Created on Thursday, 11 October 2013
အမေရိကန်နိုင်ငံရှိ Colgate-Palmolive ကုမ္ပဏီရုံးချုပ်ကို တွေ့ရစဉ် (photo:en.wikipedia)
အမေရိကန် အခြေစိုက် Colgate-Palmolive ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အတွက် လာရောက် ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါ ကုမ္ပဏီမှ Chief Compliance Councel Mr. John Shin နှင့်အဖွဲ့သည် အောက်တိုဘာ ၉ ရက် မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို လာရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
Colgate-Palmolive ကုမ္ပဏီသည် လူသုံးကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ကုန်ပစ္စည်းများကို အဓိက ထုတ်လုပ်ပြီး မြန်မာနိုင်ငံတွင်လည်း သုံးစွဲမှုများသည့် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် သုံးစွဲမှုများပြားသည့် ကုန်အမှတ်တံဆိပ်များ ထုတ်လုပ်လျက်ရှိပြီး နိုင်ငံပေါင်း ၂၀၀ ခန့်တွင် Colgate-Palmolive မှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို သုံးစွဲလျက်ရှိသည်။
အဆိုပါ ကုမ္ပဏီမှ ကမ္ဘာတစ်ဝန်းလုံးတွင် ရောင်းချသော ကုန်ပစ္စည်းများအပြင် နိုင်ငံတစ်ခုချင်းအလိုက် ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်းများလည်း ရှိသည်။ Colgate-Palmolive မှ ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်း အမှတ်တံဆိပ်ပေါင်း ၄၀ ကျော်ရှိပြီး ကမ္ဘာတစ်ဝန်းတွင် လူသိများသည့် ကုန်အမှတ်တံဆိပ် အချို့မှ Colgate၊ Palmolive၊ Mennen၊ Softsoap စသည်တို့ ဖြစ်သည်။
Colgate-Palmolive ကုမ္ပဏီကို ၁၈၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အခြေစိုက်ထားသည်။ အမေရိကန် နိုင်ငံအတွင်း စက်ရုံအများအပြား တည်ထောင်ထားပြီး နိုင်ငံပေါင်း ၇၀ ခန့်တွင် စက်ရုံများ တည်ထောင်ထားကာ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချ လျက်ရှိသည်။
၂၀၁၂ ခုနှစ်အတွင်း ၀င်ငွေ ၁၇ ဒသမ ၀၈၅ ဘီလျံ ရရှိခဲ့ပြီး အသားတင်ဝင်ငွေ ၂ ဒသမ ၄၇၂ ဘီလျံ ရရှိခဲ့သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံ တို့တွင်လည်း စက်ရုံများ တည်ထောင်ထားပြီး ယခုမြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန် လာရောက် ဆွေးနွေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတကာ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် အပြိုင်အဆိုင် ၀င်ရောက်လာခဲ့ပြီး အမေရိကန် အခြေစိုက် စားသောက်ကုန် ကုမ္ပဏီများဖြစ်သော Coca Cola၊ Pepsi၊ Unilever စသည့် ကုမ္ပဏီများ စက်ရုံတည်ထောင် ထားပြီးဖြစ်ကာ ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် လုပ်ငန်းဖြစ်သော Nestle သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမည် ဖြစ်ကြောင်း သတင်းရရှိသည်။
EMG

0 comments:
Post a Comment