Saturday, December 21, 2013

လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီ အစည်းအဝေး ရန်ကုန်မြို့၌ ယနေ့ပြုလုပ်မည်


 Friday, 20 December 2013


ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်အား တွေ့ရစဉ်

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးအား ဒီဇင်ဘာ ၂၁ ရက်(ယနေ့)တွင် ရန်ကုန်မြို့၌ ပြုလုပ်မည် ဖြစ်ကြောင်း ကော်မတီဝင်များ၏ ပြောကြားချက်အရ သိရသည်။

ယခုပြုလုပ်မည့် အစည်းအဝေးတွင် မည်သည့် အကြောင်းအရာများ ဆွေးနွေးမည်ကိုမူ မသိရှိရသေးဘဲ အစည်းအဝေး ပြုလုပ်မှသာ အသေးစိတ် သိရှိရမည်ဖြစ်ပြီး မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးအား ဖော်ထုတ်ခဲ့သဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရသော တပ်မတော်အရာရှိ ဗိုလ်မှူးဝင်းနိုင်ကျော်၏ ကိစ္စရပ်အား ဆွေးနွေးမှု ပြုလုပ်မည်၊ မပြုလုပ်မည်ကိုလည်း မသိရှိရသေးကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ဆိုသည်။

အဆိုပါ အစည်းအဝေးတွင် လက်ရှိ ပုဒ်မ ၁၈ ကဲ့သို့သော နိုင်ငံရေးနှင့် ဆက်နွှယ်ထောင်ကျ နေသူများ ကိစ္စရပ်အား စိစစ်ဖွယ်ရှိပြီး RCSS/SSA ၏ တပ်မှူးတစ်ဦး အနေဖြင့် ဖမ်းဆီးခံခဲ့ရကာ သာယာဝတီ အကျဉ်းထောင်တွင် ထောင်ကျခံနေရသော ၁၉၉၁/၉၂ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) အဖွဲ့တွင်း၌ ဖြစ်ပွားခဲ့သော ကျောင်းသားရဲဘော် ၃၉ ဦးအား စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာညှဉ်းပန်း သတ်ဖြတ်ခဲ့မှုတွင် အဓိကတာဝန်ရှိသူ စာရင်းတွင် ပါဝင်သူ တစ်ဦးလည်းဖြစ်သူ သံချောင်း(ခေါ်)စ၀်ခွန်ကျော်၏ ကိစ္စရပ်ကိုလည်း ဆွေးနွေးဖွယ်ရှိသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများ တစ်ဦးတစ်ယောက်မျှ မရှိအောင် လုပ်ဆောင်မည်ဟု ပြောကြားထားသည့်အတိုင်း ဆိုပါက ယခုပြုလုပ်မည့် အစည်းအဝေးသည် နောက်ဆုံး အစည်းအဝေး ဖြစ်သော်လည်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအဖွဲ့ဝင် AAPP အဖွဲ့မှ ဦးဘိုကြည်က နောက်ဆုံးအစည်းအဝေး မဖြစ်နိုင်သေးကြောင်း ပြောကြားသည်။

''နောက်ဆုံး ဆိုတာမျိုးတော့ မဟုတ်သေးဘူး ထင်ပါတယ်။ ဒါပေမဲ့ အစည်းအဝေးကျမှပဲ ကျွန်တော်တို့ သေချာသိရမှာပေါ့။ မပြီးသေးဘူး ထင်ပါတယ်'' ဟု ဦးဘိုကြည်က ဆိုသည်။

ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်သည့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များအား နိုင်ငံရေး အကျဉ်းသားအဖြစ် ထည့်သွင်းစိစစ်ရန် ကော်မတီ အဖွဲ့ဝင်များအကြား သဘောကွဲလွဲမှုများ ရှိခဲ့ပြီး ၎င်းတို့အား ထည့်သွင်းခြင်း စိစစ်ခြင်း မရှိသော်လည်း ဆွေးနွေးမှုများ ရှိခဲ့ကာ နိုင်ငံရေး အကျဉ်းသား ခေါင်းစဉ်အောက်တွင် လွှတ်မည်ကို သဘောမတူဘဲ အခြားပုံစံ တစ်မျိုးမျိုးဖြင့် သမ္မတ၏ လုပ်ပိုင်ခွင့်အရ လွှတ်ပေးပါက ကန့်ကွက်ရန် မရှိကြောင်း ဦးဘိုကြည်က ဆက်လက် ပြောကြားသည်။

''လူသားချင်း စာနာတဲ့ ရှုထောင့်ကဖြစ်ဖြစ်၊ တခြားခေါင်းစဉ် အနေနဲ့လွှတ်ရင် မကန့်ကွက်ဘူး။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသား ခေါင်းစဉ်အောက်ကနေ မလွှတ်ဖို့ဘဲ ကျွန် တော်တို့က ပြောတာပါ'' ဟု ဦးဘိုကြည်က ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ၏ စိစစ်မှုဖြင့် လွှတ်မြောက်သွားသော နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ရှိပြီး ကော်မတီအဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့မှ စုစည်းထားသော စာရင်းများအရ နိုင်ငံရေးနှင့် ဆက်နွှယ်၍ လတ်တလော အမှုရင်ဆိုင် နေရသူ ၂၀၀ ကျော်ရှိကာ ယခင်အစိုးရ လက်ထက်နှင့် လက်ရှိအစိုးရ လက်ထက် နှစ်ခုပေါင်း ထောင်ကျနေသူ ၄၄ ဦးရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...