးကို ကွပ်မျက်တော်မူပြန်တယ်...။
"ဘုန်းကြီးနဲ့ ဝန်ကြီးဦးပု အစရှိတဲ့သူတွေကို အလိုတော်မရှိရင် အသက်ကို စီရင်ရိုး မရှိ၊ ရာထူး နုတ်သိမ်းလျှော့ချရိုးသာ ရှိပါသည်" လို့ အမတ်တွေက လျှောက်ထားတော့လည်း အမျက်မပြေဘဲ
"ငါ့ရန်သူကို မုန်းရမယ်... ငါ့ချစ်သူကို ချစ်ရမယ်... ငါ့ရန်သူကို ရန်သူမှတ်ပါ... နောက်ထပ် မလျှောက်တင်ကြနဲ့၊ ဒီစကား ဒီမှာရပ်" လို့ မိန့်တယ်...။

* အဲဒီအခါ နေပြည်တော်တစ်ရပ်လုံး ကြောက်ရွံ့ထိတ်လန့်ကြတယ်...။
"ဘဝရှင် မင်းတရားကြီးဟာ မင်းကျင့်တရားတို့မှ လျော့ပါးလေပြီ... ကုန်းချောသူရဲ့ စကားကို နားယောင်တတ်တာကြောင့် ဒီဘုရင်ကို အားကိုးလို့ မဖြစ်နိုင်တော့ဘူး... အမျက်တော်ရှိတိုင်း တစ်ချက်လွှတ်အမိန့်နဲ့ စီရင်ကွပ်မျက်လိမ့်မယ်" ဆိုပြီး လူအများ တွေးတောလာကြပြီး အခြားတစ်ပါးသော မြို့များကို ပြောင်းရွှေ့သွားကြပါတော့တယ်...။

* ဘုရင့်နှလုံးတော် မငြိမ်တဲ့အချိန်မှာ နောင်တော်ကြီးအနေဖြင့် ထီးပြိုင်နန်းပြိုင် အုပ်စိုးခွင့် ရနေတဲ့ မောင်ဖြိုးရဲ့ ဩဇာလွှမ်းနေတယ်...။ အတွင်းဝန်၊ အပြင်ဝန်၊ မှုထမ်း ရာထမ်းတို့ကို အမြင့်အနိမ့် အပြောင်းအလဲ များလွန်းတော့ ပရမ်းပတာဖြစ်ကုန်တယ်..။ နန်းတော်ကြီးအတွင်း တောင်ဆောင်၊ မြောက်ဆောင် ခွဲခြားသတ်မှတ်မှုများ ပေါ်လာပြီး ရန်ငြိုးဖွဲ့ကုန်ကြတယ်..။

* အမတ်တွေကိုလည်း မအပ်မရာ ဘွဲ့မျိုးစုံပေးတယ်..။ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် ----
စာရေးဆရာဝန်ကြီး ပဒေသရာဇာကိုပင် "နတ်သျှင်နောင်" စစ်သူကြီးဘွဲ့ပေးသတဲ့..။

* လူမိုက်များ၊ သူခိုးဓားပြများ ပေါများလာတယ်..။ တိုင်းရေးပြည်ရေး မငြိမ်မသက် ဖြစ်လာတယ်...။ တရားစီရင်ရေးမှာလည်း ရှုပ်ထွေးမှုတွေ ဖြစ်ကုန်တယ်..။ ရဟန်းတို့ကိုလည်း ရွှေသင်္ကန်း၊ ရွှေဒေါက်ချာ၊ မှန်စီကွမ်းအုပ် အစရှိတဲ့ မဖွယ်မရာအရာတွေ ပြုလုပ်စေတယ်..။ ရဟန်းကြိုက်အရက်တွေ ပေါ်ပေါက်လာတယ်..။ ဘုရင့်ဘဏ္ဍာငွေများလည်း လျော့နည်းလာတယ်...။
အခွန်အကောက်များလာတယ်..။အခွန်အကောက်များလာတာကြောင့် တော်လှန်မှုများ ဖြစ်ပေါ်လာတယ်..။

* အင်းဝပြည် ကြာသပတေးမင်းလက်ထက်မှာ အဘက်ဘက်က ယိုယွင်း၊ ပျက်စီး၊ အားနည်းဆုတ်ယုတ်လာပြီး တိုင်းရေးပြည်ရေး ရှုပ်ထွေး ပွေလီလာပါတယ်..။

