Friday, December 13, 2013

ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ်များ

Friday, 13 December 2013




Written by ၀င်းနိုင်ထွန်း
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂစီမံချက် အသစ်ဖြစ်သော Action for Cooperation against Trafficking in Persons (ACTIP) ၏ ကာလသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဖြစ်သည်။ ထိုငါးနှစ် အစီအမံအသစ်ကို UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်က စီမံခန့်ခွဲသွားမည်ဖြစ်သည်။ထိုစီမံချက်အသစ်သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်ထိUNIAP (United Nation Inter-Agency Project) ၏ မဲခေါင်ဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်မှု အားကောင်းအောင် ဆောင်ရွက်ခဲသည့် အစီအမံ လုပ်ဆောင်ခဲ့မှုများပေါ် မူတည်ကာ ဆက်လက်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည့် အစီအစဉ်အသစ်ဖြစ်သည်။

အလားတူ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အခြားစီမံကိန်းများလည်းရှိနေသည်။လူကုန်ကူးမှုကို ထိရောက်စွာတိုက်ဖျက်ရန် တားဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် လူကုန်ကူးခံရသူများကို အကာအကွယ်ပေးခြင်းလုပ်ငန်း စသည့်ကဏ္ဍများ ကွဲပြားနေသည့်တိုင် ပေါင်းစည်းသည့် တုံ့ပြန်မှုများရှိရန် လိုအပ်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ
သြစတြေးလျ-အာရှ အစီအစဉ်

လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ သြစတြေးလျ-အာရှအစီအစဉ် (Australia-Asia Program to Combat Trafficking in Persons-AAPTIP) သည် ငါးနှစ်စီမံကိန်း ( ၂၀၁၃-၂၀၁၈) ဖြစ်သည်။ ထိုအစီအစဉ်သည် သြစတြေးလျ၏ ကိုးနှစ်တာ ဒေသတွင်းအတွေ့အကြုံများကို အခြေပြုကာ စီစဉ်ထားခြင်းဖြစ်သည်။ ထိုစီမံကိန်းသည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ တရားစွဲဆိုရေးတို့ကို အာရုံစိုက်ဆောင်ရွက်မည် ဖြစ်သည်။

ဒေသတွင်းအဆင့်တွင် လူကုန်ကူးမှု တိုက်ဖျက်ရန်အတွက် ထိရောက်သောပြစ်မှုတရားစီရင်ရေး တုံ့ပြန်မှုများကို အထောက်အကူပြုသည့် ဥပဒေပြုမူဘောင်များ ခိုင်မာစေရေး၊ လူကုန်ကူးအမှုများနှင့် စပ်လျဉ်းသည့် ဒေသတွင်း စုံစမ်းစစ်ဆေးရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်၊ မူဝါဒရေးဆွဲခြင်း နှင့် အဆုံးအဖြတ်ပေးခြင်း ကိစ္စတို့အတွက် အထောက်အထားကို အခြေခံသည့်မူများ ကျယ်ပြန့်စွာ ရှိစေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်။

နိုင်ငံတော်အဆင့်တွင် လူကုန်ကူးမှု တိုက်ဖျက်ရန် ထိရောက်သော ပြစ်မှုတရားစီရင်ရေး တုံ့ပြန်မှုပေးစွမ်းနိုင်သည့် ဥပဒေအရာရှိများ ပေါ်ပေါက်ရေး၊ လူကုန်ကူးအမှုများကို တရားမျှတစွာနှင့် လျင်မြန်စွာ အမိန့်ချမှတ်နိုင်ရေး၊ ပြစ်မှုတရားစီရင်ရေးလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ကျူးလွန်ခံရသူများအား အကူအညီအပြည့်အ၀ပေးရေး၊ လူကုန်ကူးမှုများကို ထိရောက်ပြီး တုံ့ပြန်မှုကောင်းသည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရေး စသည်တို့ကို အကောင်အထည်ဖော်ကြလိမ့်မည်။

