Saturday, January 4, 2014

ဒီဇင်ဘာ နောက်ဆုံးပတ်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံကျော် ရှိလာပြီး ယခင်နှစ် ကာလတူကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့


Saturday, January 4, 2014


မြ၀တီနယ်စပ် ကုန်သွယ်ရေး (သွင်းကုန်ဝန်း) ရှိ ကုန်ပစ္စည်း တင်သွင်းလာသည့် ကားများအားတွေ့ရစဉ် (ဓာတ်ပုံ-အငယ်ထွေး)


၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာတတိယပတ်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံကျော်ရှိလာပြီး ယခင်နှစ် ကာလတူကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၇၃၆ ဒသမ ၈၇၄ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် ၂၀၁၂-၂၀၁၃ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၂၁၁ ဒသမ ၂၅၈ သန်းသာ ရှိခဲ့သည်။

ထို့အတွက်ကြောင့် ယခုနှစ် ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၄၅၂၅ ဒသမ ၆၁၆ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကျွန်းသစ်၊ သစ်မာ၊ သတ္တုရိုင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ချုပ်ပြီးအထည်များကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘယ်လ်ဂျီယမ်၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ စပိန်၊ ထိုင်း၊ ယူကေ၊ အမေရိကန်၊ ဗီယက်နမ် စသည့်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နို့နှင့် နို့ထွက်ပစ္စည်း၊ စားအုန်းဆီ၊ ဆေးဝါးများ၊ ဘိလပ်မြေ၊ လုပ်ငန်းသုံး ဓာတုပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စက်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ စက္ကူများ၊ ပလတ်စတစ် ထုတ်ကုန်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံးပစ္စည်းများကို တရုတ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန်နိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှုပြုနိုင်ရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် သုံးလခန့်သာ လိုတော့သည့်အချိန်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၇၃၆ ဒသမ ၈၇၄ သန်းသာရှိနေပြီး လျာထားချက်ပြည့်မီရန် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော် လိုနေကြောင်း သိရသည်။ -

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...