Saturday, October 12, 2013

တောင်ငူမြို့တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

 Created on Saturday, 12 October 2013


ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဧည့်ရိပ်သာကို တာဝန်ရှိသူများနှင့် ဒေသခံများ ကြည့်ရှုနေစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် အောက်တိုဘာ ၁၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ငူမြို့၊ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦးအား တောင်ငူမြို့၊ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ပို့ကုသလျက် ရှိကြောင်း သိရသည်။

တောင်ငူမြို့၊ ချမ်းမြေ့ တည်းခိုရိပ်သာ အပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခန်းနံဘေး ပြတင်းပေါက် လိုက်ကာအတွင်းမှ အိတ်အ၀ါရောင် တစ်လုံးအား တွေ့ရှိ၍ ဖွင့်ကြည့်ရာမှ ယခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခန်းအမှတ် ၆ နှင့် ကပ်လျက် အခန်းတွင် တည်းခိုနေသူ တောင်ငူမြို့ မီးရထားရဲတပ်ဖွဲ့ တပ်ခွဲ (၁၀) မှ တပ်သား နေမျိုးကျော် ၂၉ နှစ် (ဘ) ဦးကျော်လွင်၊ ငှက်ပျောတောကျေးရွာ လယ်ဝေးမြို့သည် မယုယုခိုင် ၂၃ နှစ် (ဘ) ဦးသိန်းဝင်း၊ မငြိမ်းသီတာ ၂၇ နှစ် (ဘ)ဦးခင်မောင်သန်း ရွှေကန်သာ ၄ လမ်း၊ မြို့မ ၄ ရပ်ကွက်၊ ညောင်လေးပင်မြို့ နေသူတို့နှင့်အတူ စကားပြော နေကြစဉ် အခန်းနံဘေးရှိ ခန်းဆီးလိုက်ကာ အနီးမှ အိတ်အ၀ါရောင်တစ်လုံး တွေ့ရှိခဲ့ပြီး ၎င်းအိတ်အား နေမျိုးကျော်က ယူပြီးဖွင့်ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



တောင်ငူမြို့၊ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ချမ်းမြေ့ဧည့်ရိပ်သာ အခန်းအမှတ် (၆)၏ အပြင်ဘက်အား တွေ့ရစဉ်

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် နေမျိုးကျော်မှာ အခင်းဖြစ်ပွား နေရာတွင် ဗိုက်ပွင့်ထွက်ကာ သေဆုံးသွားခဲ့ပြီး မယုယုခိုင်နှင့် မငြိမ်းသီတာတို့ နှစ်ဦးအား တောင်ငူပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ယင်းနေ့ ည ၁၁ နာရီ မိနစ် ၂၀ တွင် မယုယုခိုင်မှာ အခင်းဖြစ်စဉ်က ရရှိခဲ့သော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

မငြိမ်းသီတာမှာ အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...