Thursday, December 19, 2013

ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၉၂ သန်းကျော်မြှုပ်နှံရန် ခွင့်ပြုချက် ရယူထားသော်လည်း သက်တမ်းကုန်ဆုံးမှုနှင့် လုပ်ငန်းဖျက်သိမ်းမှုများကြောင့် မြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၈၉ သန်းကျော်သာရှိ

Thursday, December 19, 2013



နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်ခဲ့သော သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်မှု စတင်ခြင်းအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-နီလာဦး)

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၂၉၂ သန်းကျော် ၀င်ရောက်မြှုပ်နှံရန် ခွင့်ပြုချက် ရယူထားသော်လည်း သက်တမ်းကုန်ဆုံးမှုနှင့် လုပ်ငန်းဖျက်သိမ်းမှုများကြောင့် လက်ရှိအချိန်တွင် မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၉ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ရန်အတွက် ခွင့်ပြုချက် ရယူခဲ့သည့် နိုင်ငံများတွင် ဂျပန်နိုင်ငံလည်း တစ်နိုင်ငံ အပါအ၀င်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်ခဲ့ရာ နှစ်ပေါင်းများစွာ ကြာရှည်လာသည်နှင့်အမျှ လုပ်ငန်းစီမံကိန်းများတွင် လုပ်ကိုင်ခွင့်သက်တမ်းပြည့်၍ ပြန်လည်ထွက်ခွာသွားသော လုပ်ငန်းများ၊ သက်တမ်းကုန်ဆုံးသည့် ကုမ္ပဏီများနှင့် လုပ်ငန်းအရှုံးပေါ်၍ ဖျက်သိမ်းသွားသော လုပ်ငန်းများကြောင့် ယင်းကဲ့သို့ လျော့နည်းသွားခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။

လုပ်ငန်းအားဖြင့် ဆိုပါက လုပ်ငန်းပေါင်း ၄၀ တွင် ၀င်ရောက်မြှုပ်နှံရန် ခွင့်ပြုချက် ရယူထားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းများအရ လုပ်ငန်းပေါင်း ၂၉ ခုသာ ၀င်ရောက်လုပ်ကိုင်မှုများ ရှိတော့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်၍ မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းဆိုင်ရာများ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးမေးမြန်းမှု အများဆုံးဖြစ်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ရာတွင် အလုံးအရင်းနှင့် ၀င်ရောက်မြှုပ်နှံခြင်း မရှိသေးဘဲ ဟောင်ကောင်၊ ဗြိတိန်၊ ကိုရီးယား၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ဆက်တိုက်ဝင်ရောက် မြှုပ်နှံမှုများ ပြုလုပ်ကာ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏထက် ပိုများကြောင်း သိရသည်။

JETRO (ရန်ကုန်)မှ Executive Managing Director ဖြစ်သူ Mr.Masaki Takahara က "ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အခြားနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ နည်းနေသေးတယ်။ နောက်ပိုင်းမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမှာပါ။ အခုလောလောဆယ်မှာတော့ ဂျပန်လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်နဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ အများဆုံး ၀င်ရောက်လုပ်ကိုင်နေပြီး အခြားကဏ္ဍတွေမှာလည်း ၀င်ရောက်မြှုပ်နှံဖို့အတွက် လေ့လာစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏအရ ရပ်တည်မှုအဆင့် ၁၁ နေရာတွင် ရပ်တည်နေပြီး နံပါတ် ၁ နေရာတွင် တရုတ်နိုင်ငံနှင့် နံပါတ် ၂ နေရာတွင် ထိုင်းနိုင်ငံတို့မှ မြှုပ်နှံမှုပမာဏ အများဆုံးဖြင့် ရပ်တည်နေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...