Saturday, January 4, 2014

မြန်မာတစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်းခြောက်သောင်းကျော် ရှိသည့်အနက် နှစ်သောင်းကျော်မှာ သောက်သုံးရေ လုံလောက်စွာ မရရှိသေး

Saturday, January 4, 2014


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ပေပင်ကုန်းကျေးရွာတွင် သောက်ရေခပ်နေသူများအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ဇော်ထွန်း)


မြန်မာတစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း ၆၀၀၀၀ ကျော်ရှိသည့်အနက် ၂၀၀၀၀ ကျော်မှာ သောက်သုံးရေ လုံလောက်စွာ မရရှိသေးကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောကြားသည်။

နိုင်ငံတစ်ဝန်းလုံးရှိ သောက်သုံးရေလုံလောက်စွာ မရရှိသေးသည့် ကျေးရွာများတွင် ရေတွင်းများတူးပေးခြင်း၊ မိုးရေလှောင်ကန်များ တူးပေးခြင်း၊ ရေကန်ဟောင်းတွေကို ပြန်လည်တူးဖော်ပေးခြင်းတို့ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနအပါအ၀င် အခြားနိုင်ငံတကာ အကူအညီများနှင့် ပြည်တွင်းအလှူရှင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဦးမြင့်ဦးက ဆက်လက်ပြောကြားသည်။

“သောက်သုံးရေ လုံလောက်စွာမရရှိတဲ့ ကျေးရွာပေါင်း ၂၀၀၀၀ ကျော်လောက် ရှိပါသေးတယ်။ ကျွန်တော်တို့ ဘတ်ဂျတ်တင်ထားပြီး ရေလုံလောက်စွာရဖို့ ဆောင်ရွက်နေပါတယ်။ ပြည်ထောင်စုအစိုးရကို ဘတ်ဂျတ်တင်ထားတယ်။ ကျေးရွာအများစုက သောက်ရေလုံလောက်စွာ မရကြဘူး ဖြစ်နေတယ်။ အပူပိုင်းဇုန် ဒေသတွေမှာဆိုရင် ရေတွင်းအနက်ကြီးတူးမှ ရေရတာတယ်ဆိုတော့ ကျေးရွာနေလူထုက မတူးနိုင်ကြဘူး” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောကြားသည်။

အပူပိုင်းဇုန်ဒေသရှိ ကျေးရွာအများစုမှာ နွေရာသီတွင် သောက်သုံးရေရှားပါးမှုဒဏ်ကို နှစ်စဉ်လိုခံနေရကြောင်း သိရသည်။

“အရင်နှစ်တွေတုန်းက သောက်သုံးရေ အရမ်းရှားတယ်။ ရေဖို့အတွက် တစ်မိုင်ခွဲလောက် သွားရတယ်။ နောက်ရေတစ်စည်ကိုလည်း အနည်းဆုံး ငွေကျပ် ၁၁၀၀၀ လောက်ပေးရတယ်။ ဒါပေမဲ့ သက်ဆိုင်ရာက ကျွန်တော်တို့ရွာမှာ ပြီးခဲ့နှစ်က ရေတွင်းတူးပေးတယ်။ တစ်ရွာလုံးသုံးဖို့တော့ လုံလောက်တယ်လို့တော့ ပြောလို့ရတယ်။ ချောက်မြို့နယ်အတွင်းမှာ သောက်ရေလုံလုံလောက်လောက် မရရှိသေးတဲ့ရွာတွေ အများကြီး ပါသေးတယ်။ နွေရာသီဆိုရင် ရေမရှိလို့ တော်တော်ဒုက္ခရောက်ကြတယ်” ဟု မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်းရှိ ပေပင်ကုန်းကျေးရွာမှ ကိုအောင်ဇော်က ပြောကြားသည်။

ဆက်လက်ပြီး နွေရာသီတွင် သောက်သုံးရေကို ငွေဖြင့်ပေးဝယ်နေရပြီး ကျေးရွာအတွင်းရှိ ရေကန်မှာလည်း ကောနေသည့်အတွက် သောက်ရေလုံလုံလောက်လောက် မသိုလှောင်နိုင်ကြောင်း၊ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်လို ခံနေသည်ဟု မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အတွင်းရှိ ချောက်ကြားကျေးရွာမှ ဦးကောက်ရကဆိုသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...