Friday, December 13, 2013

နိုင်ငံရေး ဆွေးနွေးပွဲများတွင် ချင်းနိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့် ချင်းအမျိုးသား ညီလာခံမှ သဘောတူညီသည့် မူဘောင်များကိုသာ အဓိကထား ဆွေးနွေးသွားမည်

Thursday, 12 December 2013


ဟားခါးမြို့တွင် ချင်းအမျိုးသား ညီလာခံကို နိုဝင်ဘာ ၁၂ ရက်က စတင်ကျင်းပစဉ် (ဓာတ်ပုံ-အောင်သူထွန်း)

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၊ တစ်နိုင်ငံလုံးရှိ နိုင်ငံရေး အဖွဲ့အစည်းများကြား ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ချင်းနိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသား ညီလာခံမှ သဘောတူညီသည့် မူဘောင်များကိုသာ အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ချင်းအမျိုးသား တပ်ဦးမှ ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

ဒေါက်တာရွှေခါးရ်က ''ကျွန်တော်တို့ အနေနဲ့ ချင်းနိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ချင်းအမျိုးသား ညီလာခံက သဘောတူညီမှု ရရှိထားတာတွေကိုပဲ အဓိကထား ဆွေးနွေးမယ်။ ဒါတွေက ချင်းလူမျိုးတွေရဲ့ လိုအပ်ချက်တွေနဲ့ သဘောတူညီချက်တွေ ဖြစ်တဲ့အတွက် ဒီဟာကိုပဲ အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဆွေးနွေးမယ့် မူဘောင်တွေလည်း အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမဲ့ အာမခံရှိတဲ့ ညှိနှိုင်းမှုတွေတော့ လိုမှာပေါ့ '' ဟု ပြောကြားသည်။

ချင်းအမျိုးသား ညီလာခံကို ချင်းပြည်နယ် ဟားခါးမြို့တွင် နိုဝင်ဘာ ၁၂ ရက် မှ ၁၅ ရက်အထိ ကျင်းပခဲ့ပြီး ဘုံသဘော တူညီချက် ၁၅၁ ချက်ရရှိခဲ့ကာ ၁၃ ချက်အား ချင်းအမျိုးသား ညီလာခံမှ ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့သည်။

ချင်းအမျိုးသား ညီလာခံ ကျင်းပရေး ကော်မတီမှ ညှိနှိုင်းရေးမှူး ဦးဆလိုင်း အိုက်ဇက်ခင်က'' ချင်းအမျိုးသား ညီလာခံက ရရှိတဲ့ အခြေခံမူတွေက ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ချင်းနိုင်ငံရေး အဖွဲ့အစည်းတွေ၊ ချင်းလူမှုရေး အဖွဲ့အစည်းတွေက နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ကိုင်စွဲသွားမယ့် မူဘောင်တွေ ဖြစ်ပါတယ်။ အဲ့ဒီမှာ ဆုံးဖြတ်သဘောတူချက် ၁၅၁ ချက်ရှိတယ်။ နိုင်ငံရေးမှာဆိုရင် သဘောတူညီချက် ကိုးခုရှိတယ်။ ဒါတွေက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဒီချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေး အဖွဲ့အစည်းတွေရော၊ ချင်းလူမှု အဖွဲ့အစည်းတွေကပါ နိုင်ငံတော် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ အဓိကကိုင်စွဲပြီး ဆွေးနွေးသွားမယ့် အချက်တွေပါ။ ပြီးတော့ အစိုးရကို ပူးပေါင်းခိုင်းဖို့ ဆိုတာထက် အစိုးရကို တိုက်ရိုက်ပြောရမယ့် ဟာတွေလည်း ရှိတယ်'' ဟု ဆိုသည်။

အဆိုပါ ချင်းအမျိုးသား ညီလာခံမှ နိုင်ငံရေး မူဘောင်များနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့သည့် ဘုံသဘော တူညီချက်ကိုးခုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပင်လုံကဲ့သို့ ညီလာခံကျင်းပ နိုင်ရေးနှင့် ပြည်ထောင်စုစာချုပ်ကို ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်နှင့် လက်မှတ်ရေးထိုးနိုင်ရေး စသည်တို့ ပါဝင်သည်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အစိုးရက ငြိမ်းချမ်းရေး မဟာဗျူဟာများအရ အဆင့်သုံးဆင့် သတ်မှတ်ထားပြီး ပထမအဆင့် အပစ်အခတ် ရပ်စဲရေး အပြီးတွင် ဒုတိယအဆင့် အနေဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ရာ ယင်းအတွက် ချင်းပြည်နယ်ရှိ နိုင်ငံရေး အဖွဲ့အစည်းများမှ ဆွေးနွေးသွားမည့် နိုင်ငံရေးဆိုင်ရာ အခြေခံမူဘောင်များအား ကြိုတင်ရေးဆွဲ ထားခြင်းဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...