၂၀၀၃ ခုနှစ်မှစကာ သြစတြေးလျနိုင်ငံသည် ထိုချဉ်းကပ်နည်းသုံးမျိုးဖြင့် ဆောင်ရွက်ခဲ့သည့် အစီအစဉ်ဖြစ်သည်။ သြစတြေးလျနိုင်ငံသည် လူကုန်ကူးမှုအပေါ် ပြစ်မှုဆိုင်ရာတရားစီရင်ရေးစနစ်ဖြင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ပံ့ပိုးပေးနေသည့် အလှူရှင်တစ်ဦးဖြစ်သည်။ အာရှဒေသဆိုင်ရာ လူကုန်ကူးမှုပူးပေါင်း တားဆီးရေးစီမံချက် (Asia Regional Cooperation to Prevent People Trafficking-ARCPPT, 2003-2006) ဖြင့် လည်းကောင်း၊ အာရှဒေသတွင်း လူကုန်ကူး မှုဆိုင်ရာစီမံချက် (Asia Regional Traffic-king in Persons Project- ARTIP, 2006-2012) ဖြင့်လည်းကောင်း ပံ့ပိုးကူညီပေးခဲ့သည်။

ထိုအစီအစဉ်သည် အာဆီယံအတွင်းရေးမှူးရုံး၊ ဒေသဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သီးခြားလက်တွဲဖော်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အားပံ့ပိုး ကူညီသွားမည်ဖြစ်သည်။ AAPTIP ၏ ရည်မှန်းချက်ပန်းတိုင်သည် အာဆီယံဒေသတွင်း လူကုန်ကူးမှုများ ပေါ်ပေါက်စေသည့် မက်လုံးများနှင့် အခွင့်အလမ်းများ လျှော့ချရန်အတွက်ဖြစ်သည်။

ဝေါလ်ဗွီးရှင်း၏ လူကုန်ကူးမှုအဆုံးသတ်ရေးစီမံကိန်း (World Vision's End Trafficking in Persons-ETIP)

ထိုစီမံကိန်းကာလသည် ငါးနှစ် (၂၀၁၁- ၂၀၁၅) ဖြစ်သည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် တိုက်ဖျက်ရမည့် နယ်ပယ်လေးခုရှိရာ ထိုအထဲမှ ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးသူများအား အကာအကွယ်ပေးရေးနှင့် မူဝါဒရေးရာ စသည့်နယ်ပယ်တို့ကို အဓိကအကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည်။ မဲခေါင်ဒေသတွင်းရှိ လူကုန်ကူးမှု ပြဿနာများ လျော့ပါးစေရန် ရည်ရွယ်သည်။ ထို့အပြင် လူကုန်ကူးခံရသူများကို လူ့အသိုင်းအ၀ိုင်းသို့ ပြန်လည်ပေါင်းစည်းရေးနှင့် အစိုးရများ၏ လူကုန်ကူးခံရသူများအပေါ် ကာကွယ်စောင့်ရှောက်ရေး မူဝါဒများကိုပါ တိုးတက်ဖြစ်ထွန်းရန် နည်းပညာပိုင်းဆိုင်ရာ အကြံပြုလုပ်ဆောင်ပေးနေသည်။

မဲခေါင်ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများအပေါ် လုပ်အားခေါင်းပုံဖြတ်မှုမှ အကာအကွယ်ပေးသည့်စီမံချက် (The Tripartite Action to Protect Migrants Workers in the Grater Mekong Sub-region from Labour Explo-itation-the GMS TRIANGLE Project)

ထိုစီမံကိန်းသည် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်အဖွဲ့အစည်းနှင့် အစိုးရတို့ သုံးဦးသုံးဖလှယ်ပူးပေါင်းကာ ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားအား အကာအကွယ်ပေးရန် ရည်ရွယ်လုပ်ဆောင်နေသည်။ စီမံကိန်းကာလသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်ထိဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများ စုဆောင်းခြင်း၊ အကာအကွယ်ပေးခြင်းတို့ဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် မူဝါဒကောင်းများ ဖော်ထုတ်ကာလုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာရာမှ သိက္ခာရှိသော အလုပ်အကိုင်ရရှိစေရေးတို့အတွက် ရည်ရွယ်သည်။ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ထိုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ မူဝါဒနှင့်ဥပဒေများအား ကောင်းလာစေရန်၊ သက်ဆိုင်သူများအားလုံး အရည်အသွေးများ မြင့်မားစေရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများအား အကူအညီပေးရန်တို့ကို ဦးတည်ဆောင်ရွက်နေသည်။

အာဆီယံ သုံးပွင့်ဆိုင်စီမံကိန်း (The ASEAN TRIANGLE Project )