### ( ၁၁၁၃ ခု နှစ်ဆန်းချိန်တွင် အင်းဝနေပြည်တော်ကို မွန်တို့ သိမ်းပိုက်လိုက်လေတော့သည်) ###

* အင်းဝမြို့တော်ကို မွန်တို့ သိမ်းပိုက်လိုက်တဲ့အချိန်မှာ ဦးအောင်ဇေယျဟာ မုဆိုးဘိုကို ကာကွယ်ဖို့ သူရဲကောင်း ၆၈ ယောက်ပါတဲ့ ရဲဘော် ၆ ကျိပ်ကို စတင်ဖွဲ့စည်းလိုက်ပါတယ်...။
ရှေးယခင် မင်းတရားတပင်ရွှေထီးလက်ထက်က မြင်းရည်တက် သူရဲကောင်း ၂၈ ယောက်ဖွဲ့စည်းခဲ့တဲ့ နမူနာအတိုင်း ဖြစ်ပါတယ်..။

* တောင်ငူခေတ်က တပင်ရွှေထီးတို့ သူရဲကောင်းရွေးနည်းမှာ---လက်ဖျားထိပ်ကို အပ်နဲ့ ထိုးစိုက်ပါတယ်..။ ရိုးရိုး ထိုးစိုက်တာမဟုတ်၊ တူနှင့် ရိုက်သွင်းတာ ဖြစ်ပါတယ်..။ အဲဒီလို ထိုးစိုက်နေစဉ် မအော်ရ၊ မငိုရ၊ မျက်နှာ မပျက်ရ၊တည်ငြိမ်သူ၊ ရဲရင့်သူမှ သူရဲကောင်းဖြစ်နိုင်ပါတယ်...။

* ရွှေဘိုက ဦးအောင်ဇေယျရဲ့ မြင်းရည်တက် ရွေးပုံရွေးနည်းမှာ---လူရဲ့ ရင်ဝကို ချိန်ထားတဲ့ လှံချွန်ကို အခြားတစ်ဦးက ကိုင်ထားရတယ်..။သူရဲကောင်းဖြစ်လိုသူက အဲဒီလှံချွန်ရှိရာကို ရင်ကော့ပြီး ပြေးဝင်လာရတယ်...။ကြောက်ရွံ့တဲ့ အမူအရာ လုံးဝ မရှိရ...။လှံသွားဆီကို အတင်းပြေးဝင်လာသူမှာ အသက်ကိုစွန့်ပြီး လုပ်ရပေမယ့် ကျွမ်းကျင်တဲ့ လှံကိုင်က လှံသွားနှင့်နီးလာရင် အမြန်ဖယ်ပေးရပါတယ်...။သူရဲကောင်းလောင်းအား သွေးစွန်းရင် လှံကိုင်ရဲ့ အပြစ်ဖြစ်တယ်..။
အဲဒီသတ္တိစမ်းပွဲ အောင်မြင်ပါမှ ရဲဘော် ၆ ကျိပ်မှာ ပါဝင်နိုင်တယ်...။

((ရဲဘော် ၆ ကျိပ်အမည်စာရင်းကို နောင်တွင် ဖော်ပြပါမည်... ဤကား စကားချပ်))

* "ဘို သုံးဘို၊ တစ်ဘို မင်းဖြစ်မည်" ဆိုတဲ့ တဘောင်စကား..။
(၁) မုဆိုးဘိုရွာမှ ဦးအောင်ဇေယျ၊
(၂) နဂါးဗိုလ်ရွာသား ရွှေနဂါး၊
(၃) အုတ်ဖိုနယ်မှ ကွေ့ကရင် ကုဏ္ဏအိမ်

* တဘောင်စကား "ဘို သုံးဘို"မှာ ပါဝင်တဲ့ ဗိုလ်နဂါးကို ဦးအောင်ဇေယျက သိမ်းသွင်းလိုတာကြောင့် သဝဏ်လွှာတစ်စောင် ပါးလိုက်ပုံမှာ-............
................................
...... အပိုင်း(၆) ဆက်လက်ဖော်ပြပါဦးမည်...။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...