Tuesday, December 24, 2013

ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင် အသုံးပြုမည့် ဘက်စုံသုံး သင်္ဘောနှစ်စီး တည်ဆောက်မှု ၂၀၁၄ မေလတွင် ပြီးစီးမည်

 Tuesday, 24 December 2013

ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်း တိုးချဲ့တည်ဆောက် နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်(စစ်တွေ))

ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း၌ တည်ဆောက်နေသည့် ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင် အသုံးပြုမည့် ဘက်စုံသုံး သင်္ဘောနှစ်စီး တည်ဆောက်မှုသည် ၂၀၁၄ မေလတွင် ပြီးစီးမည် ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းမှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးမြတ်သူ၏ ပြောကြားချက်အရ သိရပါသည်။

''အခုလက်ရှိကတော့ သင်္ဘောကိုယ်ထည် တည်ဆောက်မှုက ပြီးသလောက် ရှိနေပါပြီ။ လာမည့် ၂၀၁၄ မေလလောက် ဆိုရင်တော့ သင်္ဘောနှစ်စီးလုံးရဲ့ တည်ဆောက်မှုတွေ ပြီးစီးနိုင်မှာပါ'' ဟု ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းမှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးမြတ်သူက ပြောကြားခဲ့သည်။

ကုလားတန်မြစ်ကြောင်း စီမံကိန်းအတွက် အိန္ဒိယနိုင်ငံမှ တန်ချိန် ၃၀၀ ရှိ မြစ်တွင်းသွား သင်္ဘောခြောက်စင်းအား ပေးအပ်ခဲ့သည်။ အဆိုပါ သင်္ဘောများအား ဒလသင်္ဘောကျင်း၌ နှစ်စင်း၊ ဒေါပုံသင်္ဘောကျင်း၌ နှစ်စင်းနှင့် ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း၌ နှစ်စင်း တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်းတွင် စစ်တွေမှ အိန္ဒိယနယ်စပ်အထိ ကားလမ်း ၁၂၂ ကီလိုမီတာ၊ ရေလမ်း ၁၅၈ ကီလိုမီတာ ပါဝင်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် တံတားပိုင်း တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကာ၊ ၂၀၁၆ ခုနှစ်တွင် လမ်းပိုင်း တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမည်ဟု သိရသည်။

အခုလက်ရှိကတော့ သင်္ဘောကိုယ်ထည် တည်ဆောက်မှုက ပြီးသလောက် ရှိနေပါပြီ။ လာမည့် ၂၀၁၄ မေလလောက် ဆိုရင်တော့ သင်္ဘောနှစ်စီးလုံးရဲ့ တည်ဆောက်မှုတွေ ပြီးစီးနိုင်မှာပါ...

အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပါက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြီးပိုင်လွှဲအပ် ပေးသွားမည်ဖြစ်ကာ မြန်မာနိုင်ငံမှ အုပ်ချုပ်မှု ပိုင်းကိုသာ တာဝန်ယူရမည်ဟု သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးငွေ အနေဖြင့် စစ်တွေဆိပ်ကမ်းနှင့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၇၄ သန်းခန့်၊ ပလက်ဝမှ မြန်မာအိန္ဒိယ နယ်စပ်အထိ အဝေးပြေးလမ်း ဖောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၁၄၀ သန်းခန့်နှင့် စုစုပေါင်း ဒေါ်လာ ၂၁၄ သန်းခန့် ကုန်ကျခံ တည်ဆောက်မည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်း လုပ်ငန်းတွင် ပါဝင်မည့် အဓိက အချက်များမှာ စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၆၀၀၀ ရေယာဉ်များ ၀င်ထွက်ဆိုက်ကပ် နိုင်ရန်အတွက် လုံလောက်သော ရေအနက်ရရန် သောင်တူးခြင်း၊ စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၂၀၀၀၀ ရေယာဉ် ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း တည်ဆောက်ခြင်း၊ ပလက်ဝမှ မြန်မာ-အိန္ဒိယ နယ်စပ်အထိ အဝေးပြေး မော်တော်ကားလမ်း ဖောက်လုပ်ခြင်းနှင့် စစ်တွေမှ ပလက်ဝအထိ ကုလားတန် မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြ အမှတ်အသားများ ချမှတ်ခြင်း စသည့်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...