Saturday, October 12, 2013

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆု ဓာတုလက်နက် တားဆီးရေးအဖွဲ့ (OPCW) ရရှိ

 Created on Saturday, 12 October 2013


သည်ဟိဂ်ရှိ ဓာတုလက်နက် တားဆီးရေးအဖွဲ့ OPCW ရုံးချုပ်ကို သြဂုတ် ၃၁ ရက်က ရိုက်ကူးထားသည့်ဓာတ်ပုံ

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ကမ္ဘာတွင် ဓာတုလက်နက်များ ဖယ်ရှားရန် နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့သော ဓာတုလက်နက်များ တားဆီးရေးအဖွဲ့ (Organisation for the Prohibition of Chemical Weapons (OPCW)) ချီးမြှင့်ခံရကြောင်း ဆုရွေးချယ်ရေး ကော်မတီက အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

ဆီးရီးယား အကျပ်အတည်းကြောင့် မကြာသေးမီက ထင်ရှားလာခဲ့သော သည်ဟိဂ် အခြေစိုက် OPCW အဖွဲ့မှ လက်နက် စစ်ဆေးရေးမှူးများသည် ရုရှား၊ အမေရိကန်မှသည် အီရတ်၊ လစ်ဗျားထိ သွားရောက်၍ အန္တရာယ်ကြီးသော ဓာတုလက်နက်များ ဖျက်သိမ်းရေးကို ဆောင်ရွက်နေသည်။ 'ဓာတုလက်နက်များ ပပျောက်ရေး စွမ်းစွမ်းတမံ ကြိုးပမ်းမှုများအတွက်' ကုလကျောထောက် နောက်ခံပြု OPCW ကို ဂုဏ်ပြုခဲ့ခြင်း ဖြစ်ကြောင်း နိုဗယ်ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ သော်ယွန်းယာဂလန်က အံ့အားသင့်ဖွယ် ရွေးချယ်မှုကို ကြေညာရာတွင် ပြောကြားခဲ့သည်။

''ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ OPCW ဟာ လုပ်ငန်းတွေ အများကြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆီးရီးယားမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း အဖြစ်အပျက် တွေကြောင့် အဖွဲ့ကို လူတွေသိလာ ကြပါတယ်'' ဟု ဓာတုလက်နက်များ ကာကွယ်ရေး လန်ဒန်အခြေစိုက် အတိုင်ပင်ခံ အဖွဲ့တစ်ခုကို ဦးစီးနေသော အမေရိကန် ကြည်းတပ်ဓာတု လက်နက်တပ်ရင်းမှ အရာရှိဟောင်း တစ်ဦးဖြစ်သည့် ဒန်ကက်ဇီတာက ပြောကြားခဲ့သည်။

နိုဗယ်ငြိမ်းချမ်းရေးဆုကို မကြေညာမီ OPCW က ဆုရရှိရေးထက် ဆီးရီးယားရှိ လုပ်ငန်းများကိုသာ ပိုမိုအာရုံစိုက်လိုကြောင်း ပြောကြားခဲ့သည်။ OPCW အကြောင်း နယ်သာလန်နိုင်ငံ သည်ဟိဂ်တွင် အခြေစိုက်သော OPCW သည် ဓာတုလက်နက် ထိန်းချုပ်ရေး သဘောတူညီချက် (Chemical Weapons Convention) ကို အကောင်အထည်ဖော်သည့် အဖွဲ့ဖြစ်သည်။ ပထမကမ္ဘာစစ်တွင် ဓာတုလက်နက်များကို ပထမဆုံး စတင်အသုံးပြုခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် အီရတ်နိုင်ငံ ဟာလာဂျာ၌ အရပ်သားများကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ပါရီ၌ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် CWC ကို ရေးဆွဲခဲ့ကြပြီး ၁၉၉၇ ခုနှစ် ဧပြီ ၂၉ တွင် CWC စတင် အာဏာသက်ဝင်ခဲ့သည်။ လောလောဆယ်တွင် OPCW ၌ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ အားလုံးနီးပါး ပါဝင်သော အဖွဲ့ဝင် ၁၈၉ နိုင်ငံရှိ သည်။ ကမ္ဘာတွင် ကြေညာထားသော ဓာတုလက်နက်များ၏ ၈၁ ရာခိုင်နှုန်းခန့်ကို ကြီးကြပ်မှုဖြင့် ဖျက်ဆီးနေကြောင်း OPCW ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရပြီး ဆုရရှိရန် ရေပန်းစားနေခဲ့သည့် မာလာလာနှင့် ဆုရရှိရန် မြန်မာပြည်သူတို့ ခန့်မှန်းပြောဆို နေခဲ့ကြသည့် သမ္မတဦးသိန်းစိန်တို့မှာ ယခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုနှင့် လွဲချော်ခဲ့ကြရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...