Thursday, 07 November 2013
လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်သိမ်ကို တွေ့ရစဉ်
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းအရေးနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂ ရက်တွင်သပိတ်စခန်းကို ဖွင့်လှစ်လိုက်ပြီးနောက် နိုဝင်ဘာ ၅ ရက်တွင် လက်ပံတောင်းတောင် သပိတ်စခန်း ဒေသခံတောင်သူများက လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်းရှိ သာသနိက အဆောက်အအုံများကို လွတ်လပ်စွာ သွားရောက်ဖူးမြော်ခွင့်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
လက်ပံတောင်းတောင် ဧရိယာရှိ လယ်တီသိမ်ကို ကာကွယ်ရေးအတွက် လက်ပံတောင်းတောင် အနောက်တောင်ဘက် အင်ကြင်းတောင်တွင် သပိတ်စခန်းကို နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီမှ စတင်ကာ သပိတ်စခန်း ဖွင့်လှစ်ခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက်တွင် ဒေသခံများ လယ်တီသိမ် ကြည့်ရှုခွင့် ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း မိုင်းခွဲရာမှ လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းရှိ လယ်တီသိမ်ပျက် စီးထိခိုက်မှုရှိသည်ဟူသော သတင်းကြောင့် ဒေသခံများ သွားတားရာမှ နိုဝင်ဘာ ၂ ရက်တွင် လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တင်းမာမှုဖြစ်ပွားခဲ့ပြီး သံဃာတော်များနှင့် တောင်သူများက လယ်တီသိမ်အား ကြည့်ရှုစစ်ဆေးခွင့် တောင်းရာတွင် ဒေသအာဏာပိုင်များက ငြင်းပယ်လိုက်ပြီးနောက် ဒေသခံတောင်သူများက လက်ပံတောင်းတောင်အနီး လိပ်ခွံတောင် တောင်ဘက် ဆည်တည်းရွာဟောင်းအနီးတွင်ရှိသော အင်ကြင်းတောင်ပေါ်တွင် သပိတ်စခန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် သပိတ်စခန်းမှ တောင်သူများက အင်ကြင်းတောင်ပေါ်တွင် သာသနာ့အလံများ လွှင့်ထူကာ လယ်တီသိမ်နှင့် ပတ်သက်သော အကြောင်းများ လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်းရှိ သာသနိက အဆောက်အအုံများနှင့် ပတ်သက်သော အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
''နိုဝင်ဘာ ၅ ရက် နေ့ပိုင်းမှာ ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့တုန်းက မီးလောင်ဗုံးဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးဉာဏတိက္ခကိုယ်တိုင် ကြွရောက်လာပြီး
သာသနာ့အလံတွေ လာလှူဒါန်းသလို လာရောက်သြ၀ါဒပေးခဲ့ပါတယ်။ သပိတ်စခန်းဖွင့်တာ လေးရက် ငါးရက်လောက်ရှိပေမယ့် သိမ်နဲ့ပတ်သက်ပြီး ဘာမှ အကြောင်းမပြန်ပါဘူး။ ဒါကြောင့် လက်ပံတောင်းတောင် ၃၃ လုံးထဲမှာပါတဲ့ အင်ကြင်းတောင် သပိတ်စခန်းဆန္ဒပြသူတွေအနေနဲ့ ပထမဆုံးတောင်းဆိုထားတဲ့ လယ်တီ သိမ်ကြည့်ရှုခွင့်အပြင် လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းရှိ သာသနိက အဆောက်အအုံများကို လွတ်လပ်စွာ သွားရောက်ဖူးမြော်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘုရားဖူးဖို့ အာဏာပိုင်ဆီမှာ ခွင့်တောင်းရတယ်လို့ မကြားဖူးပါဘူး။ ဒါကြောင့် ဘုရားဖူးဖို့ အာဏာပိုင်ဆီမှာ ခွင့်ပြုမိန့်တောင်းရတာ အဓိပ္ပာယ်မရှိတဲ့အတွက် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်းက သာသနိက အဆောက်အအုံများကို လွတ်လပ်စွာ သွားရောက်ဖူးမြော်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်''ဟူ၍ လက်ပံတောင်းတောင်အရေးသပိတ်တွင် ဦးဆောင်ပါဝင်သူ ဆရာတော် ဦးသုက မိန့်ကြားခဲ့သည်။
''ဒီနေ့မှာတော့ လုံခြုံရေးတပ်တွေ အင်အားမပြတော့ဘဲ လှမ်း ပဲကြည့်နေပါတယ်။ ဖြေလျော့ရေးအဖွဲ့ ရောက်လာပေမယ့် သူတို့လည်း သိမ်ကို မိုင်းခွဲရာမှာ ထိခိုက်မှု ရှိမရှိကို မသိဘူးလို့ ပြောပါတယ်။ စစ်ကိုင်းမြို့နားမှာ လယ်တီသိမ်အတွက် လမ်းလျောက်ဆန္ဒပြတုန်းက တောင်းဆိုခဲ့တာကို သိမ်ကို မထိခိုက်စေရပါဘူးလို့ သူတို့ လက်မှတ်ထိုးခဲ့တာကို ချိုးဖောက်လိုက်တာပါပဲ။ ဖြေလျော့ရေးအဖွဲ့က ဘာလုပ်ပေးသလဲ ဆိုတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး''ဟု လက်ပံတောင်းတောင် လယ်တီသိမ်အရေးတွင် ဦးဆောင်ပါဝင်သော ဆရာတော်ဦးသုက ဆက်လက်မိန့်သည်။
EMG

0 comments:
Post a Comment