ထိုစီမံကိန်းသည် အာဆီယံဒေသတွင်း ရွှေ့ပြောင်းသွားလာသူများ တရားဝင်စေရန်၊ လုံခြုံစိတ်ချမှုရှိစေရန်နှင့် အကာအကွယ်ပေးမှုများ တိုးမြှင့်ပေးရန်တို့ကို ဆောင်ရွက်ရင်း ရွှေ့ပြောင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှုများ သိသိသာသာ လျော့ကျစေရေးအတွက်ရည်ရွယ်ကာ လုပ်ဆောင်နေသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံ တို့တွင် ထိုစီမံချက်အား အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။ ထိုစီမံချက်၏ ရည်မှန်းချက်များသည် အာဆီယံအလုပ်သမားဝန်ကြီးများ၏ လုပ်ငန်းအစီအမံများ ချမှတ်ထားသော မဟာဗျူဟာမြောက်ဦးစားပေး အစီအစဉ်များ (၂၀၁၀-၂၀၁၅) နှင့် ထပ်တူထပ်မျှ ဖြစ်သည်။

MTV Exit

ထိုအစီအစဉ်သည် အရှေ့အာရှနိုင်ငံများမှ လူငယ်များအား လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးရန် အတွက်ရည်ရွယ်သည်။ အသိပညာပေးရာတွင် ဖျော်ဖြေပွဲများ၊ အသံလွှင့်ဌာနများ၊ ကြော်ငြာခြင်းများ၊ မှတ်တမ်းတင်ရုပ်သံလွှင့်မှုများ၊ လူထုဆက်သွယ်ရေးကဏ္ဍ၊ ပြန်ကြားရေးကဏ္ဍ စသည့် နည်းလမ်းမျိုးစုံဖြင့် အသိပညာပေးလျက်ရှိသည်။

အထက်ဖော်ပြပါ စီမံကိန်းများအပြင် IOM's Global Assistance Fund (GAF) နှင့် IOM's Voluntary Return Support and Reintegration Assistance for Bali Process Member States (AVRR) Project တို့သည် လည်း ဒေသတွင်းမှ လူကုန်ကူးခံရသူများကို အကူအညီပေးခြင်း၊ အကာအကွယ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များသာမက ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာမှုများဆိုင်ရာ ကိစ္စရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြသည်။

ရွှေ့ပြောင်းသွားလာသူများထဲတွင် အလုပ်အကိုင် သွားရောက်ရှာဖွေကြသူများ သာမက ဒုက္ခသည်များ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြသူများနှင့် နိုင်ငံမဲ့သူများတို့ပါဝင်ကြသည်။ အရှေ့အာရှဒေသထဲမှ မဲခေါင်ဒေသတွင် ဖြစ်ပေါ်နေသော ရွှေ့ပြောင်းသွားလာမှုနှင့် လူကုန်ကူးမှု၏ပုံစံ၊ ဖြစ်ပျက်ပုံချင်း တူညီကြသည်ကိုတွေ့ရှိရသည်။အရှေ့တောင်အာရှဒေသမှ ရွှေ့ပြောင်းသွားလာသူ အားလုံး ၏ ရာခိုင်နှုန်း ၃၀-၄၀ သည် အထောက်အထားမဲ့သူများနှင့် တရားမ၀င်သွားလာကြသူများဖြစ်ကြသည်။ တရားမ၀င် ရွှေ့ပြောင်းသွားလာမှု အများစုသည် မလေးရှားနှင့် ထိုင်းနိုင်ငံတို့ဆီသို့ ဦးတည်သွားလာနေကြသည်။ ၎င်းင်းနိုင်ငံများသည် ရွှေ့ပြောင်းသွားလာသူများ၏ ခရီးဆုံးနိုင်ငံများဖြစ်နေသည်။ ရွှေ့ပြောင်းသွားလာသူ သုံးသန်းခန့်ရှိမည်ဟု သုတေသီများက ခန့်မှန်းထားကြသည်။ ရွှေ့ပြောင်းသွားလာမှုနှင့် လူကုန်ကူးမှုဖြစ်ပွားမှု တို့ ဆက်စပ်၍လည်း ဒေသတွင်း စီမံကိန်းများ ချမှတ်ဆောင်ရွက်နေကြခြင်းဖြစ်သည်။လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ကြသည့်အခါ ထိုနယ်ပယ်နှစ်ခု မည်သို့မည်ပုံ ဆက်စပ်မှု ရှိနေသည်ကိုပါ ထည့်သွင်းစဉ်းစားဆောင် ရွက်ရန်လိုသည်ကို တွေ့ရပေသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...