Saturday, November 9, 2013
ရန်ကုန်မြို့ရှိ ကားအရောင်းပြခန်း တစ်ခုအား တွေ့ရစဉ်
ဂျပန်အခြေစိုက် World Navi မြန်မာရုံးခွဲ အနေဖြင့် ကားအရောင်း ပြခန်းများနှင့် ချိတ်ဆက်ကာ လုပ်ငန်းလုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှ ကားဝယ်ယူမှု အော်ဒါများကို လက်ငင်းငွေချေ စနစ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း World Navi ၏ မြန်မာပြည် အရောင်းကိုယ်စားလှယ် ဦးသန်းလင်းအောင်၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံရှိ ကားအရောင်းပြခန်း အများစုဖြင့် ချိတ်ဆက်ထားပြီးဖြစ်ကာ ကားအရောင်း ပြခန်းများမှတစ်ဆင့် မှာယူမှုများကို လက်ခံကာ ဂျပန်ဈေးကွက်မှတစ်ဆင့် ပြန်လည်တင်သွင်း ပေးနေကြောင်း သိရသည်။
World Navi ကုမ္ပဏီကို ဂျပန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းချိတ်ဆက် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံအသီးသီးသို့ တစ်လလျှင် ကားအစီးရေ ၁၅၀၀ မှ ၂၀၀၀ အထိ တင်ပို့နေသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကားရောင်းဝယ်မှု ဈေးကွက်တွင် ၀င်ရောက် လုပ်ကိုင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ရုံးခွဲဖွင့်လှစ်ရန် လျှောက်ထားမှုကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''လက်ရှိလုပ်ကိုင် နေတာကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကားအရောင်းပြခန်းတွေနဲ့ ချိတ်ဆက်ပြီး မှာယူတဲ့ ကားတွေကို ဂျပန်ဈေးကွက်က တစ်ဆင့် ပြန်လည်တင်သွင်း ပေးပါတယ်။ မှာယူတဲ့သူတွေ အနေနဲ့ လေလံစနစ်နဲ့ ၀ယ်ယူရတာဖြစ်ပြီး လေလံအောင်တဲ့ ကားတွေအတွက် ဂျပန်က ကုမ္ပဏီဘက်မှာ ငွေအကျေ ချေပြီးမှ ကားကိုတင်သွင်း ပေးတာဖြစ်ပါတယ်'' ဟု World Navi ၏ မြန်မာပြည် အရောင်းကိုယ်စားလှယ်ဖြစ်သူ ဦးသန်းလင်းအောင်က ပြောကြားသည်။
World Navi ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ၌ ရုံးခွဲလာရောက် ဖွင့်လှစ်ထားရာတွင် ဂျပန်နိုင်ငံမှ ကားများကို အရောင်းပြခန်း ဖွင့်လှစ်ကာ လာရောက် ရောင်းချခြင်းမျိုး မဟုတ်ဘဲ ကားရောင်းဝယ်ရေး လုပ်ငန်းတွင် ၀န်ဆောင်မှု လုပ်ငန်းတစ်ခု အနေဖြင့် ၀င်ရောက်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။
EMG

0 comments:
Post a Comment